(င)-ကယားပြည်နယ်အတွင်းရှိ လမ်းများကောင်းမွန်ရန် ပြည်ထောင်စုအစိုးရမှ ရန်ပုံငွေများ ပိုမိုချထား ပေးနိုင်ခြင်းရှိ၊ မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

 

ကယားပြည်နယ်အတွင်းရှိ ဆက်သွယ်သွားလာနေသော လမ်းများဟာ ပြည်ထောင်စုအစိုးရမှ နှစ်စဉ် ပြင်ဆင်ထိန်းသိမ်းစရိတ်များဖြင့် ပြင်ဆင်ပေးနေသော်လည်းပဲ သတ်မှတ်ရန်ပုံငွေ နည်းပါးခြင်း၊ မိုးရွာသွန်းမှု များပြားခြင်း၊ လုံခြုံရေးစိတ်မချရခြင်းနှင့် ပြင်ဆင်ပြီးအပိုင်းများကို သတ်မှတ်စံချိန်စံညွှန်း နှင့်ကိုက်ညီမှုရှိ၊ မရှိ ပြန်လည်စစ်ဆေးမှု အားနည်းခြင်းစတဲ့ အကြောင်းအမျိုးမျိုးကြောင့် ကောင်းတဲ့ အပိုင်းကနည်းပြီး ချို့ယွင်းပျက်စီးတဲ့အပိုင်းက များပြားနေတာကို တွေ့ရှိရပါတယ်။ ဥပမာအားဖြင့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးရဲ့ ၂၈-၃-၂၀၁၁ အစီအစဉ်မှာ ဆောက်လုပ်ရေး ဝန်ကြီး ကိုယ်တိုင်ဖြေကြားသွားတာကတော့ ဖာဆောင်းမြို့နယ်မှ မဲ့စဲ့၊ နမ့်မံမြို့နယ်အထိ မိုင် ၄၀ မှာ ကတ္တရာခင်းရန် ၃ မိုင်သာကျန်ရှိကြောင်း ဖြေဆိုသွားပါတယ်။ ဒါပြောင်းပြန် ဖြစ်ပါတယ်။ လက်ရှိ အမှန်တရားကတော့ ဖာဆောင်းမြို့မှအထွက် ကတ္တရာ ၂ မိုင်ခန့်နှင့် မဲ့စဲ့မြို့အဝင်မြို့တွင်း ၁ မိုင်ခန့်သာ ကတ္တရာလမ်းဖြစ်ပြီး ယနေ့မှာ အဆိုပါလမ်းတွေဟာလည်း ပြန်လည်ပျက်စီးနေပြီ ဖြစ်ကြောင်းပါ ခင်ဗျား။ သို့ဖြစ်ပါ၍ ကယားပြည်နယ်အတွင်းရှိ လမ်းများကောင်းမွန်ရန် ပြည်ထောင်စုအစိုးရမှ ရန်ပုံငွေများ ပိုမိုချထားပေးနိုင်ခြင်းရှိ/မရှိနှင့် ပြည်နယ်အစိုးရမှ တာဝန်ယူဆောင်ရွက်ရမယ့် လမ်းအပိုင်း ၁၁ လမ်းကို ဗဟိုအစိုးရမှ ကနဦးပြင်ဆင်ဆောင်ရွက်ပြီး မြောက်မှသာ ပြည်နယ်အစိုးရလက်သို့ လွှဲပြောင်းပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးတင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကယားပြည်နယ်အတွင်းမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူတဲ့ လမ်းများမှာ ပြည်ထောင်စုအစိုးရမှ စီမံခန့်ခွဲတဲ့လမ်း ၈ လမ်း၊ လမ်းမိုင်ပေါင်း ၃၃၄ မိုင်နဲ့ ၃ ဖာလုံ ရှိပါတယ်။ ပြည်နယ်အစိုးရမှ စီမံခန့်ခွဲတဲ့လမ်း ၁၁ လမ်း၊ လမ်းမိုင်အရှည် ၁၆၅ မိုင် ၅ ဖာလုံ ဖြစ်ပါတယ်။ ယခုတင်ပြတဲ့ ဖာဆောင်း-မဲ့စဲ့-နမ့်မံလမ်းဟာ ပြည်ထောင်စုအစိုးရအဖွဲ့မှ တာဝန်ယူဆောင်ရွက် လျက်ရှိတဲ့ လမ်းအပိုင်းဖြစ်ပါတယ်။ ၃၁-၃-၂၀၁၁ ရက်နေ့အထိ လမ်းအခြေအနေကတော့ ကတ္တရာလမ်း ၁ မိုင် ၄ ဖာလုံ၊ ကျောက်ချောလမ်း ၅ မိုင် ၁ ဖာလုံ၊ အမာခံလမ်း ၃၀ မိုင် ၃ ဖာလုံ ၊ မြေလမ်း ၃မိုင်၊ စုစုပေါင်း ၄၀ မိုင်ဖြစ်ပါတယ်။ ကတ္တရာလမ်း ၃ မိုင်သာကျန်ရှိခြင်းမဟုတ်ဘဲ မြေလမ်း ၃ မိုင်သာ ကျန်တဲ့အတွက် မြေလမ်း ၃ မိုင်ကို အမာခံလမ်း အဆင့် တိုးမြှင့်ဆောင်ရွက်ပြီးပါက ရာသီမရွေးသွားလာနိုင်တဲ့လမ်းအဆင့် ရောက်ရှိမှာ ဖြစ်ကြောင်း ပြီးစီးခဲ့တဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးမှာ  ဖြေကြားခဲ့ခြင်း ဖြစ်ပါတယ်။ အဆိုပါလမ်းကို ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ ကတ္တရာလမ်း ၁ မိုင် ၂ ဖာလုံ၊ ကျောက်ချောလမ်း    ၃၁/၂ ဖာလုံတို့ကို တိုးတက်အောင်ဆောင်ရွက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ကယားပြည်နယ်အတွင်းမှာရှိတဲ့ ပြည်ထောင်စု အစိုးရ စီမံခန့်ခွဲတဲ့လမ်း ၈ လမ်းအတွက် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၈၆၃ သန်းနဲ့ ပြင်ဆင်ထိန်းသိမ်းရေး ရန်ပုံငွေကျပ် ၁၅၁ သန်း၊ စုစုပေါင်းကျပ် ၁၀၁၄ သန်းနှင့် (၁) တောင်ငူ- လိပ်သို- ယာဒို- လွိုင်ကော် - ဟိုပုံးလမ်း (၂) တောင်ငူ- မော်ချီး- လွိုင်ကော်လမ်း (၃) ဘောလခဲ- ရွာသစ်- စွပ်ပိုင်လမ်း (၄) ဖာဆောင်း- မဲ့စဲ့-နမ့်မံ လမ်းစတဲ့ လမ်း ၄လမ်းကို ပွင့်လင်းရာသီမှာ ငွေလုံးငွေရင်းရန်ပုံငွေများ အသုံးပြုပြီးတော့ တိုးတက် ပြုပြင်ဆောင်ရွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရန်လျာထားပါတယ်။ ဒီအထဲမှာ ဖာဆောင်း- မဲ့စဲ့-နမ့်မံလမ်းမှာ ကျန်ရှိတဲ့ မြေလမ်း ၃ မိုင်ကို အမာခံလမ်းအဆင့် တိုးတက်ဆောင်ရွက်သွားမယ့် လုပ်ငန်းလည်း ပါဝင်မှာဖြစ်ပါတယ်။ ကျန်ရှိတဲ့ ပြည်ထောင်စုလမ်းများကိုတော့  ပြင်ဆင်ထိန်းသိမ်း ခြင်း လုပ်ငန်းများသာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကယားပြည်နယ် အစိုးရအဖွဲ့ရဲ့ စီမံခန့်ခွဲတဲ့ လမ်းပိုင်း ၁၁ လမ်းကိုတော့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ပြည်နယ်အစိုးရရဲ့ ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၂၀၄ သန်း၊ ပြင်ဆင်ထိန်းသိမ်းရေး ရန်ပုံငွေကျပ် သန်း ၁၅၀၀ ၊ စုစုပေါင်း ကျပ် ၁၇၀၄ သန်းနဲ့ ဆောင်ရွက်မယ့် လုပ်ငန်းများကတော့ လွိုင်ကော်-မြို့သစ်လမ်း၊ ဒီမောဆို-နန်းဖယ်ခုံ-မိုးဗြဲလမ်း၊ ဒီမောဆို-ဒေါတမ-ဒေါ်ညေးခူလမ်း၊ ဖရူဆို-မူဆို-ဟိုယာလမ်း ၄ လမ်းကို ပွင့်လင်းရာသီမှာ တိုးတက် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မှာဖြစ်ပြီးတော့ ကျန်ရှိတဲ့လမ်း ၇ လမ်းကိုတော့ ပြင်ဆင်ထိန်း သိမ်းခြင်းရန်ပုံငွေများ အသုံးပြုပြီးတော့ ထိန်းသိမ်းဆောင်ရွက်သွားရန် စီစဉ်ထားလျက်ရှိပါတယ်။

ကယားပြည်နယ်အတွင်းမှာ လမ်းများကောင်းမွန်စေရန် ပြည်ထောင်စုအစိုးရမှ စီမံခန့်ခွဲတဲ့လမ်း ၈ လမ်းအတွက် ရန်ပုံငွေစုစုပေါင်း ၁၀၁၄ သန်းနှင့်လည်းကောင်း၊ ကျန် လမ်း ၁၁ လမ်းကို ပြည်နယ်အစိုးရအဖွဲ့မှ ရန်ပုံငွေကျပ် ၁၇၀၄ သန်းဖြင့်လည်းကောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှပင် တာဝန်ယူ ဆောင်ရွက်လျက်ရှိတဲ့အတွက် ပြည်နယ်အစိုးရမှ စီမံခန့်ခွဲမည့်လမ်း ၁၁ လမ်းကို ဗဟိုအစိုးရမှ ကနဦး ပြင်ဆင်ဆောင်ရွက်ပြီးမှသာ ပြည်နယ်အစိုးရလက်သို့ လွှဲပြောင်းပေးရန် မလိုအပ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။