Skip to main content

ကျောက်ဖြူမြို့ မြစ်ကမ်းခြေကို မြေထိန်းနံရံများဖြင့်ကာရံထားသော်လည်း မြစ်ထိန်းနံရံကို ကျော်လွန်ပြီးမြစ်ထဲတွင် ဦးဘရှိန် (ကျောက်ဖြူ)အဆောက်အဦများ ဆောက်လုပ်နေကြပါကြောင်း၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ အနေဖြင့် ထိုသို့ ဆောက်လုပ်ခွင့်ပေးခြင်းသည် ဥပဒေနှင့်အညီ လုပ်ပိုင်ခွင့်ရှိခြင်းကြောင့် ခွင့်ပြုနေခြင်းဟုတ်/ မဟုတ်ကို လည်းကောင်း၊ လုပ်ပိုင်ခွင့်ရှိသည်ဆိုပါကလည်း စနစ်တကျဖြစ်စေရန်အတွက်ကို ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ယခုကဲ့သို့ စည်းကမ်းမဲ့လုပ်ကိုင် ဆောင်ရွက်နေခြင်းများသည်  အန္တရာယ်များပါကြောင်း၊ ထို့ကြောင့် (၁)ကျောက်ဖြူမြို့၏ မြစ်ကမ်းပါး မြေထိန်းနံရံများကို မည်သည့် ဌာနက ထိန်းသိမ်းစောင့်ရှောက်သည်ကို လည်းကောင်း၊ (၂) ကျောက်ဖြူမြို့၏ မြစ်ကမ်းပါး မြေထိန်းနံရံ အပြင်ဘက် မြစ်ကမ်းခြေကို မည်သည့်ဌာနမှ စီမံခန့်ခွဲပိုင်ခွင့်ရှိသည်ကိုလည်းကောင်း၊ (၃) ကျောက်ဖြူမြို့ ၏ မြစ်ကမ်းပါး မြေထိန်းနံရံအပြင်ဖက် မြစ်ကမ်းခြေများကို တစ်စုံတစ်ဦးအား အသုံးပြုရန် မည်သူက မည်သည့်ဥပဒေ၊ နည်းလမ်းများဖြင့် ခွင့်ပြုနိုင်သည်ကိုလည်းကောင်း၊ (၄) ယခုအခါ ကျောက်ဖြူမြို့ မြစ်ကမ်းပါး မြေထိန်းနံရံ၏ အပြင်ဖက်မြစ်ကမ်းခြေ၌ မြေနေရာများကို ပုဂ္ဂလိကများက အသုံးပြုနေကြ သဖြင့် မြစ်ကမ်းသို့ ဆင်းသည့်လမ်းပေါက်များ ပိတ်နေသည်ကို သိရှိခြင်းရှိ/မရှိနှင့် ပိတ်နေသည့် လမ်းများကို ဖွင့်ပေးနိုင်ခြင်းရှိ/မရှိကို လည်းကောင်း၊ (၅) မြို့၏ သန်ပန်ချောင်းရပ်ကွက်၊ မြစ်နားတန်း ရပ်ကွက်နှင့် ပိုက်ဆိပ်ရပ်ကွက်များရှိ ကမ်းခြေမြေထိန်းနံရံအပြင်ဖက် မြစ်ကမ်းခြေတွင် အဆောက်အဦ များစွာ ဆောက်လုပ်ထားကြသည်ကိုလည်းကောင်း၊ (၆)ကျောက်ဖြူမြို့ မြစ်ကမ်းခြေတွင် ဆောက်လုပ်ထားသည့် အဆောက်အဦများသည် သက်ဆိုင်ရာဥပဒေနှင့်အညီ တရားဝင်ခွင့်ပြုချက်များဖြင့် ဆောက်လုပ်ထားကြခြင်း ဟုတ်/မဟုတ်ဆိုသည်ကိုလည်းကောင်း၊ (၇) ဥပဒေနှင့်အညီ မဟုတ်သော် လည်း တာဝန်ရှိသူက ခွင့်ပြုသဖြင့် ဆောက်လုပ်ခြင်းဟုဆိုပါက လက်ရှိအသုံးပြုနေသူများကို တာဝန်ရှိသူတို့က မည်သို့ကူညီမည်ကိုလည်းကောင်း၊ (၈) ကျောက်ဖြူမြို့ မြစ်ကမ်းပါးမြေထိန်းနံရံ ကြံ့ခိုင်ရေးနှင့် မြစ်ကမ်းခြေသာယာလှပရေး၊ ကမ်းခြေတစ်လျှောက် ဝင်/ထွက်သွားလာကြသည့် ရေယာဉ်နှင့် ခရီးသည်များ လုံခြုံရေးအတွက် မည်သူတို့က မည်ကဲ့သို့ ကူညီကြမည်ကိုလည်းကောင်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး

ပည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးပထမမေးခွန်းနှင့်ပတ်သက်ပြီး ကျောက်ဖြူမြို့နယ်၏ မြစ်ကမ်းပါး၊ မြေထိန်းနံရံဖြစ်သော တောင်ရင်းတောင်ခြေ မှ ပြင်ဖြူမော် အထိ ၄.၆၃ မိုင်ကို ဆည်မြောင်းဝန်ကြီးဌာနက လည်းကောင်း၊ အမှတ်(၁) ဆိပ်ကမ်းမှ ဂေါက်ကလပ်အထိ ပေ ၅၀၀၀ နှင့် သာသနာ ၂၅၀၀ ဘုရားမှ ခမရ ၅၄၂ ရှေ့အထိ ပေ ၁၂၅၀ ကို လမ်းဦးစီးဌာနမှလည်းကောင်း ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပါကြောင်း၊ သံကံချောင်းရပ်ကွက်၊ ကုလားပိုက်စိတ်ရပ်ကွက်၊ မြစ်နတန်ရပ်ကွက်ရှိ ရေတာတမံကို ၁၉၇၁ ခုနှစ် မတိုင်မီကာလကပင် မြို့နယ် မြူနီစပယ်မှ ပေ ၄၀၀၀ အား စတင်ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပါကြောင်းနှင့် ယခုအခါ ပြုပြင်ရန်လိုအပ်သော ရေတာတမံအရှည် ပေ ၂၁၆၀ ကို ပြင်ဆင်ထိန်းသိမ်းနိုင်ရန်အတွက် ခွင့်ပြုရန်ပုံငွေ ရရှိရေး ပြည်နယ်အစိုးရ အဖွဲ့မှ လျာထားဆောင်ရွက်သွားမည် ဖြစ်ကြောင်းကို ပြည်နယ်အစိုးရ၏ ညှိနှိုင်းဖြေရှင်းချက်အရ သိရှိရပါကြောင်း၊

ဒုတိယနှင့် တတိယအချက်များနှင့် ပတ်သက်ပြီး ကျောက်ဖြူမြို့၏ မြစ်ကမ်းပါးမြေထိန်း နံရံအပြင်ဘက် မြစ်ကမ်းခြေတွင် ဖြစ်ပေါ်နေသော သဲသောင်မြေများကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အောက်မြန်မာနိုင်ငံ မြေနှင့်အခွန် အမိန့်ဆင့်ဆိုချက် ၃၈ နှင့်အညီ စီမံခန့်ခွဲဆောင်ရွက်လျက်ရှိပြီး မြစ်ကမ်းပါး မြေထိန်းနံရံအပြင်ဘက် မြစ်ကမ်းခြေများကို အောက်မြန်မာနိုင်ငံ မြို့နယ်၊ ကျေးရွာများ အက်ဥပဒေ ၁၉၁၃ ခုနှစ်နှင့် မြန်မာနိုင်ငံ မြို့နှင့်ရွာမြေများဆိုင်ရာ ညွှန်ကြားချက်များ အခန်း(၅) ပုဒ်မ ၃၁ ပုဒ်မခွဲ(ခ)အရ သဲသောင်မြေများနှင့် မြစ်ချောင်းကမ်းဘေးများ စီမံခန့်ခွဲခြင်းဆိုင်ရာ ဥပဒေအရ ခရိုင်ဝန်က နှစ်စဉ်အငှား ချထားမည့် သဲသောင်မြေများ သို့မဟုတ် မြစ်ကမ်းပါးတွင်ပါဝင်သော နယ်နိမိတ်များတွင် အခါအားလျော်စွာ သတ်မှတ်ပြီး သင့်တော်သည့် အကွက်များဖြင့် ခွဲစိတ်၍ စည်းကမ်းနည်းလမ်းများ သတ်မှတ်ကာ ခရိုင်ဝန် သို့မဟုတ် ၎င်းက အခွင့်အာဏာအပ်နှင်းထားသော အခြားအရာရှိက နှစ်စဉ်စီမံ ချက်ချထားခွင့်ရှိပါကြောင်း၊  နိုင်ငံတော်အစိုးရက စီမံခန့်ခွဲနိုင်သည့် မြေကိုအောက်မြန်မာနိုင်ငံ မြို့နှင့် ကျေးရွာမြေများ နည်းဥပဒေ ၄၁ မှ နည်းဥပဒေ ၄၉ နည်းဥပဒေခွဲ (ခ) အထိ အခန်းကျယ်များနှင့်အညီ စီမံ ဆောင်ရွက်လျက်ရှိပါကြောင်း၊

စတုတ္ထမေးခွန်းနှင့် ပတ်သက်ပြီး မြစ်ကမ်းသို့ဆင်းသည့် လမ်းများပိတ်နေသည်ကို ပြန်လည် ဖွင့်လှစ်ပေးနိုင်ရန်နှင့် အောက်မြန် မာနိုင်ငံမြေနှင့်အခွန် အမိန့်ဆင့်ဆိုချက် ၃၈/၂ အရ ဝင်ထွက်သွားလာရန် မြေလွတ်လပ်ထားရှိရမည်ဖြစ်ဖြစ်သည့်အတွက် အောက်မြန်မာနိုင်ငံ မြေနှင့်ကျေးရွာ မြေဥပဒေများပုဒ်မ ၂၁ ပုဒ်မခွဲ ၂ အရ ကောလိပ်တော်အရာရှိ ခရိုင်အုပ်ချုပ်ရေးမှူးမှ ဥပဒေနှင့်အညီ စီမံဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းထားရှိပါကြောင်း၊ ထိုကဲ့သို့ စီမံ ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်စည်ပင်ကော်မတီ၊ မြို့နယ်မြေ အသုံးချရေး စီမံခန့်ခွဲရေးကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့မိမြို့ဖတို့ ပေါင်းစပ်ညှိုနှိုင်းပြီး သက်ဆိုင်ရာပြည်နယ်အစိုးရ၏ ကြီးကြပ်မှုနှင့်အတူ ဥပဒေနှင့်အညီ ဆောင်ရွက်သွားရန် အစီအစဉ်ရှိပါကြောင်း၊

ပဉ္စမ၊ ဆဌမနှင့် သတ္တမ မေးခွန်းများနှင့် ပတ်သက်ပြီး ကမ်းခြေမြေထိန်းနံရံအပြင်ဘက် မြစ်ကမ်း ခြေများတွင် ဆောက်လုပ်ထားသည့် အဆောက်အဦများသည် သက်ဆိုင်ရာမှ ဥပဒေနှင့်အညီ တရားဝင် ခွင့်ပြုချက်များဖြင့် ဆောက်လုပ်ထားသည့် အဆောက်အဦများရှိသကဲ့သို့ ယခင်ခေတ်ကာလ အဆက် ဆက်ကတည်းက ဒေသနေပြည်သူ အချို့က တရားဝင်ခွင့်ပြုချက်မရှိဘဲ ကျူးကျော်ဆောက်လုပ် နေထိုင် သည့် အဆောက်အဦများရှိသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ တာဝန်ရှိသူများက ဥပဒေနှင့်အညီ ခွင့်ပြုထားခြင်း မဟုတ်သော်လည်း ဆောက်လုပ်နေထိုင်သည်မှာ နှစ်ကာလကြာရှည်စွာ နေထိုင်ကြသူများ ဖြစ်သည့်အတွက် ၎င်းတို့နေထိုင်သည့် မြစ်ကမ်းသဲသောင် မြေဧရိယာများကို မြေသား ခိုင်မာမှုရှိ/မရှိ စစ်ဆေးပြီး မြေသားခိုင်မာမှုရှိသော မြေများဖြစ်ပါက နိုင်ငံတော်အစိုးရက စီမံခန့်ခွဲနိုင်သည့်မြေအဖြစ် အသုံးပြုခွင့်ရရှိရေးကို သက်ဆိုင်ရာအစိုးရအဖွဲ့များက စိစစ်ဆောင်ရွက်သွားရန် စီစဉ်လျက် ရှိပါကြောင်း၊

အဌမမေးခွန်းနှင့် ပတ်သက်ပြီး  ကျောက်ဖြူမြို့၊ သဖန်းချောင်းရပ်ကွက်၌ အမှတ်(၁) သင်္ဘောဆိပ်၊ သောင်ရင်းကျေးရွာအုပ်စု၊ ငါးလေပွေကျေးရွာ၌ အမှတ်(၂)သင်္ဘောဆိပ်နှင့် ပိုးတင် လှေဆိပ် မြစ်နားတန်ရပ်ကွက်၌ မြစ်နားတန်လှေဆိပ် သင်္ဘောဆိပ်နှစ်ခုနှင့် လှေဆိပ်နှစ်ခုတို့ရှိပြီး ရေယာဉ်နှင့် လှေငယ်များ ဝင်ထွက်သွားလာလျက်ရှိရာတွင် ကျောက်ဖြူမြို့ မြစ်ကမ်းခြေတစ်လျှောက်နှင့်  ဆိပ်ကမ်း များကို ဝင်ထွက်သွားလာကြသော ရေယာဉ်နှင့် စက်လှေ၊ လှေငယ်များ ခရီးသည်များလုံခြုံ ဘေးအန္တရာယ် ကင်းစေရေးအတွက် ကျောက်ဖြူမြို့နယ်ရဲတပ်ဖွဲ့သည် သက်ဆိုင်ရာ မြို့ပေါ်ရပ်ကွက်များနှင့် ကမ်းခြေတစ် လျောက်ရှိ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ဝန်ထမ်းများ၊ သက်ဆိုင်ရာဌာနများမှ ဝန်ထမ်းများနှင့် ပူးပေါင်းပြီး ရပ်ကင်း၊ လှည့်ကင်း၊ ဝပ်ကင်းများဖြင့် လုံခြုံရေးဆောင်ရွက်ပေးခြင်း၊ ရာသီဥတုအခြေအနေနှင့် မုန်တိုင်းသတင်းများရရှိပါက ရေယာဉ်မောင်း သူများနှင့်ခရီးသည်များအား ကြိုတင်အသိပေး အကြောင်းကြားခြင်း၊ ရေယာဉ်များတွင် ကုန်ပစ္စည်းများနှင့် ခရီးသည်များတင်ဆောင်ရာ တွင် သတ်မှတ်ထားသည်ထက် ပိုမိုတင်ဆောင်မှုမရှိစေရန် သက်ဆိုင်ရာဌာနများ ပါဝင်သော ပူးပေါင်း အဖွဲ့များနှင့် ဖွဲ့စည်းစစ်ဆေးခြင်း၊ စက်လှေငယ်များတရားမဝင် ကုန်ပစ္စည်းများ တင်ဆောင်မှုမရှိစေရေး အတွက် ရေယာဉ်မောင်းနှင်သူများ၊ စက်လှေပိုင်ရှင်များကို အသိပေးခြင်း၊ ရေယာဉ်နှင့်စက်လှေများ ဝင်ထွက်ချိန်များတွင် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး စစ်ဆေးရှာဖွေခြင်း၊ ရေယာဉ်နှင့် ခရီးသည်များကို ဝင်ထွက်မှုစာရင်းကောက်ယူ မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်လျက် ရှိပါကြောင်း၊

သို့ပါ၍ ကျောက်ဖြူမြို့မြစ်ကမ်းသာယာလှပရေးကို ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်နိုင်ရေး အတွက်  ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရန်ပုံငွေလျာထားဆောင်ရွက်သွားရန် အစီအစဉ်ရှိကြောင်း နှင့် ကမ်းခြေတစ်လျောက် ဝင်/ထွက်သွားလာကြသော ရေယာဉ်နှင့် ခရီးသည်များ လုံခြုံရေးအတွက် သက်ဆိုင်ရာ ရေကြောင်းညွှန်ကြားရေး ဦးစီးဌာန၏ သတ်မှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းချက်များနှင့် အညီ ပြေးဆွဲစေလျက်ရှိပြီး မြို့နယ်ရေယာဉ်စစ်ဆေးရေး အဖွဲ့ကလည်း ရေယာဉ်များ၏ လုံခြုံမှုရှိ/မရှိ၊ ကြံ့ခိုင်မှုရှိ/မရှိကို ပုံမှန်စစ်ဆေး ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးဘရှိန်(ကျောက်ဖြူ) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

တတိယနှင့် စတုတ္ထမေးခွန်းများနှင့် စပ်လျဉ်း၍ ဖြေကြားရာတွင် သဲသောင်မြေများကို မြို့နယ် ထွေအုပ်က စီမံခန့်ခွဲပိုင်ခွင့်ရှိပြီး တစ်နှစ်ချင်းအငှားချထားနိုင်ကြောင်း ဖြေကြားခဲ့သော်လည်း မြေထိန်းနံရံ၏ အပြင်ဘက်တွင် အဆောက်အအုံကြီးနှင့် မြေထိန်းနံရံများ ပြုလုပ်ပြီး အဆောက်အအုံကြီးများ အခိုင်အမာ ဆောက်လုပ်ထားသည်ကို တွေ့ရှိရပါကြောင်း၊ လမ်းပေါက်များကို  ပြန်လည်ဖွင့်ပေးရန် စီစဉ်ဆောင်ရွက် ပေးမည်ဟု ဖြေကြားခဲ့ခြင်းအပေါ် မည်သည့်အချိန်တွင် မည်သည့်ပုံစံဖြင့် ဖွင့်ပေးမည်ကို လည်းကောင်း၊ ပဉ္စမမှသတ္တမ မေးခွန်းများနှင့် စပ်လျဉ်း၍  တရားဝင်အသုံးပြုခွင့်ပေးထားသည့် လူများရှိသည်ဆိုရာတွင် လည်း တစ်နှစ်ချင်းသာ မြေကိုငှားရမ်းအသုံးပြုခွင့် ဥပဒေရှိပါကြောင်း၊ ယခုကဲ့သို့ မြေထိန်းနံံရံကြီးကြီး မားမားဖြင့် တိုက်တာအဆောက် အအုံမျိုးပုံစံနှင့် အခိုင်အမာ ဆောက်လုပ်ထားခြင်းသည် တရားဝင်ဖြင့် ခွင့် ပြုထားခြင်းဟုတ်/မဟုတ် သိရှိလိုပါကြောင်း မေးမြန်းပါသည်။  

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး

မြေထိန်းနံရံအပြင်ဘက်တွင် ဆောက်လုပ်ထားသော အဆောက်အအုံများကို စာရင်းဇယားကောက်ယူ ချက်အရ တမန်ချောင်းရပ်ကွက်တွင် တရားဝင် ၁၀ အိမ်၊ တရားမဝင် ၄၃ အိမ် စုစုပေါင်း  ၅၀ အိမ်၊ မြင်းလှတန်ရပ်ကွက်တွင် တရားဝင်မရှိဘဲ တရားမဝင် အလုံး ၉၀၊ ပိုက်စိတ်ရပ်ကွက်တွင် တရားဝင် ၁ လုံး ရှိပါကြောင်း၊ အဆောက်အအုံများအပေါ်  တရားဝင်/မဝင် သတ်မှတ်ခြင်းသည် သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းက နှစ်အလိုက် စီမံခန့်ခွဲခွင့်ရှိပါကြောင်း၊

မြို့နယ်အုပ်ချုပ်ရေးမှူးအနေဖြင့် မြေယာပေါ်တွင် ဆောက်လုပ်ထားသော လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ပြည်နယ်အစိုးရကြီးကြပ်မှု၊ အသေးစိတ်စာရင်းဇယား ကောက်ယူခြင်းနှင့် ခိုင်မာသော သဲသောင်မြေ အမျိုးအစားဖြစ်ခြင်း၊  နိုင်ငံတော်အစိုးရ၏ စီမံခန့်ခွဲပိုင်ခွင့် မြေထဲတွင် သတ်မှတ်ခွင့် ပြုနိုင်သည့် မြေအခြေအနေမျိုးရှိခြင်းများ စိစစ်တွေ့ရှိပါက လက်ရှိ နှစ်ပေါင်းများစွာ ဆောက်လုပ်ခဲ့သော အဆောက်အအုံများနှင့် ပတ်သက်ပြီး တရားဝင်ရခွင့်ပြုနိုင်မှု ရှိ/မရှိကို ပြည်နယ် အစိုးရ၏ ကြပ်မတ်မှုဖြင့် စိစစ်ဆောင်ရွက်မှုများ စတင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လမ်းများပြန်လည် ဖွင့်လှစ်ပေးရန်နှင့် စပ်လျဉ်းပြီး ယခု မြေပြင်အခြေအနေများပေါ် မူတည်ပြီး လမ်းပေါက်များ ဖွင့်လှစ်နိုင်ရန် စတင်ဆောင်ရွက် နေပြီးဖြစ်သော်လည်း  လက်ရှိအခြေအနေအရ အကောင်းဆုံးနည်းလမ်းနှင့် ဖြေရှင်းနိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိပြီး ကာလသတ်မှတ်ရန်နှင့် လမ်းများပြန်လည် ဖွင့်လှစ်ပေးနိုင်ရန်လည်း ညှိနှိုင်းမှုများ စတင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နှစ်ကာလကြာရှည်စွာ နေထိုင်ခဲ့သော အဆောက်အအုံများအတွက် ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားခြင်း ဖြစ်သော်လည်း ၎င်းတို့၏ မြစ်ကမ်းသောင်ပြင် မြေဧရိယာ မြေသားခိုင်မာမှုရှိ/မရှိကို စစ်ဆေးပြီး မြေသားခိုင်မာမှုရှိပါက နိုင်ငံတော်အစိုးရက စီမံခန့်ခွဲနိုင်သည့် မြေအဖြစ်အသုံးပြုခွင့် ရရှိရေးကိုလည်း ဆက်လက်စီမံ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဆောင်ရွက်ပြုပြင်ရန် လိုအပ်သည့် ရေတမံအရှည် ၂၁၆၀ မြေထိန်းနိုင်ရေးကိုလည်း ပြည်နယ်အစိုးရက လျာထားမှုများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသွားပါသည်။