Skip to main content

ဦးဖေသန်း (မြေပုံ)နိုင်ငံရေးယုံကြည်ချက်ကြောင့် ဖမ်းဆီးခံရခြင်းကို နိုင်ငံရေးပြစ်မှု၊ နိုင်ငံရေးအကျဉ်းသားဟု ယေဘုယျပြောဆို သုံးနှုန်းကြသော်လည်း ခေတ် အဆက်ဆက် အစိုးရအနေဖြင့် မည်သည့်ပြစ်မှု အမျိုးအစားသည် နိုင်ငံရေးပြစ် မှုဖြစ်သည်ဟု ခွဲခြားအဓိပ္ပါယ် သတ်မှတ်ခြင်းမရှိခဲ့ကြောင်း၊ နိုင်ငံရေး သမားများအား ပုဒ်မအမျိုးမျိုးတက်၍ လူသားတို့၏ ကျင့်ဝတ်ဥပဒေများကို ဖောက်ဖျက်သူများကဲ့သို့ ရာဇဝတ်အကျဉ်းသားများအဖြစ် သတ်မှတ်၍ ဖမ်းဆီးအပြစ်ပေးထောင်ချခြင်းများကိုလည်း တွေ့ရှိရသည့်အပြင် ခွဲခြားဆက်ဆံခြင်း စိစစ်မှုပြုလုပ်ခြင်း မရှိဘဲနှစ်ရှည်လများ ထိန်းသိမ်းခြင်း၊ အခွင့်အရေးများကို ကန့်သတ်ခြင်းတို့ကြောင့် သာမန်ရာဇဝတ် အကျဉ်းသားများထက်ပင် ပိုမိုဆိုးရွားသော အခြေအနေများကို ကြုံတွေ့ရပါကြောင်း၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် တောင်းဆိုမှုများ ရှိသော်လည်း ယခင် အစိုးရများက နိုင်ငံရေးအကျဉ်းသားများမရှိဟု အစဉ်တစိုက် ငြင်းဆိုလျက် ရှိနေပါကြောင်း၊ ယခုကဲ့သို့ ဒီမိုကရေစီ လူ့ဘောင်သစ်ကို တည်ဆောက်နေချိန်တွင် အစိုးရ၏ဆောင်ရွက်ချက်များအပေါ် မတူကွဲပြားသော အမြင်ဖြင့် ပြုမူဆောင်ရွက်နေသူများအား ရာဇဝတ်မှုကျူးလွန် သူများအဖြစ် သတ်မှတ်၍ အပြစ်ပေးအရေးယူနေခြင်းသည် မလိုလားအပ်သော အခြေအနေများဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်းသည်လည်း အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းစဉ်၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်ပါကြောင်း၊ နိုင်ငံရေးယုံကြည်ချက်ဖြင့် လုပ်ဆောင်နေသူများ၊ မတူကွဲပြားသည့် အမြင်ရှိသူများ၊ ကျောင်းသားလူငယ် ကအစ နိုင်ငံ့ထိပ်ပိတ်ခေါင်းဆောင်များအပါအဝင် ရာဇဝတ်ပြစ်မှု၊ ရာဇဝတ်အကျဉ်းသားများဟု သတ်မှတ်အရေးယူခြင်းသည် တိုင်းပြည်အတွက် အလွန်နစ်နာစရာဖြစ်သည့်အတွက် ဒီမိုကရေစီ အစိုးရသစ်လက်ထက်တွင် ပြုပြင်ပြောင်းလဲ တားဆီးပေးနိုင်ရန်အတွက် ယခုအစိုးရသစ် လက်ထက်တွင် နိုင်ငံရေးပြစ်မှု၊ နိုင်ငံရေးအကျဉ်းသားစသည့် ဝေါဟာရများအတွက် စကားရပ်အဓိပ္ပါယ် ဖွင့်ဆို သတ်မှတ်ပေးရန် အစီအစဉ်ရှိ/ မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။


ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး

ပည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးနိုင်ငံရေးပြစ်မှု၊ နိုင်ငံရေးအကျဉ်းသားဆိုသည့် စကားရပ်သည် ဥပဒေဆိုင်ရာစကားရပ်များဖြစ်ကြောင်း၊ မြန်မာစာ အဖွဲ့မှ ထုတ်ဝေသည့် မြန်မာအဘိဓာန်တွင် နိုင်ငံရေးပြစ်မှုနှင့် နိုင်ငံရေးအကျဉ်းသားဆိုသည့် စကားရပ်၏ အဓိပ္ပါယ်ကိုလည်းကောင်း၊ အင်္ဂလိပ်-မြန်မာအဘိဓာန်တွင် Political ဝေါဟာရကို နိုင်ငံရေး၊ ပါတီနိုင် ငံရေးနှင့်  နိုင်ငံရေးနှင့် ပတ်သက်သောဟု ဖော်ပြထားပြီး Political Offence Prime စကားရပ်နှင့် Political Prisoner စကားရပ်တို့ကို သုံးနှုန်းပြထားသော်လည်း ယင်းစကားရပ်များနှင့် စပ်လျဉ်းပြီး အဓိပ္ပါယ်ဖွင့်ဆိုထားခြင်း မရှိသည်ကိုလည်းကောင်း၊   ဥပဒေပညာရပ်ဆိုင်ရာ အဘိဓာန်များတွင် Political Offence နှင့် Political Prisoner  စကားရပ် နှစ်ခုကို အဓိပ္ပါယ်ဖွင့်ဆိုထားခြင်း မရှိသည်ကိုလည်းကောင်း တွေ့ရှိ ရပါကြောင်း၊ ပြစ်မှုဆိုင်ရာဥပဒေများတွင် ပြစ်မှုများကို အမျိုးအစားခွဲခြားပြီး ပြဋ္ဌာန်းရန် နိုင်ငံရေးပြစ်မှု Political Offence ဟူ၍ အဓိပ္ပါယ်ဖွင့်ဆိုထားခြင်းမရှိဘဲ ယင်းဥပဒေအခန်း (၆) တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရကို ဆန့်ကျင်ကျူးလွန်သော ပြစ်မှုများဟူ၍ ခေါင်းစဉ်တပ်ဖော်ပြလျှင် အဓိပ္ပါယ်ဖွင့်ဆိုဖော်ပြထားပြီး ယင်းပြဋ္ဌာန်းချက်များမှာ နိုင်ငံတော်သစ္စာ ဖောက်ဖျက်ပုန်ကန်မှု ပုဒ်မ ၁၂၂ အပါအဝင် ပြစ်မှု ၁၂ ခု ပါဝင်ဖော်ပြထားရှိပြီး  နိုင်ငံတော်အစိုးရကို ဆန့်ကျင်သော ပြစ်မှုများ Offence Against the Stake  ဖြင့် ဆိုပြီးတိကျစွာ ဖော်ပြ ရန်ပြဋ္ဌာန်းပါရှိသည့်အတွက် နိုင်ငံရေးပြစ်မှုများ Political Offence များကို အဓိပ္ပါယ်ဖွင့်ဆိုရာတွင် မူရင်းအဓိပ္ပါယ်နှင့် အမျိုးအစားကွဲလွဲမှုများ ဖြစ်ပေါ်လာနိုင်ပါကြောင်း၊ ဥပဒေတွင် တိကျစွာဖော်ပြ၍ ပြဋ္ဌာန်းချက်အရ နိုင်ငံတော်အစိုးရကို ဆန့်ကျင်မှုဖောက်ဖျက်၍ ပြစ်မှုကျခံနေရသူများသည်လည်း နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် ဥပဒေတစ်ရပ်ရပ်ကို ချိုးဖောက်ကျူးလွန်ခဲ့ကြပြီး ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ခဲ့သဖြင့် အကျဉ်းကျခံနေရသူများသာ ဖြစ်ကြောင်း တွေ့ရှိရပါကြောင်း၊ သို့သော် ၁၉၇၆ ခုနှစ် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် တင်မြှောက်ခြင်း ဆိုင်ရာဥပဒေပုဒ်မ ၁၆ ပုဒ်မခွဲ(ဂ)တွင် ဖော်ပြပါရှိသော နိုင်ငံရေးပြစ်မှုများနှင့် ပတ်သက်ပြီး ၁၂-၈-၁၉၇၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည် နိုင်ငံတော်ကောင်စီရုံး၏ ညွှန်ကြားချက်အမှတ် ၅/၇၇ ဖြင့် သတ်မှတ်ပေးခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ်တင်မြှောက်ခြင်း ဥပဒေကို ပြည်သူ့ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၈၂ နှင့် ပြန်လည် ရုပ်သိမ်းလိုက်သည့်အတွက် ယခုအချိန်တွင်  အဆိုပါဥပဒေသည် ရပ်စဲသွားခဲ့သည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ ၁၉၈၀ ခုနှစ် နိုင်ငံရေးပင်စင်ဥပဒေတွင် နိုင်ငံရေးပင်စင်လစဉ် ခံစားခွင့်ရှိသူ ပုဂ္ဂိုလ်များသည် ပြစ်မှုတစ်ရပ်ရပ်ဖြင့် ပြစ်မှုထင်ရှားစွာ စီရင်ခြင်းခံရပါက နိုင်ငံရေးပင်စင်ကို ဆက်လက် ခံစားခွင့် မရှိသည်ကို ပုဒ်မ ၂၁၊ ၂၂ နှင့် ၂၃ တို့အရ အကျုံးဝင်သော ပြစ်မှုများတွင် နိုင်ငံရေးပြစ်မှုများဟု ဖော်ပြထားပြီး နိုင်ငံရေးပြစ်မှုနှင့် ပတ်သက်ပြီး

          (၁)     မတရားအသင်းအက်ဥပဒေအရပြစ်မှု၊

          (၂)     နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု၊

          (၃)     အကြည်ညိုပျက်အောင်ပြုလုပ်မှု၊

          (၄)     နိုင်ငံတော်က ဦးဆောင်သောလမ်းစဉ်ပါတီအား ကာကွယ်သည့်ဥပေဒအရပြစ်မှုများ၊

          (၅)     နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေအရပြစ်မှုများ၊

          (၆)     ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေပြစ်မှုများ၊

     (၇) ၁၉၆၅ ခုနှစ်၊ ဆိုရှယ်လစ်စီးပွားရေးစနစ် တည်ဆောက်မှုအတွက် လုပ်ပိုင်ခွင့်များအပ်နှင်းသည့် ဥပဒေအရပြစ်မှုများ ဟုဖော်ပြ ထားပါကြောင်း၊

ယင်းကဲ့သို့ နိုင်ငံရေးပြစ်မှုများကို ဖော်ပြထားသည်ကို တွေ့ရှိရသော်လည်း နိုင်ငံတော်တွင် ကိုင်တွယ် ကျင့်သုံးလျက်ရှိသော တည်ဆဲဥပဒေတစ်ရပ်ရပ်တွင် နိုင်ငံရေးအကျဉ်းသားဟူ၍ အဓိပ္ပါယ် ဖွင့်ဆိုပြဋ္ဌာန်းခြင်း မရှိပါကြောင်း၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၂၈၊ ၁၂၉ နှင့် ၁၃၀ တို့တွင် ပြဋ္ဌာန်းပါရှိသည့် Stake Prisoner ဆိုဟူသည့် စကားရပ်သည် ၁၈၁၈ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော နိုင်ငံတော်အကျဉ်းသားများ ချုပ်နှောင်ခြင်းဆိုင်ရာ စည်းမျဉ်းဥပဒေကို Regulation of the Conference of Stake Prisoner ပါ ပြဋ္ဌာန်းချက်များအရ ချုပ်နှောင်ထားခြင်းခံရသော အကျဉ်းသားများကို ဆိုလိုခြင်းဖြစ်ပါကြောင်း၊ Stake Prisoner ဆိုသည့် စကားရပ်သည် နိုင်ငံတစ်နိုင်ငံက အခြားတစ်နိုင်ငံကို ပြည်ပရန်ပြုခြင်းနှင့် ပြည်တွင်း နှောက်ယှက်ခြင်းများကို နိုင်ငံတော်အစိုးရကို ဆန့်ကျင်ကျူးလွန်သော ပြစ်မှုများကျူးလွန်ခြင်းကြောင့် ပြစ်ဒဏ်ကျခံနေရသူများကို ဆိုလိုခြင်းဖြစ်ပါကြောင်း၊  နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၁/၉၂ နှင့် ၎င်းပြဋ္ဌာန်းချက်များကို ရုပ်သိမ်းခဲ့ပြီးဖြစ်သောကြောင့် Stake Prisoner ဟူသော နိုင်ငံတော်အကျဉ်းသားများနှင့် သက်ဆိုင်သော ပြဋ္ဌာန်းချက်များသည်လည်း ပျက်ပြယ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်တွင်ရှိသော အကျဉ်းဦးစီးဌာနတွင် လက်ရှိကျင့်သုံးနေသော အကျဉ်းထောင်လက်စွဲ ဥပဒေတွင် ပြစ်ဒဏ်ကျအကျဉ်းသားများနှင့် ပတ်သက်ပြီး ယခင်က A Class, B Class, C Class ဟူ၍ အတန်းအစားသုံးမျိုးခွဲခြားထားပြီး ၎င်းတို့နှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများကို ယင်းဥပဒေအပိုဒ် ၆၆၅ မှ ၆၇၄ အထိ ဖော်ပြပါရှိခဲ့သော်လည်း အကျဉ်းထောင်ထဲတွင် အကျဉ်းသားများကို အဆင့်အတန်းခွဲခြားမှု မရှိစေရန်ရည်ရွယ်၍ ပြည်ထောင်စုမြန်မာနိုင်ငံတော် တော်လှန်ရေးအစိုးရ၊ တရားရေးဌာန၊ အကျဉ်းဌာနစု ၁၉၆၄ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့ကစပြီး အကျဉ်းသားများ အတန်းအစားခွဲခြားခြင်းနှင့် ပတ်သက်၍ ပယ်ဖျက်ကြောင်း အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ပါကြောင်း၊  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၇၄ တွင် နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေးရရှိစေရမည့် အပြင် ဥပဒေ၏  အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်ဟု ပြဋ္ဌာန်းထားရှိသဖြင့် အကျဉ်းသားများအား အဆင့်အတန်းခွဲခြားသည့် စနစ်ကို ပြန်လည်ဖော်ဆောင်ပါက ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ကွဲလွဲဆန့်ကျင် နေနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အကျဉ်းသားအားလုံး၏ အဆင့်အတန်းကို မြှင့်တင်ပေးခြင်းသာလျှင် အကျဉ်းသားများအား ပြစ်ဒဏ်ပေးသည့် သဘောမဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာများ ပြုပြင်ပြောင်းလဲ၍ လူကောင်းသူကောင်းများဖြစ်လာစေရန်နှင့် ပြစ်ဒဏ်မှ လွတ်မြောက်ပြီးချိန်တွင် ထိုက်သင့်သော အသက်မွေးမှုပညာရပ်များ၊ တတ်မြောက်သွားစေရန်ဟူသော ရည်ရွယ်ချက်ကောင်းများကိုလည်း အထောက်အကူပြုစေမည်ဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ နိုင်ငံရေးပြစ်မှုနှင့် နိုင်ငံရေးအကျဉ်းသားဆိုသည့် စကားရပ်ကို တည်ဆဲဥပဒေ တစ်ရပ်ရပ်တွင် အဓိပ္ပါယ်ဖွင့်ဆိုထားသည်ကို တွေ့ရှိရပါကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲ ဥပဒေများတွင် ဖော်ပြပါရှိခြင်းမရှိသဖြင့် နိုင်ငံရေးပြစ်မှုနှင့် နိုင်ငံရေးအကျဉ်းသားဆိုသည့် စကားရပ်ကို အဓိပ္ပါယ်ဖွင့်ဆို သတ်မှတ်ပေးရန် အစီအစဉ်မရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးဖေသန်း(မြေပုံ) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ပြီးခဲ့သည့်အစိုးရလက်ထက်တွင် လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီဟူ၍ ဝန်ကြီးဦးစိုးသိန်း ခေါင်းဆောင်ပြီး ဥက္ကဋ္ဌအဖြစ် ဖွဲ့စည်းခဲ့သည့်အတွက် နိုင်ငံရေးအကျဉ်းသား ရှိသည်ဆိုသည်ကို အသိအမှတ်ပြုရာ ရောက်ခဲ့ပါကြောင်း၊ ယခုအစိုးရသစ် လက်ထက်တွင် နိုင်ငံရေး ပြစ်မှုများကို အဓိပ္ပာယ်သတ်မှတ်ပေးခြင်း အားဖြင့်လည်းကောင်း၊ နိုင်ငံရေးပြစ်မှုပုဒ်မများကို အဓိပ္ပာယ် သတ်မှတ်ပေးခြင်းအားဖြင့်လည်းကောင်း နိုင်ငံရေးသမားများကို အလွယ်တကူ  ပြန်လွတ်အောင် ဆောင်ရွက်ပေးနိုင်သည့်အတွက် ယခုအစိုးရသစ် လက်ထက်တွင် နိုင်ငံရေးပြစ်မှု၊ နိုင်ငံရေးအကျဉ်းသား စသည့် ဝေါဟာရများအတွက် စကားရပ်အဓိပ္ပါယ်ဖွင့်ဆို သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါ ကြောင်းမေးမြန်းပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန     ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး  

ယခုမိမိဖြေကြားခဲ့သော ဖြေကြားချက်များသည် ယခင်က တည်ဆဲဥပဒေများအရ ပြဋ္ဌာန်းခဲ့ခြင်းမရှိမှုနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြဋ္ဌာန်းခဲ့သည့် အချက်များပေါ်တွင် အခြေခံပြီး ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး၏ခွင့်ပြုချက်ဖြင့် ဖြေဆိုခဲ့ခြင်းဖြစ်သည့်အတွက်  ယခုအစိုးရ၏ သဘောထားဖြေကြားချက်နှင့် အတူပြန်လည်ဖြေ ကြားနိုင်ရေးကို ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။