Skip to main content

မေးခွန်း အကြောင်းအရာ 

than soeဒသမပုံမှန်အစည်းအဝေးတွင် မြို့နယ်စာရင်းစစ်အရာရှိများကို လက်ထောက် ညွှန်ကြားရေးမှူးအဆင့်သို့ တိုးမြှင်‌့သတ်မှတ်ပေးရန်အစီအစဉ်ရှိ/မရှိကို ကြယ်ပွင့်ပြမေးခွန်းအဖြစ် မေးခဲ့ပါကြောင်း၊ သို့သော်လည်း ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ လက်ရှိအစိုးရသက်တမ်းကာလအတွင်း ပြီးပြတ်အောင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသည့်အတွက် နောင်ဘဏ္ဍာနှစ်များတွင် ဖွဲ့စည်းပုံတိုးချဲ့ ခွင့်ပြုချက်နှင့်အညီ ရန်ပုံငွေရရှိခဲ့ပါက ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။ သို့ဖြစ်ပါ၍ မြို့နယ်စာရင်းစစ်ရုံးများမှ စာရင်းစစ်အရာရှိများကို လက်ထောက်ညွှန်ကြားရေးမှူးအဆင့်သို့ တိုးမြှင့်သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားချက် 

maw thanမြို့နယ်စာရင်းစစ်ရုံးများ၏ ရုံးအကြီးအကဲကို မြို့နယ်စာရင်းစစ်အရာရှိမှ လက်ထောက်ညွှန်ကြားရေးမှူး အဆင့်သို့ တိုးမြှင့်သတ်မှတ်ပေးနိုင်ရန် ကတိကဝတ်ဖြစ်ပေါ်ခဲ့ပါကြောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ဝန်ထမ်းဖွဲ့စည်းပုံကို တိုးချဲ့ခွင့်ပြုပေးနိုင်ရန် ၁၀-၁၁-၂၀၁၄ ရက်နေ့တွင် ကျင်းပသော စီမံကိန်းနှင့် ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့၏ အစည်းအဝေးအမှတ် (၈/၂၀၁၄) ဖြင့် ထောက်ခံသဘောတူညီချက်ရရှိခဲ့ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ၂၆-၁-၂၀၁၅ ရက်နေ့တွင် အမှာစာဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဆက်လက်တင်ပြခဲ့ပါကြောင်း၊ ၁၃-၂-၂၀၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၄/၂၀၁၅) တွင် နိုင်ငံတော်သမ္မတမှ ဖွဲ့စည်းပုံအင်အား တိုးချဲ့ခြင်းနှင့် ပတ်သက်၍ ယခုဘတ်ဂျက်နှစ်အတွင်း အမှန်လိုအပ်သော ပညာရေး၊ ကျန်းမာရေးဝန်ကြီးဌာနများမှအပ ကျန်သည့်ဌာနများကို ခေတ္တရပ်ဆိုင်းထားရန်ပြောကြား ထားသဖြင့် ယခု ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဖွဲ့စည်းပုံအား ခေတ္တဆိုင်းငံ့ထားရန်ဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ပြန်ကြားလာပါသဖြင့် လွှတ်တော်ကိုယ်စားလှယ်၏ တင်ပြထားသည့် ကတိကဝတ်လုပ်ငန်းကို ဆိုင်းငံ့ထားရခြင်းဖြစ်ပါကြောင်း၊ ယခု အရပ်သားအစိုးရလက်ထက်တွင် ယင်းကိစ္စကို နိုင်ငံတော်၏မူ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာနတို့၏ သဘောထားမှတ်ချက်များရယူ၍ စီမံကိန်းနှင့်ဖွဲ့စည်းပုံစိစစ်ရေး အဖွဲ့သို့တင်ပြရမည်ဖြစ်ပါကြောင်း၊ ယခု ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ရယူ၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယင်းသို့ မြို့နယ်စာရင်းစစ်ရုံးတွင် မြို့နယ်စာရင်းစစ်အရာရှိမှ လက်ထောက်ညွှန်ကြားရေးမှူး အဆင့်သို့ တိုးမြှင့်ပေးပါက ခရိုင်စာရင်းစစ် ရုံးများတွင် လက်ထောက်ညွှန်ကြားရေးမှူးမှ ဒုတိယညွှန်ကြားရေးမှူးအဆင့်သို့လည်း တိုးမြှင့်ပေးရန် လိုအပ်လာပါကြောင်း၊ ယင်းသို့ တိုးမြှင့်ရသည့်အတွက် ဝန်ထမ်းလစာများ တစ်နှစ်လျှင်ကျပ်သန်း ၁၁၀၄.၁၂ ပိုမိုကုန်ကျလာပြီး နိုင်ငံတော်၏ ဘဏ္ဍာငွေများ ပိုမိုကုန်ကျလာမည်ဖြစ်ပါကြောင်း၊ ယခုအခါ အရပ်သားအစိုးရလက်ထက်တွင် နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေကို လိုငွေပြဘတ်ဂျက်မှ ညီမျှခြေ ဘတ်ဂျက်သို့ရောက်အောင် ဦးတည်ဆောင်ရွက်နေပြီး ကုန်ကျစရိတ်များကို ခြိုးခြံချွေတာနေရသည့် အတွက်ကြောင့်လည်းကောင်း ပြည်ထောင်စုအဆင့်တွင် ဝန်ကြီးဌာနများအချို့ ပေါင်းစပ်ခြင်းအပြင် များပြားသော အလုပ်အသစ်များကို ဒုတိယဝန်ကြီးများခန့်အပ်ခြင်းမရှိဘဲ ကျစ်လစ်သိပ်သည်းစွာဖြင့် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေ အနည်းဆုံးဖြင့် အကောင်းဆုံး လုပ်ငန်းစွမ်းဆောင်ရည်ရှိအောင် ဆောင်ရွက်နေသည့် အတွက်ကြောင့်လည်းကောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေ ပုဒ်မ ၃၄ ပါ စာရင်းစစ်ချုပ်ရုံးအဆင့်ရှိ စာရင်းစစ်အရာရှိများ၏ တာဝန်ဝတ္တရားများကို စွမ်းရည်ပြည့်ဝစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ပဓာနကျသည့်အတွက်လည်းကောင်း မြို့နယ်စာရင်းစစ်ရုံးများတွင် မြို့နယ်စာရင်းစစ်အရာရှိမှ လက်ထောက်ညွှန်ကြားရေးမှူးရာထူးသို့ တိုးမြှင်‌့ပေးရန် မဖြစ်နိုင်သေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။


 

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း