မောက်မယ်မြို့နယ်ရှေးဟောင်း မောက်စံ ဘုန်းတော်ကြီးကျောင်း ပြုပြင်မွမ်းမံခြင်း နှင့်စပ်လျဉ်း ၍နိုင်ငံတော်အစိုးရမှမည်သို့ကူညီဆောင်ရွက်ပေးနိုင် မည်နှင့်စပ်လျဉ်းသည့် မေးခွန်း

 
မေးခွန်း အကြောင်းအရာ 

ရှေးဟောင်း မောက်စံဘုန်းတော်ကြီးကျောင်းသည် မောက်မယ်မြို့နယ် ဆီဆုံရပ်ကွက် တွင်တည်ရှိပြီး နှစ်ပေါင်းတစ်ရာကျော်တန်းဝင် ရှေးဟောင်းအမွေ အနှစ်ကျောင်းဆောင်ဖြစ်ပါကြောင်း၊ ယခင်အစိုးရလက်ထက်က သုတေသနပညာရှင် များ လာရောက်၍ စူးစမ်းလေ့လာမှုများ ပြုခဲ့ဖူးပါကြောင်း၊ ရှေးဟောင်းဆင်းတုတော် များ၊ ရှေးမူလက်ရာများနှင့် ပေစာ၊ ပုရိုက်စာ၊ ပုရပိုက်စာများကို ကျောင်းထိုင် ဆရာတော်များ ခေတ်အဆက်ဆက်မှ ထိန်းသိမ်းခဲ့ပါသော်လည်း နှစ်ကာလ ကြာညောင်းလာပြီဖြစ်သဖြင့် ယိုယွင်းပျက်စီးမှုများ များပြားလာပါကြောင်း၊  ရှေးမူမ ပျက် ပြန်လည်ပြုပြင်မွမ်းမံရန် ‌ငွေကြေးအား၊ ပညာရှင်ပံ့ပိုးအားများ အလွန်အားနည်းနေ ပါသဖြင့် မွမ်းမံခြင်း မပြုလုပ်နိုင်ပါက ပျက်ဆီးပျောက်ကွယ်သွားနိုင်ပါကြောင်း ၊ မောက်မယ်မြို့နယ်တွင် ဘုန်းကြီးကျောင်း ၇၀ ကျော်အနက် ပြုပြင်မွမ်းမံနိုင်ခြင်းမရှိ သဖြင့် ကျောင်းအချို့ ပျက်ဆီးပျောက်ကွယ် သွားသည်များလည်း ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ရှေးဟောင်းမောက်စံ ဘုန်းတော်ကြီးကျောင်း ပြန်လည်ပြုပြင်မွမ်းမံခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရမှ မည်ကဲ့သို့ဆောင်ရွက်ပေးမည်၊ မည်သည့်ဘဏ္ဍာရေးနှစ်တွင် ကူညီဆောင်ရွက် ပေးနိုင်မည်နှင့် ကူညီမွမ်းမံရန်အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ဆိုသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။

ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
 

ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအနှံ့ အပြားတွင် ရှေးဟောင်းအဆောက်အ အုံ ၄၀၀၀ ကျော်ကို နှစ်စဉ်ဘဏ္ဍာငွေလျာထားတောင်းခံ၍လည်းကောင်း၊ ပြည်သူ လူထုထံမှ လှူဒါန်းငွေများဖြင့်လည်းကောင်း ပြုပြင်ထိန်းသိမ်း စောင့်ရှောက်လျက် ရှိပါကြောင်း၊ ထိုသို့ပြုပြင်ထိန်းသိမ်းရာတွင် အမွေအနှစ်ဆိုင်ရာ တန်ဖိုးများဖြင့် စိစစ်၍ ဦးစားပေးအဆင့်များသတ်မှတ်ကာ (က) ခေတ်ကာလအရ တန်ဖိုးမြင့်မားခြင်း (agrological Value)၊ (ခ) သမိုင်းဆိုင်ရာအထောက်အထားများအရ အရေးပါခြင်း (Historical Value)၊ (ဂ) ယဉ်ကျေးမှုဆိုင်ရာ အဆင့်အတန်းမြင့်မားမှုတန်ဖိုးထားရှိခြင်း၊ (ဃ) ဗိသုကာနှင့် အနုလက်ရာများ ထူးခြားကောင်းမွန်ခြင်း စသည့် အချက်အလက် များဖြင့် နိုင်ငံတော်ဘဏ္ဍာငွေလျာထားတောင်းခံ၍ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း များ ဆောင်ရွက်လျက်ရှိပါကြောင်း။ အချက်အလက်တန်ဖိုးများ မြင့်မားပြီး ပျက်စီး ယိုယွင်းမည့်အနေအထားသို့ ရောက်နေသည့် ရှေးဟောင်းအဆောက်အအုံများကို ဦးစားပေး ဆောင်ရွက် လျက်ရှိပါကြောင်း။

၁၉၅၇ ခုနှစ် ရှေးဟောင်းဝတ္ထုပစ္စည်းများ အက်ဥပဒေအရ ၁၈၈၆ ခုနှစ်မတိုင်မီက သိရှိခဲ့သော အဆောက်အအုံများ၊ ရှေးဟောင်းဝတ္ထုပစ္စည်းများကို ရှေးဟောင်းအဆာက်အအုံပစ္စည်းများအဖြစ် သတ်မှတ် ထားသောကြောင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသည် ရှေးဟောင်း အဆောက်အအုံ အဖြစ် စာရင်းဝင်သည်များကို အထက်ဖော်ပြပါ ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ တန်ဖိုးများစိစစ်ပြီး ဦးစားပေး အလိုက် ရန်ပုံငွေတွက်ချက်တောင်းခံကာ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မောက်မယ်မြို့နယ် ရှေးဟောင်းမောက်စံဘုန်းတော်ကြီးကျောင်းသည် ရှေးဟောင်း အဆောက်အအုံအဖြစ် စာရင်းမဝင်သေးခြင်း၊ ဦးစားပေးအဆင့်တွင် မပါရှိသေးခြင်းတို့ကြောင့် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့် နိုင်ငံတော်ဘဏ္ဍာငွေဖြင့် လျာထားတင်ပြ၍ ပြုပြင်ဆောင် ရွက်ပေးမှု မရှိခြင်းဖြစ်ပါကြောင်း၊ အလှူရှင်နှင့် ပြုပြင်ဆောင်ရွက်လိုပါက ရှေးမူလက်ရာမပျက် ထိန်းသိမ်းဆောင် ရွက်နိုင်ရန် မိမိတို့ဝန်ကြီးဌာနမှ တတ်ကျွမ်းကျင်သူများဖြင့် ကူညီဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ဖြေ ကြားပါသည်။