သဘာဝသစ်တောကြီးများမှ တရားဝင်၊ တရားမဝင် သစ်ခုတ်၍ အခြားနိုင်ငံများသို့ တင်ပို့ ရောင်းချ ဝင်ငွေရှာခြင်းကို ရပ်ဆိုင်းပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ယခုအခါသစ်တောများကို တခြားများနိုင်ငံသို့ တရားဝင်ရော၊ တရားမဝင်ရော ခုတ်လှဲရောင်းချနေသည်မှာ  ကြာပြီဖြစ်သည့်အတွက်  သစ်တောများပြုန်းတီးလာပြီး မိုးလည်းခေါင်လာကာ ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်တို့သည် နွေအခါ သဲသောင်ကြီးများ ဖြစ်ထွန်း လာလျက်ရှိပါကြောင်း၊ မိုးခေါင်လာသည့်အတွက် တချို့ရွာများတွင် ရေတွင်းရေကန်တွေ ခမ်းခြောက်ကုန်ပြီး မြေပဲ၊နှမ်းစိုက်ကြသောတောင်သူများသည်လည်း မိုးခေါင်သည့်အတွက် မျိုးပါဆုံးကာ ဆင်းရဲနွမ်းပါးမှုပိုမိုပြီးတော့ ဖြစ်လာပါကြောင်း၊ ထို့ကြောင့် သစ်လုံးများ ခုတ်လှဲကာ နိုင်ငံခြားသို့ ပို့ဆောင်မှုများဖြင့် နိုင်ငံခြားဝင်ငွေရှာမှုလုပ်ငန်းကို တားမြစ်ရန်အချိန်တန်ပြီဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်တည်တံ့ကောင်းမွန်ပြီး ထာဝစဉ် ဖွံ့ဖြိုးတိုးတက်ရန် အရေးပါသော သဘာဝ သစ်တောကြီးများကို ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများ အလေးထားဆောင်ရွက်သင်‌့ပြီဖြစ်ပါကြောင်း၊  ထို့အပြင် အစားထိုးစိုက်သော ကျွန်းနှင့် သစ်မာပင်များသည်လည်း အနည်ဆုံး နှစ်ပေါင်း ၂၀၀ ခန့် စောင့်ကြရမှာဖြစ်သောကြောင့်  သစ်တောကြီးများ မပြုန်းစေရေး နှင့် ရာသီဥတုမပြောင်းရေးအတွက် သဘာဝသစ်တောကြီးများမှတရားဝင်ရော၊ တရားမဝင်ရော သစ်ခုတ်၍ အခြားနိုင်ငံများသို့ တင်ပို့ ရောင်းချဝင်ငွေရှာခြင်းကို ရပ်ဆိုင်းပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်းမေးမြန်းပါသည်။