Skip to main content

ဦးအောင်စိန် (ထားဝယ်)သတင်းစာများ၊ဂျာနယ်များများတွင် မပါမဖြစ် ပါဝင်သော သတင်းမှာ ဓားနှင့် ဓားကဲ့သို့သော ချွန်ထက်ထက်မြက်သည့် လက်နက်မျိုးစုံကို အသုံးပြုပြီး နည်းမျိုးစုံဖြင့်‌ လုယက်မှု၊လူကိုနာကျင်စေမှု၊လူသတ်မှု စသည့် ပြစ်မှု သတင်းများဖြစ်ပါကြောင်း၊လက်နက်ဖြင့် ကျူးလွန်သူကို ဖမ်ဆီးရမိခြင်းမရှိသကဲ့သို့ ရာဇဝတ်ဘေး ပြေးလျှင်လွတ်သည်ဟူ၍ ထွက်ပြေး တိမ်းရှောင်တရားခံများ ရှိပါကြောင်း၊သက်ဆိုင်ရာမှ ဖမ်းဆီးရေးအတွက် စုံစမ်းဆဲအမှုများလည်းရှိသည်ဟု သတင်းများအရ သိရပါကြောင်း၊ တချို့ သတင်းများတွင် နေအိမ်တွင်းမှ နေစဉ်ပင် ဓားနှင့်ဝင် ရောက်ထိုး၍ အသက်ဆုံးရှုံးရသည့် သတင်းမျာလည်း ရှိပါကြောင်း။

ရှေးယခင်က ဓားကဲ့သို့သော လက်နက်မျိုး ဆွဲကိုင်ကာရမ်းကားသည့်လူကို လူဆိုးလူမိုက်ဟု  အသိအမှတ်ပြုကြပါကြောင်း၊ ယခုအချိန်တွင် မိမိကိုယ်ကို ကာကွယ်ရန်အတွက်ဆိုသည်ထက် တစ်ပါးသူကို ထိုးနှက်ရန်ရည်ရွယ်ချက်ဖြင့် ကြိုတင်ကိုင်ဆောင်ထားပြီး လွယ်လင့်တကူ ကျူးလွန်နေကြသဖြင့် ပြည်သူများက စိုးရိမ်မကင်းဖြစ်နေကြရပါကြောင်း၊ ထို့ကြောင့် ပြည်သူများ စိုးရိမ်သောကကင်းဝေးရေး အတွက် ဘေးကင်းလုံခြုံမှုအတွက် မှုခင်းကြိုတင်ကာကွယ်ရေး မည်ကဲ့သို့ စီမံဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် ချမှတ်ထားသည့် ရည်မှန်းချက်တာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းတာဝန် (၆) ရပ်ကို ချမှတ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထိုလုပ်ငန်း တာဝန်(၆)ရပ်မှာ ပြစ်မှုမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရေး လုပ်ငန်းတာဝန်အရ မှုခင်းကြိုတင်ကာကွယ်ရေးလုပ်ငန်း နှင့်ဖြစ်ပွားနေတဲ့မှုခင်းများ လျော့နည်းကျဆင်းအောင် အလေးထား ဆောင်ရွက် လျက်ရှိပါကြောင်း ၊ ဖြစ်ပွားနေသည့် မှုခင်းများ လျော့နည်းကျဆင်းရေးအတွက် မှုခင်း လျော့နည်းကျဆင်းရေးလုပ်ငန်းစဉ် (၅)ရပ်ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း။

မှုခင်းကြိုတင်ကာကွယ်ရေး ဆောင်ရွက်ရာတွင် မှုခင်းဖြစ်ပွားမှုများကို အားပေးသည့် ဒုစရိုက် လုပ်ငန်းများအပါအဝင် ကြိုတင်ကာကွယ်မှုများကို အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း၊ သေနတ်၊ ဓား သို့မဟုတ် ဓားကဲ့သို့သော အရာများနှင့် အခြား ထိခိုက်ဘေးအန္တရာယ်ဖြစ်ပွားစေနိုင်သော အရာဝတ္ထု တစ်ခုခုကို အသုံးပြုပြီး မှုခင်းများကျူးလွန်မှုများ ပိုမျိုများပြားလာခြင်းဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ မှုခင်းများလျော့နည်းစေရန်အတွက် ဥပဒေနှင့်မညီသော တရားမဝင် လက်နက်ကိုင်ဆောင်မှုများကိုလည်း ကြိုတင်ကာကွယ်သည့်အနေဖြင့် အလေးထား အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း။

၂၀၁၆ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ပြစ်မှုများတွင် ဓား သို့မဟုတ် ဓားကဲ့သို့သော ဘေးအန္တရာယ် ဖြစ်ပွားစေနိုင်သည့် လက်နက်များဖြင့် ကျူးလွန်သည့်အမှုများအနေဖြင့် လူသတ်မှုတွင် ဓားလက်နက် အသုံးပြုမှု ၅၅.၁၅ ရာခိုင်နှုန်း၊ လုယက်မှုတွင် ဓားလက်နက်အသုံးပြုမှု ၅၃.၄ ရာခိုင်နှုန်း၊ နာကျင်မှုတွင် ဓားလက်နက်အသုံးပြုမှု ၃၂.၈၉ ရာခိုင်နှုန်းရှိပြီး အဆိုပါကျူးလွန်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသူ စုစုပေါင်း ၁၆၅၇ ဦးရှိပါကြောင်း၊ ထို့ကြောင့် ပြစ်မှုများ ဖြစ်ပေါ်လာမှုအပေါ် သုံးသပ်မှုများပြုလုပ်ပြီး လိုအပ်သည့် ကြိုတင်ကာကွယ်မှုလုပ်ငန်းစဉ်များကိုလည်း ပိုမိုတိုးမြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း။

ဓား သို့မဟုတ် ဓားကဲ့သို့သော ဘေးအန္တရာယ်ဖြစ်ပွားစေနိုင်သည့် လက်နက်များနှင့် ပတ်သက်ပြီး ဥပဒေနှင့်မညီသော ကိုင်ဆောင်မှုများကို ကြိုတင်ကာကွယ်ဖော်ထုတ် အရေးယူဆောင်ရွက်လျက်ရှိရာ လက်နက် ပုန်း ဖော်ထုတ်အရေးယူမှုအနေဖြင့် ၁-၁-၂၀၁၆ ရက်နေ့မှ ၁၅-၁၀-၂၀၁၆ ရက်နေ့ထိ စုစုပေါင်းအမှုပေါင်း ၃၁၀၈ မှုကို အရေးယူခဲ့ပါကြောင်း၊ ထိုအမှုများအနက် ဓားလက်နက်နှင့် ပတ်သက်သည့် လက်နက်ဥပဒေပုဒ်မ ၁၉ ပုဒ်မခွဲ(င) အရ အရေးယူသည့် အမှုပေါင်း ၃၀၁၈ မှုဖြစ်ပြီး အမှုဖြစ်ပွားမှု၏ ၉၇.၁ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ ထိုအမှုများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာတရားရုံးများသို့ တရားစွဲတင်ပို့ခဲ့ရာတွင် အမြင့်ဆုံးချမှတ်နိုင်သော ပြစ်ဒဏ်သည် ဥပဒေအရ ထောင်ဒဏ် ၂ နှစ်ဖြစ်ပြီး အနိမ့်ဆုံးပြစ်ဒဏ်မှာ ထောင်ဒဏ် ၁၅ ရက်ဖြစ်ကြောင်းလည်း လေ့လာတွေ့ရှိ ရပါကြောင်း။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် လုံခြုံရေး၊ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊မှုခင်းကြိုတင်ကာကွယ်ရေးနှင့် မှုခင်းကျဆင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိမိရဲတပ်ဖွဲ့ဝင်များ သာမကဘဲ ရပ်ကွက် /ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်အတွင်းရှိ လူငယ်များ၊ ပြည်သူများပူးပေါင်းပါဝင်သော ရပ်ရွာအခြေပြု ရဲလုပ်ငန်းစနစ်ဖြစ်သည့် (Community Policing) စနစ်ကိုလည်း  စနစ်တကျ ကျင့်သုံးဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ရပ်/ရွာများရှိ လမ်းဆုံ၊ လမ်းခွများ၊ အချက်အချာကျသည့် နေရာများ၊ မှုခင်းဖြစ်ပွားနိုင်သည့် နေရာများ၊ မှုခင်းဖြစ်ပွားလေ့ရှိသော နေရာနှင့် အချိန်များတွင်လည်း ရပ်ကင်း၊ လှည့်ကင်း၊ ဝပ်ကင်းစသည့် ရှာဖွေ စစ်ဆေးမှုများကိုလည်း အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း။

ထို့အပြင် ပွဲလမ်းသဘင်များ၊ အခမ်းအနားများတွင်လည်း လုံခြုံရေးနှင့်စည်းကမ်းသေဝပ် တည်ငြိမ်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဓားလက်နက်များ ဥပဒေနှင့်မညီဘဲ ကိုင်ဆောင်မှုမရှိစေရေးအတွက်လည်း စနစ်တကျရှာဖွေ သိမ်းဆည်းမှုများကိုလည်း အလေးအနက်ထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဓားလက်နက်များ ကိုင်ဆောင်ပြီး ခိုက်ရန်ဖြစ်ပွားသည့်အခါ ဓားလက်နက်ကို အလွယ်တကူ အသုံးပြုခြင်းကြောင့် လူသတ်မှုများအထိ ဖြစ်ပေါ်လာစေခြင်း၊ လက်နက်အားကိုးဖြင့် ခိုးမှု၊ ခြောက်လှန့်တောင်းယူမှု၊ လုယက်မှု၊ ဓားပြုမှုများကျူးလွန်လာနိုင်ခြင်း၊ လက်နက်ဖြင့်ခြိမ်းခြောက်၍ မုဒိန်းကျင့်‌မှုများလည်း ဖြစ်ပေါ်လာနိုင်ခြင်းစသည့် လက်နက်ကိုင်ဆောင်မှုကြောင့် ဖြစ်လာနိုင်သည့်‌ ဆိုးကျိုးကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိစေရန် ပညာပေးဟောပြောမှုများ၊ မှုခင်းကျဆင်းရေး ပညာပေးဟောပြောမှုများ ပြုလုပ်သကဲ့သို့ ဥပဒေဆိုင်ရာ လေ့လာသုံးသပ်မှုများလည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ လက်နက်ကိုင်ဆောင်၍ ကျူးလွန်သည့်အမှုများမှာ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးနိုင်မှုနှင့် တရားစွဲနိုင်မှုမရှိပါက ပြစ်မှုကျူးလွန်သူများသည် လက်နက်အားကိုးဖြင့်‌ အလားတူပြစ်မှုများ ထပ်မံကျူးလွန်နိုင်ရေးအတွက် ဖမ်းဆီးရမိရေးကိုလည်း အလေးအနက်ထား ဆောင်ရွက်လျက်ရှိပါကြောင်း၊သက်ဆိုင်ရာတရားရုံးများသို့ တရားစွဲတင်ပို့ခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိပြီး ထိုက်သင့်သော ပြစ်ဒဏ်ကျခံစေရေးအတွက် သက်ဆိုင်ရာတရားရုံး၊ ဥပဒေရုံးများနှင့်လည်း စဉ်ဆက်မပြတ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊လက်နက်ဖြင့် မကြာခဏ ပြစ်မှုကျူးလွန်လေ့ရှိသူများ၊ လက်နက်ကိုင်၍ ဆူပူရမ်းကားသူများ၊ အများပြည်သူစိတ်ငြိုငြင်အောင် ပြုလုပ် သူများကို လည်းစောင့်ကြည့်ခြင်း ၊ ပြစ်မှုကြိုတင် ကာကွယ်ရေးလုပ်ငန်းစဉ်အရ ရာဇဝတ်ကျင့်ထုံး ဥပဒေများဖြင့်‌ ကောင်းမွန်စွာကျင့်ကြံ နေထိုင်ရန်အတွက် ခံဝန်ချုပ်ချုပ်ဆိုခြင်းများ ကို ဆောင်ရွက်လျက်ရှိပါကြောင်း။

ထို့အပြင် လက်နက်ကိုင်ဆောင်မှုများနှင့်ပတ်သက်ပြီး ထိရောက်စွာ အရေးယူနိုင်ရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့်‌ လက်ရှိကိုင်တွယ်ကျင့်သုံးလျက်ရှိသော ၁၈၇၈ ခုနှစ်၊ လက်နက် အက်ဥပဒေအား ၁၉၄၉ ခုနှစ်၊ လက်နက် (အရေးပေါ်ပြစ်ဒဏ်စီရင်မှု) (ယာယီ) အက်ဥပဒေနှင့် ၁၉၅၀ ခုနှစ်၊ လက်နက်(ယာယီ) ပြင်ဆင်ချက်အက်ဥပဒေတို့ကို တစ်ပေါင်းတည်းပြန်လည်ပြင်ဆင်ရေးဆွဲ ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် လက်ရှိကျင့်သုံးလျက်ရှိသော ၁၈၉၉ ခုနှစ်၊ ရန်ကုန်ရဲအက်ဥပဒေနှင့် ၁၉၄၅ ခုနှစ်၊ ရဲအက်ဥပဒေတို့ကိုလည်း တစ်နိုင်ငံလုံး အားလုံးသက်ရောက်သည့် ဥပဒေတစ်မျိုးတည်း ဖြစ်စေရေးအတွက်လည်း လက်ရှိအခြေအနေနှင့် ကိုက်ညီစေရန် တစ်ပေါင်းတည်း ပြန်လည်ပြင်ဆင်ရေးဆွဲ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ရေးဆွဲရာတွင်လည်း လက်နက်များကို ဥပဒေနှင့်မညီသော ကိုင်ဆောင်သွားလာခြင်းများနှင့်ပတ်သက်၍ တားမြစ်ချက်ကို ဖောက်ဖျက်ပါက ဥပဒေနှင့်အညီ ထိရောက်ဟန့်တားသော ပြစ်ဒဏ်ချမှတ်နိုင်ရေးအတွက် ပြင်ဆင်ရေးဆွဲ ဆောင်ရွက်လျက်ရှိသည့် ဥပဒေမှာ ပြစ်ဒဏ်ကိုတိုးမြှင့်ပြင်ဆင်ရေးဆွဲ ဆောင်ရွက်လျက်ရှိပါကြောင်း။

သို့ဖြစ်ပါ၍ ပြည်သူများ၏ အသက်အိုးအိမ်၊ စည်းစိမ်၊ ပစ္စည်းဥစ္စာများလုံခြုံမှုနှင့် ရပ်/ရွာတည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသော ဓား သို့မဟုတ် ဓားကဲ့သို့သော လက်နက်များ ကိုင်ဆောင်ကျူးလွန်သော မှုခင်းများ လျော့နည်းကျဆင်းသွားစေရေးအတွက် မှုခင်းကြိုတင်ကာကွယ်ရေး နှင့် မှုခင်းကျဆင်းရေးလုပ်ငန်းစဉ်များကို မိမိရဲတပ်ဖွဲ့ဝင်များနှင့်အတူ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့များ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်အတွင်းရှိလူငယ်များ၊ ပြည်သူများ ပူးပေါင်းပါဝင်သော ရပ်ရွာအခြေပြုလုပ်ငန်းစဉ်ဖြစ်သော (Community Policing) ကို ကျင့်သုံးဆောင်ရွက် လျက်ရှိပါကြောင်း၊ ဥပဒေနှင့်မညီသော ဓား သို့မဟုတ် ဓားကဲ့သို့သော လက်နက်များကို ကိုင်ဆောင် ခြင်းနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်ရာတွင် လက်ရှိကျင့်သုံးနေသော ဥပဒေများကိုလည်း ပိုမိုပြည့်စုံစေရန်နှင့် ပြစ်ဒဏ်များဥပဒေနှင့်အညီ ထိထိရောက်ရောက် ချမှတ်ဆောင်ရွက်နိုင်ရန်အတွက် ပြင်ဆင်ရေးဆွဲ ဆောင်ရွက်လျက်ရှိကြောင်းနှင့် လက်ရှိတည်ဆဲဥပဒေများအရ အရေးယူသည့် တရားမဝင် လက်နက်ကိုင်ဆောင်သူများ၊ လက်နက်ကိုင်ဆောင်၍ ကျူးလွန်သည့်မှုခင်းများနှင့် ပတ်သက်၍လည်း ပြစ်မှုကျူးလွန်သူများကို ဥပဒေနှင့်အညီ ထိရောက်သော ပြစ်ဒဏ်များချမှတ်နိုင်ရေးကိုလည်း အရေးထားဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး