Skip to main content

ဦးမြင့်လွင် (တွံတေး)နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်သည် ပညာရေးဖြစ်ပါကြောင်း၊ ယနေ့ ကမ္ဘာတွင် ပညာတန်ခိုးစွမ်းအားကြီးမားသည့် နိုင်ငံများက ထိပ်တန်းရောက်နေကြပြီး ပညာတန်ခိုးစွမ်းအား နိမ့်ပါး သည့် နိုင်ငံများက နောက်တန်းရောက်နေကြပါကြောင်း၊ နိုင်ငံခေါင်းဆောင်များကလည်း ပညာရေးနှင့်ပတ်သက်ပြီး ပြုပြင်ပြောင်းလဲမှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေကြပါကြောင်း၊ မိမိတို့ ပညာရေးဘတ်ဂျက်သည် လွန်ခဲ့သည့် ၁၀ စုနှစ် ၂ ခု၊ ၃ ခုအတွင်း အမြင့်မားဆုံးသုံးစွဲရန် လျာထားသည်ကို တွေ့ရပါကြောင်း၊

ပညာရေးဝန်ကြီးဌာနအနေဖြင့် National Education  Striation ဟုခေါ်သော အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းကို ၅ နှစ်စီမံကိန်းဖြင့် စီမံချက်ချလုပ်‌ဆောင်နေသည်ကို မြင်တွေ့ကြရပါကြောင်း၊ အမျိုးသားပညာရေး မူဝါဒကော်မရှင်လည်း ပေါ်ထွက်လာပါကြောင်း၊ မိမိတို့ ပြည်ထောင်စု လွှတ်တော်ကလည်း အတည်ပြုပေးလိုက်သည့်အတွက် မကြာခင်တွင် တည်ငြိမ်ခိုင်မာသော အမျိုးသားရေး ပညာရေးမူဝါဒများ ပေါ်ထွက် လာတော့ မည်ဖြစ်သည့်အတွက် လွန်စွာ ဝမ်းမြောက်မိပါကြောင်း၊ ကျောင်းများတွင် အခြေခံပညာအဆင်‌့များတွင် အခမဲ့ပညာရေး စနစ် ကို ဖော်ဆောင်နေ ပါကြောင်း၊ ကျောင်းသားများ ကို ပြဋ္ဌာန်း စာအုပ်များလည်း အလကား ရပါကြောင်း၊

ကျောင်းဆရာဆရာမများနှင့်ပတ်သက်ပြီး ကျောင်းရွေ့သည့်ကိစ္စများကြောင့် စာသင်နှစ်များတွင် လုပ်နေသည့် ကိစ္စများတွင် ကျောင်းသားတွေက လှေပြေးတုန်းတက်ကြိုးသကဲ့သို့ အာရရွှင်လန်းစွာ သင်ကြားနေချိန်တွင် ဆရာ ဆရာမများ ပြောင်းသွားသည့်အတွက် အလွန်ဒုက္ခရောက်ကြပါကြောင်း၊ ဆရာဆရာမများကို စာသင်နှစ်အတွင်း မပြောင်းဘဲ နွေရာသီကျောင်းပိတ်ရက်ကာလများ ပြောင်းပါက ပို၍ ကောင်းမွန်ပါကြောင်း၊ ထို့ကြောင့် ပညာရေး စနစ်ကြီးတစ်ခုလုံး အားသွန်ခွန်စိုက်ပြောင်းလဲရန် လုပ်နေချိန်တွင် ဆရာဆရာမများ အပြောင်းအရွှေ့ စာသင်နှစ်အတွင် ပြောင်းရွှေ့တာမျိုး မလုပ်ဘဲ နွေရာသီကျောင်းပိတ်ရက် ကာလတွင် ပြောင်းရွှေ့သည့်စနစ် ကို ပြောင်းလဲ ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာကျောင်းများမှ ဆရာဆရာမများ၏ ရာထူးတိုး/အပြောင်း အရွှေ့ကိစ္စများကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ဆောင်ရွက်ပြီး ဇွန်လကျောင်းဖွင့်ချိန် အမီ လုပ်ငန်းခွင့်သို့ ဝင်ရောက်ရေးအတွက် ပညာရေးဝန်ကြီးဌာနမှ ယနှစ်ကစပြီး အဓိကထား ဆောင်ရွက်ခဲ့သော လုပ်ငန်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ် ကြီးမေးမြန်းသော အစီ အစဉ်သည် မိမိတို့လက်ရှိ ဆောင်ရွက်နေသော အစီ အစဉ်နှင့် ကိုက်ညီပါကြောင်း၊သို့သော် ဒီကြားကာလတွင် ပြစ်ဒဏ်ကြောင့် ပြောင်းရွှေ့ရခြင်း၊ ဝန်ထမ်းကိုယ်တိုင်၏ လူမှုရေး အခက် အခဲကြောင့် ပြောင်းရွှေ့ပေးရ ခြင်း၊ ဒေသန္တရလုံခြုံရေးအခြေအနေ ထူးခြားသည့် အတွက် ပြောင်းရွှေ့ပေးရခြင်း၊ စီမံခန့်ခွဲမှုကိစ္စအရ ဥပမာ ကျောင်းအုပ်ကြီးလစ်လပ်သွား၍ ယင်းနေရာကို အမြန် အစားထိုးပေးသည့်အခါ ရွှေ့ပြောင်းပေးရခြင်း စသည့်အချက်များအရ အနည်းအကျဉ်း ပြောင်းရွှေ့မှုရှိပါကြောင်း၊

ကျောင်းတစ်ကျောင်းတွင် ဆရာဆရာမအင်အား အလွန်နည်းပါးသွားပါက ဆရာဆရာမအင်အား များပြားသောကျောင်းမှ အချို့ကို တွဲဖက်ရွှေ့ပြောင်းတာဝန်ပေးအပ်ခြင်းရှိပါကြောင်း၊ စုဖွဲ့ထားသည့် School Cluster အလိုက် သက်ဆိုင် ရာမြို့နယ်ပညာရေးမှူများ၏ အစီအမံဖြင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များထံ တင်ပြပြီး ဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်ပြီး ထိရောက်သော သင်ကြားရေး ရရှိစေရန် အတွက် ရည်ရွယ်ဆောင်ရွက်ခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် အခြေခံပညာကျောင်းများမှ ဆရာဆရာမများ၏  ပုံမှန်ရာထူးတိုး/အပြောင်းအရွှေ့များကို ယခု ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှစ၍ နွေရာသီ ကျောင်းပိတ်ရက် ကာလအတွင်း၌သာ တစ်ကြိမ်တည်း စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း