Skip to main content

ခေါင်လန်ဖူးမြို့နယ်သည် တောင်ပေါ်ဒေသတွင် တည်ရှိသည့်အပြင် ဝေးလံခက်ခဲပြီး ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့်ကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက်ရန် များစွာ လိုအပ်နေသေး သည့် မြို့နယ်တစ်မြို့နယ်လည်း ဖြစ်ပါကြောင်း၊ မိမိတို့ခေါင်လန်ဖူးမြို့နယ်အတွင်း လမ်းပန်း ဆက်သွယ်ရေးအခက်အခဲကြောင့် တစ်ရွာနှင့်တစ်ရွာ၊ တစ်အုပ်စုမှတစ်အုပ်စုသို့ သွားလာရာတွင် ဒေသခံပြည်သူများ အလွန်ခက်ခဲစွာ သွားလာနေကြရသည်ကို တွေ့ရှိနေရပါကြောင်း၊ အဆိုပါ ကျေးရွာအုပ်စုများတွင် နေထိုင်ကြသည့် ဒေသခံမိဘပြည်သူများ ကောင်းမွန်သည့် ကျန်းမာရေး စောင့်ရှောက်မှုရရှိရန်အတွက် များစွာအခက်အခဲရှိပြီး လွှတ်တော်ကိုယ်စားလှယ်များ နယ်မြေ ကွင်းဆင်းဆောင်ရွက်သည့်အခါတွင်လည်း အမှန်တကယ် လိုအပ်လျက်ရှိသည်ကို တွေ့ရှိရပါသဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနအား ကျေးလက်ကျန်းမာရေးဌာနခွဲများ ဆောင်ရွက်ပေးရန်အတွက် မေးခွန်း မေးမြန်းခဲ့ရာ ကျေးရွာအမည်၊ အုပ်စုအမည်၊ ခရီးအကွာအဝေးများကို လွဲမှားစွာဖြေကြားလာသည်ကို တွေ့ရှိနေရပါကြောင်း၊

မိမိတို့မေးလိုသည်မှာ ဇီးထန်ကျေးရွာအုပ်စုဟု မေးမြန်းခဲ့သော်လည်း အမှန်တကယ် ဖြေကြားလာ သည်မှာ ဇီတန်း ဖြစ်နေပါကြောင်း၊ ဇီးထန်နှင့် ခေါ်ဘူဒဲတို့၏ မိုင်အကွာအဝေးမြေပြင်မှာ အမှန် တကယ်မဟုတ်ပါဘဲ ထလားလော်ကျေးရွာနှင့် ခေါ်ဘူဒဲကျေးရွာက မိုင်က ၂၂ မိုင်ပဲ ဖြေပေးထား တာ ဖြစ်ပါကြောင်း၊ အမှန်တကယ် ထလားလော်ကျေးရွာနှင့် ခေါ်ဘူဒဲကျေးရွာ၏ မိုင်အကွာအဝေး က ရှစ်မိုင် ရှိပါကြောင်း၊ အမှန်မှာ ဝေးလံခက်ခဲပြီး ဖွံ့ဖြိုးတိုးတက်မှုများ နောက်ကျနေသည့် ဒေသများတွင် နေထိုင်သည့်ဒေသခံမိဘပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှု အလွယ်တကူ ရရှိရန်အတွက် တာဝန်ရှိဝန်ထမ်းများမှ နယ်မြေအခြေအနေများကို ကွင်းဆင်းစစ်ဆေးပြီး သေချာမှ အထက်ကို တင်ပြရမည်ဖြစ်ပါသော်လည်း ယခုဖြစ်ပေါ်နေသည့်အခြေအနေများအရ လမ်းပန်း ဆက်သွယ်ရေးအခက်အခဲများကို အကြောင်းပြကာ ကျေးရွာအမည်၊ အုပ်စုအမည်၊ ခရီးအကွာအဝေး မိုင်ကို လွဲမှားစွာတင်ပြနေသည့်အပြင် ကျေးရွာတိုင်းတွင် အဆောက်အအုံ ဆောက်လုပ်ရန် မြေနေရာမရှိဟူ၍ တင်ပြနေခြင်းသည် ဒေသခံပြည်သူလူထုများ တွေ့ကြုံခံစားနေရသည့် ကျန်းမာရေးပြဿနာများကို ပြေလည်နိုင်မည်မဟုတ်ပါကြောင်း၊ နယ်မြေအခြေအနေ၊ နေထိုင်သည့် လူဦးရေ၊ ခရီးအကွာအဝေးမိုင်နှင့် ဒေသလိုအပ်ချက်များကို သေချာစွာလေ့လာမှသာ မြေပြင် အခြေအနေအမှန်များကို သိရှိနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် မေးမြန်းခဲ့သည့်မေးခွန်းအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနမှ ကျေးရွာ အမည်၊ အုပ်စုအမည်နှင့် ခရီးအကွာအဝေးနှင့် အဆောက်အဦ ဆောက်လုပ်ရန်အတွက် မြေနေရာမရှိ ဟု ဖြေကြားလာမှုနှင့် ဝေးလံခက်ခဲပြီး ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေသည့် မိမိတို့မြို့နယ်အတွင်းရှိ ဒေသခံမိဘပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ အလွယ်တကူရရှိနိုင်ရန်အတွက် ထလားလော်ကျေးရွာ၊ ဇီးထန်ကျေးရွာ၊ အဘွန်ထန်ကျေးရွာ၊ ရှီးလန်ဒမ်းကျေးရွာတွင် ကျေးလက် ကျန်းမာရေးဌာနခွဲများ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

 ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဒေါက်တာဒေါ်မြလေးစိန်

ခေါင်လန်ဖူးမြို့နယ်ရှိ ထလားလော်ကျေးရွာ၊ ဇီးထန်‌ကျေးရွာ၊ အဘွန်ထန်ကျေးရွာ၊ ရှီးလန်ဒမ်း ကျေးရွာတို့တွင် ကျေးလက်ကျန်းမာရေးဌာနခွဲများ ဖွင့်လှစ်ပေးရန်မေးခွန်းအား ဖြေဆိုခဲ့ရာတွင် ထလားလော်ကျေးရွာ၊ အဘွန်ထန်ကျေးရွာနှင့် ရှီးလန်ဒမ်းကျေးရွာအမည်အား မှန်ကန်စွာ ဖြေဆို နိုင်ခဲ့သော်လည်း ဇီးထန်ကျေးရွာအား ဇီတန်းကျေးရွာဟု လွဲမှားစွာဖြေဆိုခဲ့ခြင်းအပေါ် ပြန်လည် ဖြေကြားခြင်း ဖြစ်ပါကြောင်း၊ ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်တွင် ကျေးရွာပေါင်း ၁၁၈ ရွာ၊ အိမ်ခြေ ၂၁၆၅ အိမ်၊ လူဦးရေ ၁၃၉၂၇ ဦးရှိပြီး ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုအတွက် ကျေးလက်ကျန်းမာရေးဌာနခွဲ နှစ်ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ငါးခု၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာန တစ်ခုဖွင့်လှစ်၍ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများဖြစ်သော လက်ထောက် ကျန်းမာရေးမှူး နှစ်ဦး၊ သားဖွားဆရာမ ခုနစ်ဦးတို့မှ တာဝန်ကျရာဌာနများတွင် တာဝန်ထမ်းဆောင် လျက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိပါကြောင်း၊ ဇီးထန်ကျေးရွာအစား ဇီးတန်း ကျေးရွာဟု ဖြေကြားခဲ့ရခြင်းမှာ ဖြေဆိုခဲ့စဉ် ခေါင်လန်ဖူးမြို့နယ်၊ မြေပုံပေါ်အား ရည်ညွှန်း၍ ပြုစုခဲ့တဲ့အတွက်ကြောင့် မှားယွင်းဖြေကြားသွားခြင်း ဖြစ်ပါကြောင်း၊ ၎င်းမြေပုံတွင် ဇီးထန် ကျေးရွာ ဟု ဖော်ပြထားခြင်းမရှိဘဲ ဇီးတန်းနှင့် ဇင်းထန်ကျေးရွာတို့ကိုသာ တွေ့ရှိရသည့်အတွက်ကြောင့် နီးစပ်မှုရှိသော ဇီးတန်းကျေးရွာအချက်အလက်များကို ဖြေကြားခဲ့ခြင်းဖြစ်ကြောင်းကို ပြည်သူ့ ကျန်းမာရေးဌာနမှ ရှင်းလင်းတင်ပြထားပါကြောင်း၊ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ပြန်လည်စိစစ်ခဲ့ရာ ၂၃-၆-၂၀၂၀ ရက်နေ့တွင် လက်ခံရရှိသော မြေပုံအသစ်အရ ဇင်းထန်ကျေးရွာကို ဇီးထန်ကျေးရွာဟု ခေါ်ဆိုကြောင်း စိစစ်တွေ့ရှိရသဖြင့် ကိုယ်စားလှယ်တော်ကြီး၏မေးခွန်းတွင် ပါဝင်သော ကျေးရွာ လေးရွာနှင့် စပ်လျဉ်းသည့် အချက်အလက်များအား ပြန်လည်ရှင်းလင်း ဖြေကြားပေးမည်ဖြစ်ပါ ကြောင်း၊ အဆိုပါ ကျေးရွာလေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲအသစ် ဖွင့်လှစ်နိုင်ရေးအတွက် စိစစ်ခဲ့ရာ ခေါင်လန်ဖူးမြို့နယ်၊ ထလားလော်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ အသစ် တိုးချဲ့ဖွင့်လှစ်ပါက ရွာငယ်လေးရွာ၊ အိမ်ခြေ ၅၁ အိမ်၊ လူဦးရေ ၂၅၂ ဦးကို ကျန်းမာရေး စောင့်ရှောက်မှု လွှမ်းခြုံပေးနိုင်မည်ဖြစ်ပြီး ခေါ်ဘူဒဲ ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ငါးမိုင်၊ ရှီးထန် ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ၁၀ မိုင်ဝေးပြီး အဆောက်အဦဆောက်လုပ်ရန် မြေနေရာမှာ ကျေးရွာမှ စီစဉ်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ထလားလော်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ အသစ် တိုးချဲ့ဖွင့်လှစ်ရန် လိုအပ်မှုမရှိသေးပါကြောင်း၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သဘောထားမှတ်ချက်ပြုထားပါကြောင်း၊

ခေါင်လန်ဖူးမြို့နယ်၊ ဇီးထန်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲသစ် တိုးချဲ့ဖွင့်လှစ်ခွင့် ရရှိပါ က ကျေးရွာပေါင်း ၁၉ ရွာ၊ အိမ်ခြေ ၆၀၈ အိမ်၊ လူဦးရေ ၂၀၂၁ ဦးကို ကျန်းမာရေး စောင့်ရှောက်မှု ပိုမိုလွှမ်းခြုံပေးနိုင်မည်ဖြစ်ပြီး အဆောက်အဦ ဆောက်လုပ်ရန်မြေနေရာအား ကျေးရွာမှ စီစဉ်ပေး နိုင်မည်ဖြစ်ပါကြောင်းနှင့် မြို့နယ်ပြည်သူ့ဆေးရုံနှင့် ၄၃ မိုင်၊ ဈာန်ရော ကျေးလက်ကျန်းမာရေးဌာန နှင့် ၁၃ မိုင်၊ ရှီလာဝါတီ ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ခုနစ်မိုင် ဝေးပါကြောင်း၊ လမ်းပန်း ဆက်သွယ်ရေးမှာ မိုးရာသီတွင် ခြေလျင်ခရီးဖြင့်သာ သွားလာရသည့်အတွက် သွားလာရေး ခက်ခဲပါ ကြောင်း တင်ပြလာသောကြောင့် ဇီးထန်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲအသစ် တိုးချဲ့ ဖွင့်လှစ်သင့်ပါကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သဘောထားမှတ်ချက်ပြု တင်ပြထားပါ ကြောင်း၊ ခေါင်လန်ဖူးမြို့နယ်၊ အဘွန်ထန်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲအသစ် တိုးချဲ့ ဖွင့်လှစ်ခွင့်ရရှိပါက အိမ်ခြေ ၂၆ အိမ်၊ လူဦးရေ ၁၆၄ ဦး၊ ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုလွှမ်းခြုံ နိုင်မည်ဖြစ်ပြီး မြို့နယ်ပြည်သူ့ဆေးရုံနှင့် မိုင် ၂၀၊ ဈာန်ရော ကျေးလက်ကျန်းမာရေးဌာနနှင့် ၁၀ မိုင် ကွာဝေးပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲပါကြောင်း၊ ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦ ဆောက်လုပ်ရန်မြေနေရာအား ကျေးရွာမှစီစဉ်ပေးမည်ဖြစ်ပါကြောင်းနှင့် အဘွန်ထန်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲအသစ် တိုးချဲ့ဖွင့်လှစ်ရန် သင့်တော်ပါကြောင်း ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သဘောထားမှတ်ချက်ပြု တင်ပြထားပါကြောင်း၊ ခေါင်လန်ဖူးမြို့နယ်၊ ရှီးလန်ဒမ်းကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွင့်လှစ်ရန်နှင့်ပတ်သက်၍ ခေါရ်ပူးတဲကျေး လက်ကျန်းမာရေးဌာန စံကိုက်ဖွဲ့စည်းခွင့် ခွင့်ပြုမိန့်ရရှိလျှင် ၎င်းခေါ်ဘူဒဲ ကျေးလက်ကျန်းမာရေး ဌာနအောက်ရှိ ရှီးလန်ဒမ်းကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲအဖြစ်သို့ ပါဝင်ဖွဲ့စည်းသွားနိုင် မည်ဖြစ်ပါသဖြင့် ခေါ်ဘူဒဲကျေးလက်ကျန်းမာရေးဌာန စံကိုက်ဖွဲ့စည်းပုံအဖြစ် ဖွင့်လှစ်ခွင့်ရရှိရန် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ၂၈-၈-၂၀၁၉ ရက်စွဲပါစာဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနသို့ ဖွဲ့စည်းပုံခွင့်ပြုမိန့်ရရှိရေးအတွက် အဆိုပြုတင်ပြထားပြီး ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ၁၃-၉-၂၀၁၉ ရက်စွဲပါစာဖြင့် စီမံကိန်းနှင့် ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့သို့ ဝန်ထမ်းအင်အား ဖွဲ့စည်းပုံအဆိုပြုချက်နှင့်အတူ ညှိနှိုင်းပေးပို့ထားပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မေးခွန်းတွင် ဖော်ပြပါရှိသည့် ကျေးရွာလေးရွာအနက် လိုအပ်မှုရှိသော ကျေးရွာသုံးရွာ ဖြစ်သည့် ဇီးထန်ကျေးရွာ၊ အဘွန်ထန်ကျေးရွာနှင့် ရှီးလန်ဒမ်းကျေးရွာတို့တွင် ကျေးလက်ကျန်းမာရေးဌာနခွဲ သစ် တိုးချဲ့ဖွင့်လှစ်ရန်နှင့်ပတ်သက်၍ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများ၏ နိုင်ငံ့ဝန်ထမ်းဖွဲ့စည်းပုံ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်း၊ ဝန်ထမ်းခန့်အပ်ထားခြင်းတို့နှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအဖွဲ့၏ ၃၀-၇-၂၀၂၀ ရက်စွဲပါအမိန့် ကြော်ငြာစာအမှတ် (၆၈/၂၀၂၀)အား ထုတ်ပြန်ထားပါသဖြင့် အဆိုပါမူဝါဒနှင့်အညီစိစစ်၍ ဆက် လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ‌ပြန်လည်ဖြေကြားပါသည်။