Skip to main content

(ဇ)-ခန္တီးမြို့နယ်၊ တိုက်တီးကျေးရွာ ကျေးလက်ကျန်းမာရေး ဌာနခွဲအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာများကိုဆက်လက် ဆောက်လုပ်ခြင်း မရှိသည့် ကုမ္ပဏီနှင့် လုပ်ငန်းတည်ဆောက်မှု ၅၀ ရာခိုင်နှုန်း ပြီးစီးခြင်း မရှိဘဲ ထောက်ခံပေးသည့် မြို့နယ်အဖွဲ့အစည်းအသီးသီးကို မည်သို့  အရေးယူ ဆောင်ရွက်မည်နှင့် ယင်းအဆောက်အဦများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြီးစီးအောင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိတို့နှင့် စပ်လျဉ်းသည့် မေးခွန်း

တိုက်တီးကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦနှင့်ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးလုပ်ငန်းကိုတင်ဒါအောင် Naga Brother  ကုမ္ပဏီမှတည်ဆောက်ရေး  လုပ်ငန်း ၅၀ရာခိုင်နှုန်း ပြီးစီးခြင်းမရှိဘဲမြို့နယ်အဖွဲ့အစည်း အသီးသီးတို့၏ ‌ထောက်ခံချက်ရယူပြီး ခွင့်ပြုရန်ပုံငွေ၏ ၅၀ ရာခိုင်နှုန်း ၃၀.၁၂၅ သန်းကိုထုတ်ယူသုံး စွဲထားပြီးဖြစ်ပါကြောင်း၊ ၎င်းတည်ဆောက်ရေးလုပ်ငန်းကိစ္စနှင့်ပတ်သက်ပြီး အဆောက်အဦ ဓာတ်ပုံမှတ်တမ်းနှင့်တကွ ၂၁-၅-၂၀၁၈ ရက်စွဲဖြင့် အဋ္ဌမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကြယ်ပွင့်မပြ မေးခွန်းမေးခဲ့ပါကြောင်း၊ ၎င်းမေးခွန်းနှင့် ပတ်သက်၍၂၆-၅-၂၀၁၈ ရက်နေ့ နေ့လယ် ၁:၀၀ နာရီအချိန် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ လူမှုရေးဝန်ကြီးရုံးခန်း၌ သက်ဆိုင်ရာ ကုမ္ပဏီအား ၂၀၁၈ ခုနှစ် စက်တင်ဘာလအတွင်း အပြီးဆောင်ရွက်ရန် လူမှု‌ဝန်ထမ်းကြီးကြပ်ရေးဝန်ကြီးက လမ်းညွှန်မှာကြားပြီးဖြစ်ရာ စာချုပ်များ ချုပ်ဆိုလျက် ကုမ္ပဏီမှ ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း တိုင်းဒေသကြီး၊ လူမှုဝန်ထမ်း ကြီးကြပ်ရေးဝန်ကြီး ဖြေကြားခဲ့သည်ကို ပြည်ထောင်စု ဝန်ကြီးမှတစ်ဆင့် ၁၇-၇-၂၀၁၈ ရက်စွဲဖြင့် ကြယ်ပွင့်မပြ မေးခွန်းကို ပြန်လည်ဖြေကြားပေးခဲ့ပါကြောင်း၊

ကြယ်ပွင့်မပြမေးခွန်းကို ဖြေကြားပေးခဲ့သည့်အဖြေနှင့် ၂၉-၆-၂၀၂၀ ရက်နေ့အထိ အဆောက်အဦများကိုကုမ္ပဏီမှဆက်လက်ဆောက်လုပ်ခြင်း မရှိသေးကြောင်း၊ ၆-၃-၂၀၂၀ ရက်နေ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန် အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းတင်ပြီးချိန်မှကုမ္ပဏီက ၂၀၂၀ ပြည့်နှစ် ဇူလိုင်လမှစတင်ပြီး အဆောက်အဦများကို ပြန်လည်ဆောက်လုပ်နေသည်ဟုသိရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ တိုက်တီးကျေးရွာကျေးလက် ကျန်းမာရေးဌာနခွဲအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာတည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးမှုမရှိပါက ကုမ္ပဏီကို မည်သို့အရေးယူဆောင်ရွက်‌ပေးမည်နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်းပြီးစီးစေရန် မည်သို့စီမံဆောင်ရွက်ပေးမည်တို့ကိုသိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်မြလေးစိန်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်ရှိတိုက်တီးကျေးလက်ကျန်းမာရေးဌာနခွဲသည် ခန္တီးမြို့မှ မိုင် ၅၀ ကွာဝေးပြီး ရေလမ်းတစ်မျိုးတည်းဖြင့်သွားရသည့် နေရာတစ်ခုဖြစ်ပါကြောင်း၊ အနီးဆုံး ကျေးလက် ကျန်းမာရေးဌာနခွဲသည် ပဒူးမုန်း ကျေးလက် ကျန်းမာရေး ဌာနခွဲမှ ၁၅ မိုင်နှင့် ဆင်သေကျေးလက်ကျန်းမာရေးဌာနခွဲမှ ၂၅ မိုင်ခန့် ကွာဝေးသည်ကိုသိရှိရပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ တိုက်တီးကျေးရွာကျေးလက် ကျန်းမာရေး ဌာနခွဲတည်ဆောက်ရေး လုပ်ငန်းအား စစ်ကိုင်းတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏   ဒေသန္တရ စီမံကိန်း တင်ပြချက်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပြည်သူလူထု၏တောင်းဆိုချက်အရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်ငွေလုံးငွေရင်း အသုံးစရိတ်တွင် စီမံကိန်းတန်ဖိုးဖြစ်သည့် ကျပ် ၆၃.၀၀ သန်းဖြင့် ဝန်ကြီးဌာနမှ အဆင့်ဆင့်တင်ပြခွင့်ပြုပေးခဲ့ပါကြောင်း၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ တည်ဆောက်ရေးလုပ်ငန်းများအား ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီအဖွဲ့နှင့်လည်းကောင်း၊ အရည်အသွေး စစ်ဆေးရေးကော်မတီ အဖွဲ့ဖြင့်လည်းကောင်း တင်ဒါရွေးချယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ တိုက်တီး ကျေးလက်ကျန်းမာရေး ဌာနခွဲဆောက်လုပ်ခြင်းလုပ်ငန်းအားတိုင်းဒေသကြီး အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် တင်ဒါခေါ်ယူဆောင်ရွက်ခဲ့ရာတွင် Lock No-4 ဖြင့် ၃၀-၁၂-၂၀၁၆ ရက်နေ့တွင် Naga Brother ကုမ္ပဏီမှရန်ပုံငွေကျပ် ၆၀.၂၅၀ သန်းဖြင့်  တင်ဒါအောင်မြင်ခဲ့ပြီး Naga Brother ကုမ္ပဏီအား ၆-၁-၂၀၁၇ ရက်နေ့တွင် ကျပ် ၆၀.၂၅၀ သန်းဖြင့် လုပ်ငန်းအပ်နှံခြင်း သဘောတူစာချုပ်ချုပ်ဆို၍ တည်ဆောက်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်စေခဲ့ပါကြောင်း၊ Naga Brother ကုမ္ပဏီသည် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်ဆောက်လုပ်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်း ၂၅ ရာခိုင်နှုန်း ပြီးစီးကြောင်း ထောက်ခံချက်အရ ပထမအကြိမ်တန်ဖိုးငွေ ၁၅.၀၆၂၅ သန်းအားပေးချေနိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး၊  ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တင်ပြခဲ့ပြီး ငွေပေးချေခဲ့ပါကြောင်း၊

တိုက်တီးကျေးလက်ကျန်းမာရေး ဌာနခွဲ၏ တည်ဆောက်ရေးလုပ်ငန်း ၅၀ ရာခိုင်နှုန်း ပြီးစီးမှုဒုတိယအရစ် ၂၅ ရာခိုင်နှုန်း ရန်ပုံငွေပေးချေနိုင်ရေးအတွက် မှတ်တမ်းဓာတ်ပုံများဖြင့် တင်ပြလာခြင်းကို မြို့နယ်ဆောက်လုပ်ရေး ကော်မတီ၏ ကြီးကြပ်မှုထောက်ခံချက်ဖြင့် တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ခွင့်ပြုချက်ရယူပြီး ၁၆-၅-၂၀၁၇ ရက်နေ့တွင် ရန်ပုံငွေကျပ် ၁၅.၀၂၅ သန်းအားပေးချေခဲ့ပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် တိုက်တီးကျေးလက် ကျန်းမာရေးဌာနခွဲ၏ လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး‌ ဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် ကျန်ရန်ပုံငွေ ၃၀.၁၂၅ သန်းအားပြန်လည်အပ်နှံခဲ့ပါကြောင်း၊ တိုက်တီးကျေးလက် ကျန်းမာရေးဌာနခွဲ တည်ဆောက်ရေးလုပ်ငန်းအတွက် ပြန်လည်အပ်နှံသည့် ရန်ပုံငွေအား ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ကာလတွင် ဘဏ္ဍာရေးလုပ်ငန်းစဉ်အရ  လျာထားဆောင်ရွက်နိုင်ခြင်း မရှိ၍ လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ၂၀၁၈ ခုနှစ် ခြောက်လ ဘတ်ဂျက်တွင် ပြန်အပ်ရန် ရန်ပုံငွေလျာထားခဲ့ပါကြောင်း၊ ၅-၈-၂၀၁၈ ရက်နေ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာများသည် ‌ဒေသဖွံ့ဖြိုးရေးအတွက် ကျေးလက်လူထုနှင့် တွေ့ဆုံ၍ တိုက်တီး ကျေးလက် ကျန်းမာရေးဌာနခွဲ အဆောက်အဦ ဆောက်လုပ်ခြင်းအား ၅၀ ရာခိုင်နှုန်းအဆင့် ပြီးစီးမှု မရှိသေးကြောင်း တွေ့ရှိရပါသဖြင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ စစ်ဆေးမေးမြန်းကြည့်ရာ တည်ဆောက်မှုလုပ်ငန်း ၅၀ ရာခိုင်နှုန်းပြီးစီးကြောင်း မှတ်တမ်းဓာတ်ပုံများနှင့် တင်ပြလာသည့်အတွက် အဆင့်ဆင့်ထောက်ခံချက်ဖြင့် ၃၀.၁၂၅ သန်းအား ‌ထုတ်ပေးခဲ့သည်ကို တင်ပြခဲ့ပါကြောင်း၊

ပြီးစီးမှုမရှိ ‌ထောက်ခံ‌ပေးခဲ့သည့်အတွက် မည်သို့ အရေးယူဆောင်ရွက်မည်ကို သိရှိလိုပါ၍ ပြည်သူ့လွှတ်တော်တွင် ကြယ်ပွင့်မပြ မေးခွန်းအား ‌မေးမြန်းခဲ့ပါကြောင်း၊ ကျေးလက်ကျန်းမာရေးဌာနခွဲ၏ တည်ဆောက်ရေးလုပ်ငန်း ရန်ပုံငွေခွင့်ပြုချက်အရ Naga Brother ဆောက်လုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရမည် ဖြစ်သော်လည်း ‌မြေပြင်စိ စစ်မှုအရ လုပ်ငန်းပြီးစီးမှုသည် ၅၀ ရာခိုင်နှုန်း ပြီးစီးမှုမရှိသည်ကို တွေ့ရခြင်းကြောင့် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သက်ဆိုင်ရာကုမ္ပဏီအား သတ်မှတ်ကာလအတွင်း လုပ်ငန်းများပြီးစီးရေး ဆောင်ရွက်ရန် ညွှန်ကြားခဲ့သော်လည်း ကုမ္ပဏီမှ ဆက်လက်ဆောင်ရွက်မှု မရှိခြင်းအရ တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ၂၇-၈-၂၀၁၈ ရက်နေ့တွင် အစီရင်ခံတင်ပြခဲ့ပါကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများ  ပြီးစီးမှုမရှိသည့် အခြေအနေအရလုပ်ငန်း၏ ရန်ပုံငွေရရှိသုံးစွဲမှု၊ လုပ်ငန်း ပြီးစီးဆောင်ရွက်မှုများကို စစ်ဆေးတင်ပြရန် ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်၍ တိုင်းဒေသကြီး၊ စာရင်းစစ်ချုပ်ရုံး၊ တိုင်းဒေသကြီး လမ်းဦးစီးဌာန၊ တိုင်းဒေသကြီးစီမံကိန်းဦးစီးဌာန၊ ခရိုင်စီမံကိန်း ကော်မတီများ ပါဝင်‌သည့် အဖွဲ့ကို ၁၃-၅-၂၀၁၉ ရက်နေ့တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီး၏ တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ချိန် ကာလအတွင်း ပြီးစီး ဆောင်ရွက်မှု မရှိခြင်းနှင့် လွှတ်တော် မေးမြန်းချက်များအရ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်ဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ပြီးစီးမှု မရှိသေးသည့် လုပ်ငန်းများအား စိစစ်ရန်တာဝန်‌ပေးချက်အရ ဒုတိယဝန်ကြီး ဦးဆောင်သည့် အဖွဲ့မှ ပြည်နယ်နှင့်တိုင်းဒေသကြီးများသို့ သွားရောက်ခဲ့ရာတွင် စစ်ကိုင်းတိုင်းဒေသကြီးသို့လည်း သွားရောက်ခဲ့ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုဝန်ထမ်းကြီးကြပ်‌ရေးဝန်ကြီးဌာန ဝန်ကြီးများနှင့် ၉-၁-၂၀၂၀ ရက်နေ့တွင် တွေ့ဆုံလျက် ဒေသတွင်းရှိ တည်ဆောက်ရေး လုပ်ငန်းများ  နာဂဒေသရှိ ဆောင်ရွက်ဆဲ လုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ထုံးလုပ်နည်းများအရ ‌ဆောင်ရွက်ရေးတို့ကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါကြောင်း၊

ဆွေးနွေးမှုများအရ လုပ်ငန်းလမ်းညွှန်ချက်ဖြင့် ကော်မတီစိစစ်ဆောင်ရွက်ရေးအတွက် ပြည်ထောင်စုဝန်ကြီး၏ ညှိနှိုင်းစာနှင့် တိုင်းဒေသကြီးသို့ မေတ္တာရပ်ခံခဲ့ပါကြောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့လည်း ၂၂-၅-၂၀၂၀ ရက်နေ့တွင် အကြောင်းကြား ဆောင်ရွက်ခဲ့ပါကြောင်း၊ တိုက်တီးကျေးလက်ကျန်းမာရေးဌာနခွဲ ပြီးစီးဆောင်ရွက်နိုင်ရန်အတွက် ကျန်ရှိ ရန်ပုံငွေ ၂၀၁၉-၂၀ ဘဏ္ဍာရေးကာလအတွင်း ပြန်လည်လျာထား ဆောင်ရွက်ခဲ့ပါကြောင်း၊ Naga Brother ဆောက်လုပ်ရေး ကုမ္ပဏီအား ၁၈-၂-၂၀၂၀ ရက်နေ့တွင် ခွင့်ပြုတာဝန်ပေးအပ်ပြီး ဆက်လက်ဆောက်လုပ်ရန်အတွက် ညွှန်ကြားခဲ့သည့်အတွက် ၂၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အင်ဂျင်နီယာဌာနမှတင်ပြလာကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တင်ပြချက်အရ ၂၇-၆-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုဝန်ထမ်းကြီးကြပ်ရေးဝန်ကြီးနှင့် တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရှေ့မှောက်တွင် ယခုဘတ်ဂျက်ကာလအတွင်း ပြီးစီးဆောင်ရွက်ပါမည်ဟု ကတိဝန်ခံချက်ထိုး၍ စာချုပ်အသစ် ချုပ်ဆိုခြင်းတို့ကို ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးဆောင်ရွက်မှု မရှိခြင်း၊ ဘဏ္ဍာ ရန်ပုံငွေအရလုပ်ငန်းများ ပြီးစီးမှု မရှိခြင်းအား တိုင်းဒေသကြီး အစိုးရအဖွဲ့မှဖွဲ့စည်း ပေးအပ်ထားသော စစ်ဆေးရေး အဖွဲ့များဖြင့် စစ်ဆေးတွေ့ရှိ သုံးသပ် အကြံပြုချက်များအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခြင်း၊ ဌာနတွင်း စစ်ဆေးခြင်းများကို ဆက်လက်ဆောင်ရွက်ရန် ညွှန်ကြားထားပြီးဖြစ်ပါကြောင်း ‌ဖြေကြားပါသည်။

ဦးအောင်သန်းစိန်(ခန္တီးမဲဆန္ဒနယ်)ကဆက်စပ်မေးခွန်းမေးမြန်းပါသည်။

မိမိလွှတ်တော်တွင် ကြယ်ပွင့်ပြမေးခွန်းတင်သည့်အချိန်မှ ကုမ္ပဏီသည် ၂၀၂၀ ပြည့်နှစ်  ဇူလိုင်လမှစပြီး အဆောက်အဦကို ပြန်လည်‌ ဆောက်လုပ်နေသည့် ‌ဆေးခန်း အဆောက်အဦ၊ ဝန်ထမ်းအိမ်ရာအဆောက်အဦများသည် ၂၂-၈-၂၀၂၀ ရက်နေ့အခြေအနေအရဆိုပါက ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်အမီ ပြီးစီးနိုင်မည့် အခြေအနေမတွေ့ရပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနသည် အစိုးရသက်တမ်း ငါးနှစ်အတွင်း အဆောက်အဦများကို ပြီးစီးစေရန် မည်ကဲ့သို့ စီမံဆောင်ရွက်‌ပေးမည်ကိုဆက်စပ်‌မေးခွန်း မေးမြန်းပါသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်မြလေးစိန်

မိမိတို့သည် စစ်ကို င်းတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှတစ်ဆင့် စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အမြဲမပြတ် ဆွေးနွေးပြီး ဆောင်ရွက်လျက် ရှိပါကြောင်း၊ ‌ဆောက်လုပ်ရေး လုပ်ငန်းများ အားလုံးကို မိမိတို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိနေပါကြောင်း၊ ထို့ကြောင့် ကိုယ်စားလှယ်တော်ကြီးတင်ပြသွားသည့်အတိုင်း ယခုနှစ်အတွင်းတွင် မပြီးနိုင်ကြောင်းကို တင်ပြချက်များအရ တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် မိမိတို့ဌာနသည် လိုအပ်သည့်စစ်ဆေးတွေ့ရှိချက်၊ သုံးသပ် အကြံပြုချက်များကို လုပ်ထုံးလုပ်နည်းနှင့်အညီဆက်လက်ပြီး ဆောင်ရွက်သွားခြင်း၊ အရေးယူခြင်း လုပ်ငန်းများကို ဆောင်ရွက်ခြင်းနှင့် ဌာနတွင်း စစ်ဆေးခြင်း လုပ်ငန်းများကို ဆက်လက် ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။