Skip to main content

India-Myanmar-Thailand Trilateral Linked ကို တပ်မတော်အစိုးရနှင့် သမ္မတကြီးဦးသိန်းစိန်အစိုးရ လက်ထက်တို့တွင် စတင်ဆွေးနွေးအကောင်အထည်ဖော်ခဲ့ပြီး ယခုအခါ အိန္ဒိယကုမ္ပဏီများကလုပ်ငန်း(Site)ထဲအထိ ဝင်ရောက်လာနိုင်ခဲ့ပြီး လမ်းချဲ့ခြင်း၊ မြေသားတာပေါင်တင်ခြင်း၊ တံတားထိုးခြင်းလုပ်ငန်းများလုပ်ကိုင်နိုင်ခဲ့ပါကြောင်း၊ လမ်းချဲ့ခြင်းနှင့် မူလက ကောက်နေသည့်လမ်းများကို ဖြောင့်ခဲ့သည့်အတွက် ဒေသခံတောင်သူများ၏ မြေယာများလမ်းနယ်ထဲတွင် ပါဝင်သွားခဲ့ပြီး အိန္ဒိယမှဘတ်ဂျက်ဖြင့် တောင်သူ ၁၅၈ ဦး၏ လယ်မြေ(၆၇.၂၅)ဧက၊ ယာမြေ (၈၂.၂၄)ဧကတို့အတွက် မြေယာ၊ သီးနှံနှင့် အဆောက်အဦ လျော်ကြေးငွေစုစုပေါင်း ၁,၄၁၆.၄၅ သန်း ပေးလျော်ခဲ့ပြီးဖြစ်သည်ဟုလည်း သိရှိရပါကြောင်း၊ လျော်ကြေးငွေရရှိပြီးသောတောင်သူများအတွက် ဝမ်းမြောက်စရာကောင်းသော်လည်း တောင်သူ ၃၇၆ ဦးအနေဖြင့် လမ်းနယ်မြေထဲကို ၎င်းတို့၏လယ်ယာများ ပါသွားခဲ့သော်လည်း ယခုအချိန်အထိ လျော်ကြေးမရသေးခြင်းကြောင့် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီကိုတင်ပြခဲ့သည်ဟု လေ့လာသိရှိရပါကြောင်း၊

မြေယာလျော်ကြေးပေးရန် လက်တွေ့ကွင်းဆင်းတိုင်းတာခဲ့ကြသူများ၏ အားနည်းချက် နှင့် Change Point အပြောင်းအလဲတို့ကြောင့် မိမိတို့၏ လယ်ယာများ လမ်းနယ်မြေထဲကို ပါသွားခဲ့သော်လည်း ယခုအချိန်အထိ လျော်ကြေးမရသေးရသည့် တောင်သူအချို့သည် မိမိဆီကိုလာရောက်ပြီး တင်ပြခဲ့သည်များ ရှိပါကြောင်း၊ ထို့ကြောင့် တောင်တွင်းဒေသကို ဖောက်လုပ်သည့် အဆိုပါလမ်းမကြီးသည်ဒေသခံများ၏ လူမှုစီးပွားဘဝကို မြှင့်တင်ရာတွင် အထောက်အကူမရသော်လည်း ဒေသခံများ၏ လယ်ယာစိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရာတွင် အနှောင့်အယှက်မဖြစ်စေရန် အိန္ဒိယကုမ္ပဏီနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်နေသောဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့်သတိပြုစေလိုပါကြောင်း၊ ဒေသခံများအနေဖြင့် လမ်း၏အရှေ့ဘက် ရေထွက်မှလမ်းကိုဖြတ်ပြီး မြောင်းနှင့် ရေသွယ်ယူပါကြောင်း၊ လမ်းအနောက်ဘက်က လယ်များကို မိုးတွင်းကာလတွင် ရေအသုံးချစိုက်ပျိုးနေရခြင်း ဖြစ်ပါကြောင်း၊ ယခုအခါ လမ်းမကြီးကို မူလလမ်းထက် Level မြှင့်တင်ခဲ့ပြီး ရေပေးမြောင်းများကို ထည့်သွင်းမစဉ်းစားသည့်အတွက် ကွင်းအမှတ်(၇၃၃)တွင် ဧက ၅၀၊ ဝက်တိုးဆည်မှ ရေသွယ်ယူသည့် ဧက ၁၀၀ နှင့် ကွင်းအမှတ်(၆၉၅)တွင် ဧက ၅၀၀ ခန့်တို့သည် ရေမရဘဲ မိုးခေါင်နေခြင်းတို့ကြောင့် စိုက်ပျိုးနိုင်ခြင်းမရှိသည်ကို မိမိ၏ ခရီးစဉ်ထဲတွင်လည်း မျက်မြင်တွေ့ရှိခဲ့ရပါကြောင်း၊ ထို့ကြောင့် အိန္ဒိယကုမ္ပဏီ တာဝန်ရှိသူများကို ဒေသခံများက သွားရောက်တင်ပြခဲ့သော်လည်း  ဒေသခံများအနေဖြင့် ယခုအချိန်အထိ အဆင်ပြေခြင်း မရှိသေးပါကြောင်း၊  မိမိတို့အနေဖြင့် လမ်းကို ကောင်းအောင်ဆောင်ရွက်ပြီး ဆည်က ရေကိုလည်း စီးစေလိုပါကြောင်းနှင့် လယ်လည်းစိုက် နိုင်စေရန်အတွက် ပ.ဆ.င တာဝန်ရှိသူများ သိရှိပြီး ဒေသခံများ၏ဒုက္ခကို ကူညီဖြေရှင်းပေးနိုင်ပါရန် တင်ပြလိုပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် လမ်းနယ်မြေထဲလယ်ယာပါသည်ခြင်းအတူတူ လျော်ကြေးမရသေးသည့် တောင်သူ ၃၇၆ ဦးတို့ အတွက် အမြန်ဆုံးစိစစ်ပြီး လျော်ကြေးငွေရရှိအောင် ဆောင်ရွက်ပေးရန်အစီအစဉ် ရှိ/မရှိကို လည်းကောင်း၊ လမ်းလုပ်ငန်းကြောင့် ရေမြောင်းပိတ်ပြီး ဆည်ရေငတ်နေသည့် လယ်များကို ရေအမြန်ဆုံး ရရှိအောင် အမြန်ဆုံးစီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးကျော်လင်း

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မုံရွာ-ယာကြီး-ကလေးဝ လမ်းသည် အိန္ဒိယ-မြန်မာ- ထိုင်း သုံးနိုင်ငံဆက်သွယ်သည့် အာရှပတ်လမ်း(AH1)၏ လမ်းပိုင်းတစ်ခုဖြစ်ပြီး မိုင်တိုင်(၀/၀)မှ မိုင်တိုင် (၁၁၅/၅)အထိ စုစုပေါင်းလမ်းအရှည် ၁၁၅/၅ မိုင်ရှိပါကြောင်း၊ အဆိုပါလမ်း၏ မိုင်တိုင်(၄၀/၀) အထိ လမ်းအရှည် မိုင် ၄၀ ကို မုံရွာအုပ်စုကုမ္ပဏီမှ B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိပြီး မိုင်တိုင်(၄၀/၀)မှ မိုင်တိုင်(၁၁၅/၅)အထိ လမ်းအရှည် ၇၅/၅ မိုင်ကို အိန္ဒိယအကူအညီ (Grant Aid)ဖြင့် ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း အဆင့်မြှင့်တင်သွားမည် ဖြစ်ပါသဖြင့်မုံရွာ-ယာကြီး-ကလေးဝ လမ်းသည် လမ်းနယ်နိမိတ်အကျယ် ၂၃၀ ပေ နိုင်ငံတကာဆက်သွယ်ရေးလမ်းမကြီးအဖြစ် ဖြစ်ပေါ်လာမည် ဖြစ်ပါကြောင်း၊ မုံရွာ-ယာကြီး-ကလေးဝ လမ်းမကြီး တိုးတက်ကောင်းမွန်မှ မင်းကင်းဒေသတိုးတက်မည်ဖြစ်သည့်အတွက် အဆိုပါလမ်းမကြီး တိုးတက်ဖြစ်ပေါ်လာရန် အင်မတန်အားထည့်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းလမ်းမကြီးနှင့်ပတ်သက်ပြီး အိန္ဒိယအကူအညီ(Grant Aid)ရရှိရန် အိန္ဒိယနိုင်ငံကို ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း စုစုပေါင်း ငါးကြိမ်တိုင်တိုင် သွားရောက်ဆွေးနွေးခဲ့ပါကြောင်း၊ နောက်ဆုံးအခေါက်ဖြစ်သည့် နိုင်ငံတော်သမ္မတ၏ ခရီးစဉ် အတွင်း ၂၉-၈-၂၀၁၆ ရက်နေ့တွင် အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန် Dr.S.Jaishankai နှင့် နှစ်နိုင်ငံခေါင်းဆောင်များ၏ရှေ့တွင် MOU လက်မှတ် ရေးထိုးနိုင်ခဲ့ပြီး ယခု Project ကြီး ဖြစ်ပေါ်လာရခြင်း ဖြစ်ပါကြောင်း၊ အဆိုပါလမ်း၏ မိုင်တိုင်(၄၀/၀)မှ မိုင်တိုင်(၁၁၅/၅)အတွင်း အိန္ဒိယအကူအညီဖြင့် လမ်းအဆင့်မြှင့်တင်တည်ဆောက်ရာတွင် လမ်းနယ်အတွင်းပါသွားသည့် လယ်ယာမြေများ၊ သီးနှံသစ်ပင်များနှင့် အဆောက်အဦများအတွက် ဒေသခံများကိုတစ်ယောက်မကျန်လျော်ကြေးပေးချေနိုင်ရေးကိုသေချာစီစဉ်ဆောင်ရွက်ခဲ့ပါကြောင်းနှင့် လျော်ကြေးငွေပေးချေရာတွင် ကိုးကြိမ်ပေးချေခဲ့ပြီး လယ်မြေဧရိယာ ၈၈.၄၃ ဧက၊ ယာမြေဧရိယာ ၁၂၅.၆၂ ဧက၊ နေအိမ် ၁၁ လုံးနှင့် သီးနှံလျော်ကြေးများအတွက် လူဦးရေစုစုပေါင်း ၄၇၀ ဦးအား ကျပ် ၂.၀၄၃ ဘီလီယံ ပေးလျော်ခဲ့ပါကြောင်း၊ နောက်ဆုံးအကြိမ် ပေးလျော်ခဲ့သည့် ၁၄-၁၂-၂၀၁၉ ရက်နေ့တွင် မင်းကင်းမြို့နယ်၊ ကြာပင်ကျေးရွာတွင် မိမိကိုယ်တိုင်မြေယာ‌လျော်ကြေး ပေးအပ်ခဲ့သည့်နေရာများတွင် ကျေးရွာနေပြည်သူများက လျော်ကြေးငွေများပေးအပ်ရန်ကျန်ရှိနေသေးကြောင်း တင်ပြလာသည့်အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပေးချေနိုင်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြေစာရင်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းအဖွဲ့ကို အမြန်ဆုံးတိုင်းတာတင်ပြပေးရန် ညှိနှိုင်းမေတ္တာရပ်ခံခဲ့ပါကြောင်း၊

မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းကို လမ်းအဆင့်မြှင့်တင်တည်ဆောက်ရာတွင် မူလလမ်းအူကြောင်း၏ အတက်အဆင်းမတ်စောက်သည့်နေရာများနှင့် ချိုင့်ဝှမ်းနေရာများကို လမ်းအူကြောင်း ပြေပြစ်စေရန် လမ်းအူကြောင်းအသစ်ပြောင်းလဲခြင်းနှင့် ယခင်သတ်မှတ်လမ်းနှင့် ၁၅၀ ပေ သတ်မှတ်ရာတွင် ၂၃၀ ပေ တိုးမြှင့်သတ်မှတ်ခဲ့သဖြင့် လမ်းနယ်အတွင်း ပါဝင်သွားသည့်လယ်ယာမြေများအား လျော်ကြေးပေးချေရာတွင် ပါဝင်သွားခြင်းမရှိသေးသည့် ဒေသခံများအား မြေယာလျော်ကြေးငွေ ထပ်မံပေးအပ်နိုင်ရန် စနစ်တကျကွင်းဆင်းတိုင်းတာ၍ စာရင်းကောက်ယူလျက်ရှိပြီး ပေးလျော်ရမည့် လယ်ယာမြေစာရင်းများအတည်ပြုချက်ရရှိလျှင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ရန်ပုံငွေတင်ပြတောင်းခံပြီး မြေယာလျော်ကြေးများ အမြန်ဆုံးပေးအပ်နိုင်ရေးကို စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆက်လက်ပြီး လမ်းမကြီး၏ လက်ဝဲဘက်၊ လက်ယာဘက်တွင် ရေထုတ်ပြွန်များနှင့် ပတ်သက်၍ ပြီးခဲ့သည့်လေးရက်အတွင်းတွင် ကိုယ်တိုင်ကွင်းဆင်းပြီး ဒေသခံများနှင့်တွေ့ပြီး အိန္ဒိယနိုင်ငံက လာရောက်သည့်ကန်ထရိုက်တာအဖွဲ့နှင့် ညှိနှိုင်း၍ သုံးနေရာတွင် ချက်ချင်းအမြန်ဆုံးဖောက်ထုတ် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်းနှင့် သဘောတူညီမှုရရှိပြီးဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးမောင်မြင့်(မင်းကင်းမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

Project သည် အစိုးရချင်းဆောင်ရွက်သည်မှာ မှန်သည်ဆိုသော်လည်း အောက်ခြေတွင် တောင်သူ လယ်သမားများအနေဖြင့် ကြုံတွေ့နေရသည့်အခက်အခဲမှာ ယခုအချိန်တွင် ပျိုးထောင်ပြီး စိုက်ပျိုးရမည်များကို စိုက်ပျိုးနိုင်ခြင်း မရှိပါကြောင်း၊ မနှစ်ကလည်း စိုက်ပျိုးနိုင်ခြင်း မရှိဘဲ ယခုနှစ်တွင်လည်း စိုက်ပျိုးနိုင်ခြင်းမရှိပါက တောင်သူများအနေဖြင့် များစွာနစ်နာပါကြောင်း၊ ထို့ကြောင့် မည်သို့ပြီးပြည့်စုံအောင်ဆောင်ရွက်မည်ဆိုသည်ကို အထူးအလေးထားတင်ပြလိုပါကြောင်း၊ မြေယာလျော်ကြေးမရသေးသည့် လူများအတွက်လည်း အမြန်ဆုံးရရှိအောင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း

တောင်တွင်းကြောင်ဒေသကို ဖြတ်သွားသည့် လမ်းမကြီးနှင့်ပတ်သက်ပြီး  ဘန်ကောက်ကနေစပြီး နယူးဒေလီတွင် ဆုံးမည့် အိန္ဒိယ-မြန်မာ-ထိုင်း(Tripartite Highway)၏ လမ်းပိုင်းအစိတ်အပိုင်းဖြစ်ပါကြောင်း၊အဆိုပါ လုပ်ငန်းသည်သုံးနိုင်ငံ Tripartite Highway တည်ဆောက်ရန် သဘောတူညီခဲ့ပါကြောင်း၊ သဘောတူညီချက်အရတည်ဆောက်ရာတွင် Cross Border Transport Agreement(CBTA)ကို သုံးနိုင်ငံလုံးလက်မှတ်ရေးထိုးရပြီး Cross Border Transport Agreement အရ အိန္ဒိယ- မြန်မာ - ထိုင်း စသည်ဖြင့် ကားများသွားလာရန် လက်မှတ်ရေးထိုးရပါကြောင်း၊ ထို့ကြောင့် အဆိုပါ Corridor တစ်လျှောက်တွင် သေချာပေါက် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ထိုသို့ တိုးတက်လာပါက တောင်တွင်းချောင်ဒေသ‌သည် နောင်တစ်ချိန်တွင် သေချာပေါက်စည်ကားသိုက်မြိုက်သည့် မြို့ကြီး၊ တောင်တွင်းမြို့ သို့မဟုတ် ကြာပင် မြို့အထိ တိုးတက်လာရန်ရှိပါကြောင်း၊  တစ်ပြိုင်နက်တည်းတွင် အဆိုပါတောင်တွင်းဒေသကို ဖြတ်ပြီး ဟားခါး-မှန်တော-တင်ဒါး-မင်းကင်းလမ်းကြီးကို စဖောက်နေပါကြောင်း၊ အဆိုပါ လမ်းမကြီးပေါ်ရှိ ဒေါင်ဘားချောင်းတံတားလည်း တည်ဆောက်ပြီးစီးပြီဖြစ်သည့်အတွက် လာမည့်အောက်တိုဘာလ ဒုတိယအပတ်တွင် အဆိုပါလမ်းမကြီးနှင့် ဒေါင်ဘားချောင်းတံတား ဖွင့်လှစ်မည်ဖြစ်ပါကြောင်း၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီက ပွင့်လင်းမြင်သာမှုရှိစေရန်နှင့်ပတ်သက်ပြီး အားလုံးပူးပေါင်းဆောင်ရွက်နိုင်ရန် ညှိနှိုင်းမေတ္တာရပ်ခံသွားပါမည်ဖြစ်ပါကြောင်းနှင့် ယင်းသို့ ပူးပေါင်းဆောင်ရွက်မည်ဆိုပါက အမြန်ဆုံးပြီးစီးပြီး ဒေသခံပြည်သူ့များကို လျော်ကြေးပေးချေသွားနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။