Skip to main content

အထည်ချုပ်လုပ်ငန်းကဏ္ဍသည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး ပို့ကုန်လုပ်ငန်းကဏ္ဍအဖြစ် ကိုယ်စားပြုနေပြီး လွန်ခဲ့တဲ့ငါးနှစ်ကျော်ကာလ အတွင်းတွင် တစ်နှစ်ကို ၂၅ ရာခိုင်နှုန်းဖြင့် တိုးတက် မြင့်မားလာခဲ့ပါကြောင်း၊ ၂၀၁၈ ခုနှစ်တွင် အဆိုပါ လုပ်ငန်းကဏ္ဍအတွက် စုစုပေါင်းပို့ကုန်တန်ဖိုး သည် အမေရိကန်ဒေါ်လာ ၂.၇ ဘီလီယံရှိခဲ့ပါကြောင်း၊ အလုပ်သမားငါးသိန်းကျော်ကိုလည်း အလုပ် ပေးထားနိုင်ပါကြောင်း၊ အစိုးရအနေဖြင့် အဆိုပါကဏ္ဍကို ရည်ရွယ်ချက်ကြီးမားသည့် စီမံချက် တစ်ရပ်ရှိပြီး ၂၀၂၀ ပြည့်နှစ်တွင် ပို့ကုန်တန်ဖိုး ၁၀ ဘီလီယံ ရရှိရန်အတွက် ခန့်မှန်းထားပါကြောင်း၊ လုပ်ကိုင်နေပါကြောင်း၊ အစိုးရအနေဖြင့် ထိုလုပ်ငန်းများကို ကူညီပံ့ပိုးပေးရန် အားထုတ်ကြိုးပမ်း လျက်ရှိပြီးမြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်းနှင့်လည်း ကူညီပံ့ပိုးသူအဖွဲ့အစည်းများ မှလည်း အထည်ချုပ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ရန်အတွက် ပြင်ပမှပံ့ပိုးဆောင်ရွက်မှုများ လုပ်ကိုင်နေပါကြောင်း၊ မြန်မာနိုင်ငံတွင် အလျင်မြန်ဆုံးတိုးတက်လာသည့် အထည်ချုပ်လုပ်ငန်းမှ အလုပ်သမားအင်အားအများစုသည် လိုအပ်သည့် အရည်အချင်းနှင့်အတွေ့အကြုံများမရှိပါကြောင်း၊ အလားတူအလယ်အလတ်စီမံခန့်ခွဲရေးစွမ်းရည်များလည်း အားနည်းနေပါသဖြင့် နိုင်ငံခြားမှ ဝန်ထမ်း များခန့်အပ်ဆောင်ရွက်နေရပါကြောင်း၊အများစုသည် တရုတ်နိုင်ငံနှင့် သီရိလင်္ကာနိုင်ငံသားများကို ခန့်အပ်ထားပါကြောင်း၊ လစာအနေဖြင့် ဒေါ်လာ ၂,၀၀၀ မှ ၄,၀၀၀ အထိပေးနေရပါကြောင်း၊ ၎င်းကဏ္ဍတွင် အလုပ်သမားအင်အား       ၁၀ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းလောက်အထိ စွမ်းရည်ရှိရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံတွင်ရှိသည့် ကျွမ်းကျင်မှုရာခိုင်နှုန်းသည် တခြားအပြိုင်ဈေးကွက် များနှင့်ယှဉ်လျှင် အများကြီးနိမ့်ကျနေပါကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံတွင်ကျွမ်းကျင်မှု ၄၉ ရာခိုင်နှုန်း ရှိပါကြောင်း၊  ထို့ကြောင့် ဘွဲ့ရ အထည်ချုပ်နည်းပညာရှင်များအတွက် အင်္ဂလိပ်စာ၊ စက်မှု(သင်္ချာ)၊ စက်မှု(ရူပေဗေဒ)၊ လျှပ်စစ်၊ ချည်မျှင်နှင့်အထည်အလိပ်၊ ဒီဇိုင်း၊ အထည်ချုပ်နည်းပညာ၊ ရောင်းဝယ် ရေး၊ ပို့ကုန်ပို့ဆောင်ရေး၊ စီမံခန့်ခွဲမှု စသည့်သင်ရိုးများပါဝင်သည့် တက္ကသိုလ်အဆင့်၊ သိပ္ပံအဆင့် ကျောင်းများ၊ အထည်ချုပ်ကျွမ်းကျင်သူအဆင့်မွေးထုတ်ပေးနိုင်သည့် အထက်တန်းကျောင်းများ၊ စက်ချုပ်သူ၊ အထည်ဖြတ် စသည်ဖြင့် မွေးထုတ်ပေးနိုင်သည့်သင်တန်းကျောင်းများ ဖွင့်လှစ် သွားရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။


ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်ရှိသည့် နည်းပညာတက္ကသိုလ်များအနက် ရန်ကုန်နည်းပညာတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်(မုံရွာ) တို့တွင် ချည်မျှင်နှင့် အထည်အင်ဂျင်နီယာ ဘာသာရပ်သင်တန်းများကို ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိပါကြောင်း၊ ရန်ကုန် နည်းပညာတက္ကသိုလ်တွင် ချည်မျှင်နှင့်အထည်အင်ဂျင်နီယာဌာနမှ ချည်မျှင်နှင့်အထည် အင်ဂျင်နီယာဘာသာရပ်အားဘွဲ့ကြိုသင်တန်း၊မဟာဘွဲ့သင်တန်းနှင့်ပါရဂူဘွဲ့သင်တန်းများအသီးသီး ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ ၎င်းတို့သည် Textile Engineering ဘာသာရပ်များဖြစ်ပါကြောင်း၊ ယနေ့ အထိဘွဲ့ကြိုသင်တန်းတွင် B.E ဘွဲ့ရ ၅၃၁ ယောက်၊ မဟာဘွဲ့သင်တန်းမှ M.E ဘွဲ့ရ ၄၈ ဦး၊ ပါရဂူဘွဲ့သင်တန်းမှဘွဲ့ရငါးဦးပြုစုပျိုးထောင်လေ့ကျင့်မွေးထုတ်ပေးခဲ့ပြီးကြောင်း၊ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်မှချည်မျှင်နှင့်အထည် အင်ဂျင်နီယာဌာနမှ ချည်မျှင်နှင့်အထည် အင်ဂျင်နီယာဘာသာရပ်သည်၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် မဟာဘွဲ့သင်တန်းကို ပြန်လည် ဖွင့်လှစ်ပေးခဲ့ပြီး ယနေ့အထိ စုစုပေါင်း M.E ဘွဲ့ရ သုံးဦးမွေးထုတ်ပေးနိုင်ခဲ့ပြီး နှစ်ဦးသည် တက်ရောက်ဆဲဖြစ်ကြောင်း၊ဘွဲ့ကြိုသင်တန်းကို ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှ စတင်၍ တက္ကသိုလ် ဝင်ခွင့်ခေါ်ယူခြင်းကိုရပ်နားထားခဲ့သော်လည်း နိုင်ငံတော်၏လိုအပ်ချက်အရ မိမိတို့စတင်တာဝန် ယူသည့် ကာလမှစ၍ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်သည် လှိုင်သာယာမြို့နယ်တွင် တည်ရှိသည့်အတွက် လှိုင်သာယာမြို့နယ်ထဲတွင် အထည်ချုပ်စက်ရုံများ များစွာရှိသည့်အတွက် အထောက်အကူပြုရန် နိုင်ငံတော်၏လိုအပ်ချက်အရ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ဘွဲ့ကြို သင်တန်းကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး လက်ရှိတွင် ပထမနှစ်ဘွဲ့ကြိုသင်တန်းသာ ၂၄ ဦး တက်ရောက် ပညာသင်ယူလျက်ရှိကြောင်း ၊နည်းပညာတက္ကသိုလ်(မုံရွာ)တွင် ချည်မျှင်နှင့် အထည် အင်ဂျင်နီယာဌာနမှ ချည်မျှင်နှင့်အထည် အင်ဂျင်နီယာဘာသာရပ်၌ ဘွဲ့ကြိုသင်တန်းများ ယနေ့အထိ စုစုပေါင်း B.E ဘွဲ့ရ ၂၃၀ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး လက်ရှိ ၂၀၁၉-၂၀၂၀ ပညာသင် နှစ်တွင် စုစုပေါင်းကျောင်းသားကျောင်းသူ ၁၅၃ ဦး တက်ရောက်ပညာ သင်ယူ လျက်ရှိကြောင်း ၊ထို့ကြောင့် ပညာရေးဝန်ကြီးဌာန အနေဖြင့်အထက်ဖော်ပြပါ တက္ကသိုလ်များတွင် နည်းပညာ တက္ကသိုလ် များတွင် B.E(Textile Engineering)သင်တန်းများကို ဖွင့်လှစ်သင်ကြား ပေးလျက်ရှိပြီး ချည်မျှင်နှင့်အထည် အင်ဂျင်နီယာများကို မွေးထုတ်ပေးလျက်ရှိကြောင်းနှင့် Garment Engineering ကိုလည်း ဆက်လက်ပြီးတိုးချဲ့ဖွင့်လှစ်နိုင်ရန်အတွက် လေ့လာဆန်းစစ် သုတေသန ပြုလုပ်၍ ဒေသ၏ လိုအပ်ချက်၊ နိုင်ငံတော်၏လိုအပ်ချက်အရ ဆက်လက်တိုးချဲ့ဖွင့်လှစ်ရန်အတွက် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ၊

ပညာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းသည် နိုင်ငံ တကာ ရင်းနှီး မြှုပ်နှံမှု အများအပြားဝင်ရောက်နေသည့် လုပ်ငန်းဖြစ်ပါကြောင်း၊ အလုပ်အကိုင်၊ အခွင့်အလမ်း လည်း အင်မတန်များပြားပါကြောင်း၊ Cut Make Pack(CMP)သည် အလုပ်အကိုင်အင်မတန် များပါကြောင်း၊ အခွင့်အလမ်းအတွက် အထူးသဖြင့် အမျိုးသမီးများအတွက် အလုပ်အကိုင်ပိုမိုရရှိစေ နိုင်သည်ကို အထောက်အကူပြုသည့်အတွက် ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနက မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA)၊ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ(MGHRDC) တို့ပူးပေါင်းပြီး ကာလတိုအခြေခံမော်တာစက်ချုပ်သင်တန်းများကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလမှစတင်၍ ဖွင့်လှစ် ခဲ့ရာ ယနေ့အထိ ၅၅ ကြိမ်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသားစုစုပေါင်း ၂,၇၄၂ ဦးခန့် သင်တန်းပေးလေ့ကျင့် ပေးခဲ့ပြီးကြောင်း ၊အဆိုပါသင်တန်းသားသင်တန်းသူများကို ပညာရေးဝန်ကြီး ဌာနမှ သင်ကြားရေး အထောက်အကူပြုစာတမ်းများနှင့် လိုအပ်သည့် ထောက်ပံ့မှုများကိုပြုလုပ်ပေးပြီး မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစင်တာမှ သင်တန်းသားများကို အထည်ချုပ်စက်ရုံနှင့်ချိတ်ဆက်ပြီး အလုပ်အကိုင်ရရှိပေးရန် ပူးပေါင်းဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ထို့အပြင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ အစိုးရနည်းပညာ ကောလိပ်၊ အစိုးရစက်မှုလက်မှု သိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများတွင် ဒေသ၏ လိုအပ်ချက်အရ အခြေခံနှင့် အဆင့်မြင့်စက်ချုပ်သင်တန်းများကို ကာလတိုသက်မွေးပညာသင်တန်း အဖြစ်ဖွင့်လှစ် သင်တန်းပေး လေ့ကျင့်ခဲ့ရာ ၂၀၁၈ ခုနှစ်မှ ယနေ့အထိ စုစုပေါင်းသင်တန်းသား ၂,၁၈၄ ဦးသင်တန်းပေးခဲ့ပြီး ကြောင်း၊

ထို့အပြင်အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)မှ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်းနှင့် ပူးပေါင်း၍ ၂၀၁၈ ခုနှစ် စက်တင်ဘာလမှစတင်၍ အဆင်မြင့်စက်ချုပ်ဆရာဖြစ်သင်တန်း ကို ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ အဆိုပါသင်တန်းတွင် Industrial Sewing Technique and Teaching Methodology သင်တန်းများ၊ Human Resource Management Training၊ Effective Communication Training of Trainer(TOT)သင်တန်းများစသည့် Soft Skill၊ Hard Skill Training များကို ပူးပေါင်းပြီး စတင်ဖွင့်လှစ်ပေးခဲ့ကြောင်း ၊ချည်မျှင်နှင့်အထည် အင်ဂျင်နီယာ(Textile Engineer)သင်တန်း နည်းပြဆရာဆရာမ ၁၅ ဦးကိုလည်း လေ့ကျင့်သင်တန်းပေးခဲ့ပြီး မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း၏အစီအစဉ်ဖြင့် နိုင်ငံခြားသို့ ပညာသင်ရွေးချယ်စေလွှတ်၍နိုင်ငံတကာအဆင့်မီလေ့ကျင့်ပေးနိုင်ရန်အတွက်ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ၎င်းသည် စက်မှုလက်မှုသိပ္ပံ(အင်းစိန်) ဖြစ်ပါကြောင်း၊ ၎င်းအဆောက်အဦတွင် ဆရာဖြစ်သင်တန်း များကိုဖွင့်လှစ်ပေးခဲ့ကြောင်း၊ ၎င်းဆရာဖြစ်သင်တန်းသည် ဆရာများမှ အထည်ချုပ်လုပ်ငန်း များတွင်လိုအပ်သည့် အဆင့်မြင့်အခြေခံမော်တာ စက်ချုပ်ကာလတိုသင်တန်းများကို ပူးပေါင်းပြီး ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ စက်မှုလက်မှုသိပ္ပံ(အင်းစိန်)မှ အထည်ချုပ်ဆိုင်ရာ အဝတ်အထည်ဆိုင်ရာ နည်းပညာဒီပလိုမာသင်တန်း၊ ဒီပလိုမာအဆင့်သင်တန်း တိုးချဲ့ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်နေ သည့် သင်တန်းနည်းပြဆရာဆရာမများလေ့ကျင့်သင်တန်းပေးခြင်း၊ လိုအပ်သည့် အဆောက်အဦ များ တည်ဆောက်ခြင်း၊ သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းခြင်းတို့ကိုလည်း ဆောင်ရွက် လျက်ရှိသည့်အခါတွင် လေးထပ်စာသင်ဆောင်တည်ဆောက်ခြင်းလုပ်ငန်းသည် ၈၆ ရာခိုင်နှုန်းပြီးစီး ၍ ယခုဘဏ္ဍာရေးနှစ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၏ စက်တင်ဘာလတွင် ၁၀၀ ရာခိုင်နှုန်းပြီးစီး နိုင်ရေးအတွက် အလေးထားကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊

အထည်ချုပ်သင်တန်းများ ဖွင့်လှစ်နိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်နေသည့် နည်းပညာ၊ ဒီပလိုမာသင်တန်းဖွင့်လှစ်ရန်အတွက် ဆောင်ရွက်နေပါကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ဆရာဖြစ် သင်တန်း ဖွင့်လှစ်ခဲ့ပါကြောင်း၊ ပြည်ပမှကျွမ်းကျင်ပညာရှင်များက လာရောက်ပြီး သင်တန်းပို့ချခြင်း၊ ကြည့်ရှုစစ်ဆေးခြင်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ဆရာဖြစ်သင်တန်းမှ ထူးချွန်သည့် သင်တန်းနည်ပြဆရာမနှစ်ဦးကိုလည်း နိုင်ငံခြားပညာသင်စေလွှတ်ခဲ့ပါကြောင်း၊ ပညာရေးဝန်ကြီး ဌာနအနေဖြင့် ကျွမ်းကျင်ပညာရှင်အဆင့်မွေးထုတ်နိုင်ရေးအတွက် English Language၊ စက်မှု အင်ဂျင်နီယာ(သင်္ချာ)၊ (ရူပဗေဒ)၊ (လျှပ်စစ်)၊ ချည်မျှင်နှင့် အထည်အလိပ်၊ ဒီဇိုင်း၊ အထည်ချုပ် နည်းပညာ၊ ရောင်းဝယ်ရေး၊ ပို့ကုန်၊ ပို့ဆောင်ရေးနှင့် စီမံခန့်ခွဲမှု စသည့် သင်ရိုးများပါဝင်သည့် ဒီပလိုမာအဆင့် အဝတ်အထည်ဆိုင်ရာ နည်းပညာဒီပလိုမာသင်တန်း အတွက်အသုံးဝင်မည့် ကျွမ်းကျင်မှုဆိုင်ရာကာလတိုသင်တန်းများကို စက်မှုလက်မှုသိပ္ပံ(အင်းစိန်)နှင့် အခြားသော အစိုးရ နည်းပညာကောလိပ်၊ အစိုးရနည်းပညာ၊ စက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာ အထက်တန်း ကျောင်းများတွင် တိုးချဲ့ဖွင့်လှစ်ရန်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက အောင်မြင်မှုစီမံကိန်း တို့ပူးပေါင်းပြီး အထည်ချုပ်လုပ်ငန်းဆိုင်ရာသင်တန်းများပို့ချရန် ရွှေ့ပြောင်းအမျိုးသမီးများအားအထည်ချုပ်အလုပ်အကိုင်ဆိုင်ရာသင်တန်းများပို့ချရန်၊ လူမှုဘဝ လုံခြုံသော အလုပ်အကိုင်များ ရရှိစေရန်၊ လိုအပ်သောကျွမ်းကျင်မှုနှင့် အသိအမှတ်ပြုအရည် အချင်းများ ထောက်ပံ့ပေးရန် ရည်ရွယ်ပြီး ၂၀၁၇ ခုနှစ် ဩဂုတ်လမှစတင်၍ အထည်ချုပ်သင်တန်း၊ အထည်ချုပ်စက်ပြင်သင်တန်း၊ အရည်အသွေးထိန်းသိမ်းရေးသင်တန်း၊ အထည်ဖြတ် ကျွမ်းကျင် သင်တန်း၊ ကုန်စည်ရောင်းဝယ်မှုသင်တန်း၊ အချောသတ်စစ်ဆေးခြင်းသင်တန်း၊ ဆရာဖြစ် သင်တန်း များဖွင့်လှစ်ပို့ချလျက်ရှိပါကြောင်း၊ကွန်ပျူတာအထောက်အကူပြုဒီဇိုင်းသင်တန်းနှင့် ကြီးကြပ်ရေးမှူး များ စွမ်းရည်မြင့်သင်တန်းများကို ပို့ချခဲ့သည့်အခါတွင် သင်တန်းသား ၄,၀၈၈ ဦးအတွက် ဖွင့်လှစ် ပေးနိုင်ခဲ့ကြောင်းနှင့် ဒုတိယစီမံကိန်းကာလ ၂၀၁၉ ခုနှစ် ဇူလိုင်လမှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ လအထိလည်း တိုးချဲ့ပြီးအထည်ချုပ်ကျွမ်းကျင်လုပ်သားများအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်း၊

ဆက်လက်၍စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ ဖြေကြားချက်အရ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာတွင် အိန္ဒိယသမ္မတနိုင်ငံ၏ နည်းပညာအထောက်အပံ့ဖြင့်ဆောင်ရွက်နေသော အမှတ်(၇) စက်မှုသင်တန်းကျောင်း(မုံရွာ)၌ အထည်အလိပ်နှင့်သက်ဆိုင်‌သော စက်မှုဘာသာရပ် (၁၀)မျိုးတို့အား သင်တန်းသား ၂၀၀ ဦးအတွက်ဖွင့်လှစ်ပေးရန်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ၎င်းဝန်ကြီးဌာနအောက်ရှိ ဝါကြိတ်စက်ရုံများတွင် ပြည်တွင်း၊ ပြည်ပပုဂ္ဂလိကကုမ္ပဏီများနှင့် ပူးပေါင်းပြီး အထည်ချုပ်နှင့် ဖက်ရှင်ဒီဇိုင်းသင်တန်းများဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း နှင့် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့ရှိ သာဂရစက်မှုနယ်မြေတွင်လည်း ပြည်တွင်း၊ ပြည်ပ မိတ်ဖက်ကုမ္ပဏီများနှင့် ပူးပေါင်းပြီး အထည်ချုပ်ကာလတိုသင်တန်းများ ဖွင့်လှစ်ရန်စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ ဖြေကြားချက်အရဆောင်းဒါးရက်ကန်းအသက်မွေးပညာသိပ္ပံ၊ ရက်ကန်းနှင့်အသက်မွေး ပညာသင်တန်းကျောင်း ၁၃ ကျောင်းဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ အိမ်တွင်းအသေးစား ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အတွက်လည်း ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိကြောင်းပြန်လည်ဖြေကြားပါသည်။