Skip to main content

ပြည်နယ်၊ မြို့နယ်သန့်ရှင်း သာယာလှပရန်အတွက် အမှိုက်ကိုနေ့စဉ်နှင့်အမျှ စည်ပင်သာယာဌာန အဖွဲ့အစည်းများနှင့်တကွ အရပ်ဘက်အဖွဲ့ အစည်းပါမကျန် အမှိုက်ကိုကောက်၍ အမှိုက်သိမ်းဆည်းခြင်းများ၊ အမှိုက်သယ်ယာဉ်ဖြင့် သယ်ဆောင်ကာ အမှိုက်ကျင်းသို့ စနစ်တကျ စွန့်ပစ်နေသည်ကို တွေ့နေရပါကြောင်း၊ မြို့ပေါ်တွင် အမှိုက်ကိုသိမ်းဆည်းနိုင်ရန်အတွက် အမှိုက်ပုံးများ၊ အမှိုက်သိမ်းယာဉ်များ၊ အမှိုက် စနစ်တကျစွန့်ပစ်နိုင်ရန် အမှိုက်ကျင်းများ တူးဖော်ထားသည်ကိုလည်း တွေ့မြင်ရပါကြောင်း၊ ၎င်းကိုကြည့်ခြင်းအားဖြင့် မြို့ပေါ်တွင်သာ သန့်ရှင်းသာယာလှပရန်အတွက် အမှိုက်သိမ်းဆည်းခြင်းနှင့် သက်ဆိုင်သည့် ဆက်စပ်ပစ္စည်းသည် အစုံအလင်ရှိနေသည်ကို တွေ့မြင်ရပါကြောင်း၊ မြို့ပေါ်တွင် အမှိုက်ကို စနစ်တကျစွန့်ပစ်နေသကဲ့သို့ ကျေးလက်တောရွာများကိုလည်း အမှိုက်ကို စနစ်တကျ စွန့်ပစ်နိုင်ရန်အတွက် အမှိုက်သိမ်းဆည်းနိုင်သည့် အမှိုက်သိမ်းယာဉ်များနှင့် သက်ဆိုင်သည့် ဆက်စပ်ပစ္စည်းများကို ထောက်ပံ့ပေးရန်လည်း အထူးလိုအပ်ပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် ကျေးရွာများတွင် နီးစပ်ရာ လျှိုမြောင်ချိုင့်ဝှမ်းထဲတွင်သာ အမှိုက်ကိုသွားရောက် စွန့်ပစ်နေရပါကြောင်း၊ ကြာလျှင် ကျန်းမာရေးအတွက်လည်း မကောင်းကြောင်း၊ နွေရာသီဆိုလျှင် ထင်းရေး၊ မီး ရေးအတွက်လည်း အန္တရာယ်များစွာ စိုးရိမ်မှုနှင့်ကြုံတွေ့နေရပါကြောင်း၊ အမှိုက်ကို စနစ်တကျ စွန့်ပစ်နိုင်ရန်အတွက် အမှိုက်ကျင်း၊ အမှိုက်ပုံးနှင့် အမှိုက်သိမ်းယာဉ် စသည့် ဆက်စပ်ပစ္စည်းများကို ထောက်ပံ့ပေးမည်ဆိုလျှင် မြို့ပေါ်သာမက ကျေးလက်တောရွာပါမကျန် သန့်ရှင်းသာယာ လှပသွားမည်ဖြစ်ပါကြောင်း၊

မယ်စဲ့မြို့နယ်သည် မြို့ငယ်တစ်မြို့ဖြစ်သော်လည်း အိမ်နီးချင်းထိုင်းနိုင်ငံနှင့်ထိစပ်နေသော မြို့ငယ်လေးတစ်မြို့လည်းဖြစ်ပါကြောင်း၊ မြို့နယ်သန့်ရှင်းလှပအောင် နေ့စဉ်နှင့်အမျှ အမှိုက်နှင့် ဆက်စပ်ပစ္စည်းများကို စည်ပင်သာယာနှင့်တကွ မြို့နယ်စည်ပင်ကော်မတီအဖွဲ့အစည်းများက ဆောင်ရွက်ပေးနေပါကြောင်း၊ မြို့ပေါ်တွင် အမှိုက်ကို စနစ်တကျစွန့်ပစ်နိုင်ရန်အတွက် အမှိုက်ကျင်းများ တူးဖော်ထားသည်လည်း ရှိပါကြောင်း၊ အမှိုက်စွန့်ပစ်နိုင်ရန်အတွက် အမှိုက်သိမ်းယာဉ်၊ အမှိုက်ကျင်းများနှင့် ဆက်စပ်ပစ္စည်းများသည် ကျေးလက်တောရွာကိုလည်း အများတကာနည်းတူ ထောက်ပံ့ပစ္စည်းများ ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ယခုဆိုလျှင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးဆောင်၍ လက်လှမ်းမီသလို ကျေးရွာများကို ကွင်းဆင်းပြီး ရွာသူ ရွာသားများနှင့်အတူ အမှိုက်ကောက်ခြင်းများ၊ အမှိုက်သိမ်းခြင်းများ၊ အမှိုက်များကို စနစ်တကျစွန့်ပစ်တတ်လာအောင်လည်း ချပြရှင်းလင်းသည်ကို တွေ့မြင်ရပါကြောင်း၊ သို့သော် အမှိုက်သိမ်းယာဉ်၊ အမှိုက်ပုံးနှင့် အမှိုက်ကျင်းစသည့် အမှိုက်နှင့် ဆက်စပ်ပစ္စည်းများ မရှိသည့်အတွက် အခက်အခဲကြုံတွေ့နေရပါကြောင်း၊ အမှိုက်နှင့် ဆက်စပ်ပစ္စည်းကို ထောက်ပံ့ပေးလိုက်မည်ဆိုလျှင် မြို့ပြနှင့်ကျေးလက်သည် သန့်ရှင်းသာယာလှပစွာ တစ်ပြေးညီ ဖြစ်လာမည်ဖြစ်ပါကြောင်း၊ တစ်ဖက်တွင်လည်း အမှိုက်ကို စည်းစနစ်တကျ စွန့်ပစ်လာနိုင်ရန် ကျေးလက်တောရွာအထိ လိုက်လံချပြရှင်းလင်းပြီး ပညာပေးစေလိုပါကြောင်း၊ ထိုမှသာလျှင် ကျေးလက်နေ ပြည်သူလူထုများသည်လည်း အမှိုက်ကို စနစ်တကျစွန့်ပစ်တတ်၍ သိမ်းဆည်းတတ်လာမည်ဖြစ်ပါကြောင်း၊ ထို့ပြင် မိမိကျေးရွာအတွက် အမှိုက်ကောက်လိုသည့်စိတ်လည်း ပေါ်လွင်လာမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အမှိုက်နှင့် သက်ဆိုင်သည့် ဆက်စပ်ပစ္စည်းကို ထောက်ပံ့ပေးလိုက်မည်ဆိုလျှင် နောင်တစ်ချိန်တွင် ကျေးလက်တောရွာများအထိ အမှိုက်ကင်းစင်လာမည်လည်းဖြစ်ပါကြောင်း၊ ယခုဆိုလျှင် ကျေးရွာများတွင် အမှိုက်ပုံးမရှိသည့်အတွက် ဝါးကိုခုတ်ယူကာ နှီးဖြာ၍ ခြင်းတောင်းယက်ပြီး အမှိုက်ပုံးအစား အမှိုက်ထည့်ကြရပါကြောင်း၊ သို့သော် ရေရှည်မခံပါကြောင်း၊ လက်ရှိ မြို့ပေါ်တွင်သုံးစွဲနေသည့် ပလတ်စတစ်အမှိုက်ပုံးဖြင့် အစားထိုးပေးမည်ဆိုလျှင် ရေရှည်ခံပါကြောင်း၊ ထို့ပြင် အမှိုက်သိမ်းယာဉ်နှင့် အမှိုက်ကျင်းများကို တူးဖော်ပေးလိုက်မည်ဆိုလျှင် အမှိုက်ကို နေရာတကျစွန့်ပစ်တတ်လာမည် ဖြစ်ပါကြောင်း၊ ယခုအခါ အမှိုက်သိမ်းယာဉ်၊ အမှိုက်ကျင်း မရှိသည့်အတွက် နီးစပ်ရာနေရာတွင်သာ စွန့်ပစ်နေသည်ကို တွေ့မြင်ရပါကြောင်း၊  ကြာလာလျှင် လေထုညစ်ညမ်းမှုဒဏ်ကို ခံစားလာနိုင်ကြပါကြောင်း၊ စွန့်ပစ်အမှိုက်သည် ကျေးရွာဘေးတွင်သာရှိသည့်အတွက် တောမီးလည်းစိုးရိမ်ရပါကြောင်း၊ စကားပုံတွင်လည်း မီးမလောင်ခင် ကြိုတင်တားခြင်း ဆိုသည့်စကားပုံရှိပါကြောင်း၊ ထိန်ပင်အမှိုက်ပုံကဲ့သို့ မဖြစ်လေရအောင် ကြိုတင်တားမြစ် သည့်အနေဖြင့် ကျေးရွာများတွင် လိုအပ်နေသည့် အမှိုက်သိမ်းယာဉ်၊ အမှိုက်ပုံးနှင့်အမှိုက်ကျင်းကို တူးဖော်ထောက်ပံ့ပေးစေလိုပါကြောင်း၊ ထို့ကြောင့် ကျေးလက်တောရွာများကို စနစ်တကျ အမှိုက်စွန့်ပစ်နိုင်ရန် အမှိုက်သိမ်းဆည်းခြင်းနှင့် ဆိုင်သည့်ဆက်စပ်ပစ္စည်းကို ထောက်ပံ့ပေးရန် အစီအစဉ်ရှိ/ မရှိ သိလိုကြောင်း မေးမြန်းပါသည်။


 

နေပြည်တော်ကောင်စီ၊ ကောင်စီဝင် ဦးညီထွန်း

မယ်စဲ့မြို့နယ် စည်ပင်သာယာရေးအဖွဲ့သည် ဖွဲ့စည်းပုံအဆင့်(င)အဆင့် ဖြစ်ပါကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ရငွေ ၁၀.၄၂၅ သန်း၊ အသုံးစရိတ် ၄၄၈.၅၀၈ သန်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ရငွေ ၁၁.၁၁၆ သန်း၊ အသုံးစရိတ် ၇၂၀.၃၁၄ သန်း လျာထားပြီး စည်ပင်သာယာရေး ဥပဒေပုဒ်မ ၁၆ ပုဒ်မခွဲ(ခ)အရ ဝန်ဆောင်ခွန်များ စည်းကြပ်ရာတွင် ဝင်ငွေနှင့် အသုံးစရိတ်မျှတစေရန်ဟု ပြဋ္ဌာန်းထားရှိဆောင်ရွက်လျက်ရှိပါကြောင်း၊ မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်ပြင်ပ မယ်စဲ့မြို့နယ်ကျေးလက်ဒေသမှ ဝန်ဆောင်ခွန်ဖြစ်သည့် အမှိုက်သိမ်းဆည်းခြင်းလုပ်ငန်းအတွက် ဝင်ငွေရရှိခြင်းမရှိပါကြောင်း၊ ထို့ကြောင့် ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးဥပဒေအရ ကျေးလက် စည်ပင်သာယာရေးလုပ်ငန်းများအား ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ဆောင်ရွက်နေပါသဖြင့် အမှိုက်သိမ်းယာဉ်၊ အမှိုက်ပုံးများ ကျေးလက်ဒေသများသို့ ထောက်ပံ့ပေးရန် အစီအစဉ်မရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။