Skip to main content

ဦးထွန်းဝေ(ဖောင်းပြင်မဲဆန္ဒနယ်)စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊အထက်ချင်းတွင်းဒေသရှိ ဖောင်းပြင်မြို့သည် ရေလမ်းကြောင်း တစ်ခုတည်းကို မှီခိုအားထားရသည့် မြို့ဖြစ်ပါကြောင်း၊ ဖောင်းပြင်မြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ပေါင်း ၄၂ ခု ရှိပါကြောင်း၊ ချင်းတွင်းမြစ်ကမ်းဘေး တွင် ကျေးရွာအုပ်စု ၁၅စုနှင့် ကုန်းတွင်းပိုင်း ကျေးရွာ အုပ်စု ၂၇ ခု ရှိပါကြောင်း၊ မြို့နယ်ရှိလူများ မိမိတို့မြို့နယ်တွင် လာရောက် တာဝန်ထမ်းဆောင်ကြရသည့် ဝန်ထမ်းများသည် ဒေသအသီးသီးမှလာကြရသည်ဖြစ်သည့်အတွက် အခြားရွေးချယ်စရာ လမ်းကြောင်း မရှိ၍ ရေလမ်းကြောင်းတစ်ခုကိုသာ မိမိတို့အားထားနေရ ပါကြောင်း၊  ပြီးခဲ့သည့် အောက်တိုဘာလ ၁၄ ရက်နေ့မှ ၁၅ ရက်သတင်းသည် တစ်နိုင်ငံလုံး ပျံ့နှံ့ခဲ့ပါကြောင်း၊ အောင်စိုးမိုးကျော်(၂)ရေယာဉ် နစ်မြုပ် သည့်အချိန်တွင် ခရီးသည်ပေါင်း ၆၀ ယောက်ကျော် ၇၀ လောက် အသက်ဆုံးရှုံးခဲ့ရပါကြောင်း၊ အလားတူ ပြဿနာမျိုးကို အရင်ကလည်း အကြိမ်ကြိမ်ဖြစ်ခဲ့ပါကြောင်း၊အနီးကပ်ဆုံး ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် မြန်မာဇမ္ဗူထွန်းရေယာဉ်နစ်မြုပ်ခဲ့ပါကြောင်း၊ ယခုလို ဖြစ်နေသည့်အတွက် အဓိက အကြောင်းရင်း ကို အချိန်တိုအတွင်း ဖြေရှင်းနိုင်ရန် ဖောင်းပြင်နှင့် ပင်လည်ဘူး ကားလမ်းကို ဖောက်လုပ်ပေးမည်၊ရာသီမရွေးသွားလို့ ရသည့်လမ်းဖြစ်အောင် ဖောက်လုပ်ပေးမယ်ဆိုပါက မိမိတို့တွင် ရွေးချယ်စရာ လမ်းကြောင်းသည် ရေကြောင်းနှင့် ကုန်းကြောင်း ဟူ၍လမ်း နှစ်ခုရှိသွားပါမည်ဖြစ်ပါကြောင်း၊  ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်နှင့် ပတ်သက်သည့်ကိစ္စဖြစ်၍ တင်ပြရခြင်းဖြစ်ပါကြောင်း၊ ဖောင်းပြင်-ပင်လည်ဘူးကားလမ်းကို ရာသီမရွေးသွားလာနိုင်သည့် လမ်းအဖြစ် အဆင့်တိုးမြှင့်ပေးလိုက်မည် ဆိုပါက မိမိတို့ ဖောင်းပြင်မြို့နယ်သာမက ဟုမ္မလင်း-ခန္တီးမှာရှိသည့် ပြည်သူများအတွက်ပါ ရွေးချယ်စရာပိုပြီးရှိ သွားမည်ဖြစ် ပါကြောင်း၊ထို့ကြောင့်မိမိသိလိုသည်မှ ဖောင်းပြင်-ပင်လည်ဘူးကားလမ်းကို ရာသီမရွေးသွား လာနိုင်သည့် ကွန်ကရစ်လမ်းအဆင့် တိုးမြှင့်ပေးရန် အတွက် ကွန်ကရစ်လမ်း သို့မဟုတ် ကတ္တရာလမ်း ဖြစ် အောင် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း အဆင့်တိုးမြှင့်ပေးနိုင်ခြင်းရှိ/မရှိကို  သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဖောင်းပြင်-ပင်လည်ဘူးလမ်းသည် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ မှ စီမံခန့်ခွဲသည့်လမ်းဖြစ်ပါကြောင်း၊ ဖောင်းပြင်-ပင်လည်ဘူးလမ်း(လမ်းဟောင်းအပိုင်း)သည် သက္ကယ်ကျင်း-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးလမ်း ပေါ်တွင် ရှိပြီး ဖောင်းပြင်မြို့ မိုင် ဝ/၀ မှ ရောင်ဟီးရွာ မိုင် ၁၂/၀ မှခွဲထွက်ပြီး ၆၅ မိုင်ရှည်လျားပါကြောင်း၊ ၃၁-၃-၂၀၁၆ ရက်နေ့ရှိ လမ်းအခြေအနေမှ ကတ္တရာလမ်းတစ်မိုင်၊ ကျောက်လမ်း ၁၆ မိုင် ၄ ဖာလုံနှင့် မြေလမ်း ၃၅ မိုင် ၄ ဖာလုံ ဖြစ်ပါကြောင်း၊  ဖောင်းပြင်-ပင်လည်ဘူး (လမ်းဟောင်းအပိုင်း) သည် အတက်အဆင်းမတ်စောက်ပြီး ကျဉ်းမြောင်းသည့် တောင်ကမ်းပါးယံများ ရှိခြင်းကြောင့် ဖောင်းပြင်-ပင်လည်ဘူး(လမ်းကြောင်းအသစ်)အား မိုင် ၂၈/၂ မှ စတင်ပြီး လက်ယာဘက် သို့ ခွဲထွက်၍ မိုင် ၄၉/၂ တွင် မူလလမ်းဟောင်းနှင့် ပြန်လည်ပေါင်းစုံဖောက်လုပ်ပေးထားပါကြောင်း၊ ဖောင်းပြင်-ပင်လည်ဘူး(လမ်းကြောင်းအသစ်)သည် ၂၉ မိုင် ရှည်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ဂျပန်ခေတ်ကြေးနန်းကြိုးသွားသည့် လမ်းအူကြောင်းကို အမှီပြု ပြီး မြေသားလမ်းအဆင့်ဖောက်လုပ်ထားခြင်းဖြစ်ပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် စစ်ကိုင်းတိုင်း ဒေသကြီး ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေကျပ် ၂၁၂၈.၈၅ သန်းနှင့် ဖောင်းပြင်-ပင်လည်ဘူး (လမ်းဟောင်း အပိုင်း)တွင် ၁၂ ပေအကျယ် ကတ္တရာလမ်း သစ်ခင်းခြင်း ၄ မိုင်၊ ၁၂ ပေအကျယ် ကွန်ကရစ်လမ်းခင်ခြင်း နှင့် တစ်ဖက်လေးပေအကျယ် အမာခံ လမ်းပုခုံးခင်းခြင်း ၆ မိုင် ၁ ဖာလုံ၊ ပေ ၅၀ အောက်ကွန်ကရစ် တံတားတည်ဆောက်ခြင်း ၁၈ စင်းစသည့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဖောင်းပြင်-ပင်လည်ဘူး(လမ်းသစ်အပိုင်း) သည် စစ်ကိုင်း တိုင်းဒေသကြီးပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေကျပ် ၃၁၅ သန်း နှင့် အမာခံကျောက်လမ်းခင်းခြင်း ၅ မိုင်၊ ကျောက်စီမြေကာနံရံတည်ဆောက်ခြင်း ပေ ၇၀ စသည့် လုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင် မြို့များသည် ချင်းတွင်းမြစ်ရေလမ်းကြောင်းကို အဓိကထား သွားလာနေကြရပါကြောင်း၊ချင်းတွင်းမြစ် သည် နွေအခါတွင် ရေနည်း၍ သောင်တင်တတ်ပြီး မိုးတွင်း တွင် ဝဲဂယက်များရှိသဖြင့် အန္တရာယ်များစွာ ဖြစ်ပေါ်နိုင်ပါကြောင်း၊ ရာသီမရွေးသွားလာနိုင်သည့် လမ်းအဆင့်သို့ ရောက်ရှိနိုင်ရန် ဖောင်းပြင်-ပင်လည် ဘူး (လမ်းကြောင်းအသစ်အပိုင်း)တွင် အတက်အဆင်းမတ်စောက်သောနေရာများအား လျောစောက်နိမ့် ချခြင်း၅ မိုင်၊ အမာခံလမ်းခင်းခြင်း ၁၉ မိုင်နှင့်  ကွန်ကရစ်လမ်းခင်းခြင်း ၉ မိုင် ၇ ဖာလုံ စသည့် လုပ်ငန်း များ ဆောင်ရွက်ရန် လိုအပ်သည့် ရန်ပုံငွေကျပ် ၅၅၇၅ သန်းအား ပြည်ထောင်စုသီးသန့် ရန်ပုံငွေရရှိနိုင်ရေး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ နိုင်ငံတော်သမ္မတရုံးသို့တင်ပြတောင်းခံထားခြင်းအပေါ် ဆောက်လုပ် ရေးဝန်ကြီးဌာနမှ သဘောတူပါကြောင်း ၃၀-၁၁-၂၀၁၆ ရက်နေ့တွင် အကြောင်းပြန်ကြားထားပြီး ဖြစ်ပါ ကြောင်း၊ နှစ်စဉ်ရန်ပုံငွေတင်ပြတောင်းခံရရှိမှုအပေါ် မူတည်ပြီး အကောင် အထည်ဖော်ဆောင်ရွက် ရမည် ဖြစ်ပြီး နှစ်နှစ်၊ သုံးနှစ်ခန့် ဆောင်ရွက်ရမှာဖြစ်သော်လည်း ဖောင်းပြင်-ပင်လည်ဘူး (လမ်းသစ်အပိုင်း) အတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တင်ပြတောင်းခံထားသည့် ပြည်ထောင်စုသီးသန့်ရန်ပုံငွေ ရရှိပြီး လုပ်ငန်းများဆောင်ရွက်ပြီးစီးပါက ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ရာသီမရွေးသွားလာနိုင်သည့် အဆင့်သို့ ရောက်ရှိသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်