Skip to main content

မိုးမိတ်မြို့နယ်တွင် MPT ဖုန်းလိုင်းများသည် ကောင်းမွန်ခြင်းမရှိကြောင်း၊ ဖုန်းဆက်နေရင်း ပြုတ်ပြုတ်ကျသွားပါကြောင်း၊ စက္ကန့် ၂၀၊ ၃၀ မှသာတစ်ဖန်ပြန်ဆက်၍ရကြောင်း၊  ဆက်သွယ်မှုမပြတ်သော်လည်း တစ်ဖက်ကကြာလျှင် တစ်ဖက်ကမကြားရကြောင်း၊ သို့သော် ဖုန်းဘေများ ဖြတ်နေ ပါကြောင်း၊ ကျန်ဖုန်းလိုင်းများဖြစ်သည့် Mytel Ooredoo Telenor များသည် ဆက်သွယ်ရေးကောင်းပြီး၊ အစိုးရပိုင်ဖုန်းလိုင်းဖြစ်သည့် MPT မှာ ဆက်သွယ်လို့ မကောင်းဖြစ်နေပါကြောင်း၊ MPT ဖုန်းလိုင်းသည် မှတ်ပုံတင်ထားသည့်ကတ်ဖြစ်ပါကြောင်း၊ ပြည်သူများ၏ နိစ္စဓူဝလိုအပ်ချက်သည် လျှပ်စစ်မီး၊ တယ်လီဖုန်း၊ လမ်းပန်းဆက်သွယ်ရေး ဖြစ်ပါကြောင်း၊ထို့ကြောင်းအရာများကောင်းမွန်မှသာ  ပြည်သူ့ဘဝအဆင်ပြေမည် ဖြတ်သောကြောင့် မိုးမိတ်မြို့နယ်အတွင်းတွင် MPT ဖုန်းလိုင်းများကောင်းမွန်စေရန်အတွက် သီးသန့်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။


 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးသာဦး

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ် ရေးလုပ်ငန်း MPT အနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်မြို့နယ်အတွင်းတွင် ဟော်နန်းရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက်၊ မြစ်ဆုံကျေးရွာအုပ်စု၊ ရေတံခွန်ကျေးရွာ၊ ဘော်ဒေကျေးရွာ၊ သစ်ဆိပ်ကုန်း ကျေးရွာ၊ မိုးဘုံကျေးရွာ၊ စင့်ကင်ကျေးရွာ၊ အောင်မြေကျေးရွာ၊ အာသံကျေးရွာ၊ အုန်းဂျောကျေးရွာ၊ ဒေါင့်ကြီးကျေးရွာ၊ ကျောက်တောင်ကျေးရွာ၊ ညောင်ပင်ဇောက်ကျေးရွာ၊ ဗော်ဓိကျေးရွာ၊ ကုန်းမကန် ကျေးရွာ၊ ကင်းချောင်းကျေးရွာ၊ ဝဲဘောင်းကျေးရွာနှင့် လက်ခုပ်ပင်ကျေးရွာတို့တွင် GSM စခန်းတစ်ခု စီဖြင့် စုစုပေါင်း MPT က စခန်း ၁၉ ခုကိုလည်းကောင်း၊ Telenor Myanmar က မိုးမိတ်မြို့နယ် အတွင်းတွင် စခန်းခုနစ်ခုကိုလည်းကောင်း၊ Ooredoo က လေးခုကိုလည်းကောင်း၊ Mtel က ၁၀ ခုကို လည်းကောင်း စုစုပေါင်းအနေဖြင့် မိုးမိတ်မြို့နယ်အတွင်းတွင် ဆက်သွယ်ရေးအော်ပရေတာ  လေးခုပေါင်း စခန်း ၄၀ ခုနှင့် ဝန်ဆောင်မှုပေးလျက်ရှိပါကြောင်း၊

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်မြို့နယ်အတွင်းတွင်ရှိသည့် မိုဘိုင်းဆက်သွယ်ရေးများ၏ အဝေးဆက်သွယ်မှုစနစ်အတွက်ကို MPT မှ လက်ရှိအသုံးပြုနေသည့် မိုးကုတ်-မိုးမိတ် (မိုက္ကခရို)ဆက်ကြောင်း တည်ဆောက်ထားပါကြောင်း၊ ၎င်းဆက်ကြောင်းသည် နည်းပညာပိုင်းအရ အများဆုံးရနိုင်သည့် Microwave Bandwidth Capacity ကို အပြည့်အသုံးပြုထားပြီးဖြစ်ပါကြောင်း၊ ၎င်း Capacity ကိုသုံးပြီး၍ မိုဘိုင်းစခန်းပေါင်း ၂၀ ခုကို ဆက်သွယ်ချိတ်ဆက်ထားရသည့်အတွက် မိုဘိုင်းတယ်လီဖုန်းသုံးစွဲသူများအနေဖြင့် အဆင်မပြေမှုများ ကြုံတွေ့နေရခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် မိုးမိတ် မြို့နယ် အတွင်း ဆက်သွယ်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ပြောဆို ဆက်သွယ်နိုင်စေ ရန်အတွက် မိုဘိုင်းစခန်းများ၏ အဝေးဆက်သွယ်မှုစနစ်အတွက် လက်ရှိချိတ်ဆက် အသုံးပြုနေ သည့် မိုက္ကရိုဝေ့ဗ် ဆက်ကြောင်းအစား ဖိုင်ဘာဆက်ကြောင်းအဖြစ် ပြောင်းလဲချိတ်ဆက် အသုံးပြု နိုင်ခြင်းအတွက် စီစဉ်ဆောင်ရွက်လျက်ရှိနေပြီး ၂၀၂၁ ခုနှစ် မတ်လကုန်လောက်တွင် ပြီးစီးနိုင် မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။