Skip to main content

ဦးနိုင်နိုင်ဝင်း(တမူး မဲဆန္ဒနယ်)တမူးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်ကို ဆက်သွယ်ဖောက်လုပ်ထားသော ကက်သာ-အောင်ဇေယျ လမ်းပိုင်းကို တိုင်းဒေသကြီးရန်ပုံငွေဖြင့် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်၌ ကျပ်သန်းပေါင်း ၉၆၀.၇၁၉ သန်း၊ ၂၀၁၄-၁၅ ခုနှစ်တွင် ကျပ်သန်းပေါင်း ၇၀၅.၀၄ သန်း၊ ၂၀၁၅-၁၆ ခုနှစ်တွင် ကျပ်သန်းပေါင်း  ၁၃၂၃.၄၉၅ သန်း၊ ၂၀၁၆-၁၇ ခုနှစ်တွင် ၁၈၀၇.၄၁၆ သန်းနှင့် နှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လာသည်ကို တွေ့ရပါကြောင်း၊ သို့သော် မော်တော်ယာဉ်များ အဆင်ပြေစွာသွားလာ နိုင်ခြင်းမရှိသေးပါကြောင်း၊ အထူးသဖြင့် မိုင်တိုင် ၁၇ နှင့် ၃၆ မိုင်အကြားသည် အဆိုးဆုံးဖြစ်ပါကြောင်း၊ ပွင့်လင်းရာသီတွင်လည်း အထူးပြုပြင်ထားသော ဂျစ်ကားများ၊ မြေသယ်ယာဉ်များသာ သွားလာနိုင်ပါကြောင်း၊ ယင်းစီမံကိန်းသည် တိုင်းဒေသကြီးဘတ်ဂျက်မှဖြစ်သော်လည်း သက်ဆိုင် ရာ ပြည်ထောင်စု ဝန်ကြီးမှ အလေးထား သတိပြုမိစေလိုသည့်အတွက် မေးမြန်းရခြင်းဖြစ်ပါကြောင်း၊

မော်တော်ယာဉ်များ အဆင်ပြေစွာ သွားလာနိုင်ခြင်းမရှိသေးသည့်နေရာမှာ မိုင်တိုင်(ဝ)နှင့် မိုင်တိုင် (၁၇)မိုင်အထိ တောင်အတက်အဆင်းသိပ်မရှိပါကြောင်း၊ မိုင်တိုင် (၁၇) မှ (၃၆)ထိသာ တောင်ကုန်းတောင်တန်းများဖြစ်ပြီး ခက်ခဲပါသဖြင့် မိုင် ၂၀ ခန့်ကို အဓိကထား ဖောက်လုပ်နိုင်မည်ဆိုပါက ရာသီမရွေး သွားလာနိုင်မည်ဖြစ်ပါကြောင်း၊ တမူး-ဟုမ္မလင်းလမ်း မိုင် ၈၀ ကျော်သည် တမူး-အောင်ဇေယျလမ်း ၄၂ မိုင်ကျော်က ရာသီမရွေးသွားလာနိုင်သည့်အပြင် ကတ္တရာလမ်းအဖြစ်ခင်းရန် ၁၂ မိုင်သာ ကျန်ရှိပါကြောင်း၊ ကက်သာ-အောင်ဇေယျလမ်းပိုင်း ၃၈ မိုင် ၁ ဖာလုံကို ရာသီမရွေးသွားလာနိုင်အောင် ဆောင်ရွက် နိုင်မည်ဆိုပါက ဟုမ္မလင်း-ခန္တီး-လေးရှီး-လဟယ် စသည့် မြို့ကြီးများမှ လူဦးရေ လေးသိန်းကျော်ဟာ အချိန်တိုအတွင်း မြေပြန့်ကိုသွားလာနိုင်မည်ဖြစ်ပါကြောင်း၊
မုံရွာ-ရေဦး-သက္ကကျင်း-ဖောင်းပြင်-ဟုမ္မလင်း လမ်းပိုင်းသည် ၃၃၄ မိုင်ရှိပြီး မုံရွာ-ရွာကြီး-ကလေးဝ-တမူး-ဟုမ္မလင်းလမ်းပိုင်းသည် ၂၉၀ မိုင် ရှိသည့်အတွက် ခရီးသွားပြည်သူများသည် မိမိတို့ဘက်က ဆင်းလာမည်ဆိုပါက မိုင်အားဖြင်‌့ ၄၄ မိုင် သက်သားပြီး သွားလာနိုင်မည်ဖြစ်ပါကြောင်း၊ ကလေးဝ-ကျီကုန်း-တမူးလမ်းမကြီးသည် ၂၀၀၀ ခုနှစ်ကတည်းက ၂၄ ပေအကျယ် နိုင်လွန်ကတ္တရာလမ်းမကြီး ဖြစ်ပါကြောင်း၊ ယခုအစိုးရလက်ထက်တွင် တမူး-ကျီကုန်း-ကလေးဝလမ်းပိုင်းတွင်ရှိသော တံတားများ ချဉ်းကပ်လမ်း တည်ဆောက်ရေး၊ အဆင့်မြှင့်တင်ရေးနှင့် ကလေးဝ-ယာကြီးလမ်းပိုင်းတည်ဆောက်ရေး၊ အဆင့်မြှင့်တင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ နားလည်မှုစာချွန်လွှာကို နိုင်ငံတော်သမ္မတကြီး၏ ၂၇-၈-၂၀၁၆ ရက်နေ့ အိန္ဒိယသမ္မတနိုင်ငံခရီးစဉ်အတွင်း သက်ဆိုင်ရာဝန်ကြီးဌာန တာဝန်ရှိသူများမှ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့အတူ ၈၄၂ မီတာရှိသော ချင်းတွင်းမြစ်ကူးတံတား၊ ခန္တီး-ဆင်သေတံတားတို့ကိုလည်း တည်ဆောက်နေပါကြောင်း၊ သို့ဖြစ်ပါ၍ ထိုစီမံကိန်းအနေဖြင့် ရှိသည့်အတွက် ကက်သာ-အောင်ဇေယျလမ်းပိုင်း ၃၈ မိုင် ၁ ဖာလုံကို ရာသီမရွေး သွားလာနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနမှ မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကက်သာ-အောင်ဇေယျလမ်းပိုင်းသည် ၃၈ မိုင် ၁ ဖာလုံ ရှည်လျားပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသည့်လမ်းဖြစ်ပါကြောင်း၊ အဆိုပါလမ်းသည် ယခင်က ကာကွယ်ရေး ဝန်ကြီးဌာန ပိုင်လမ်းဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနမှ  ၁၅-၁၀-၂၀၁၂ ရက်နေ့တွင် လွှဲပြောင်းလက်ခံ၍ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှစတင်ပြီး လမ်း၊ တံတားအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ၃၁-၃-၂၀၁၆ ရက်နေ့တွင် လမ်းအခြေအနေသည် ကွန်ကရစ်လမ်း တစ်ဖက် ၄ ပေအကျယ် ဘီးလမ်းနှစ်ဖက် ၃ မိုင် ၇ ဖာလုံနှင့် အာမာခံလမ်း ၃၄ မိုင် ၂ ဖာလုံ ဖြစ်ပါကြောင်း၊

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေကျပ် ၁၈၀၇.၄၆၁ သန်းနှင့် ၈ မိုင်အတွင်း ကျောက်တောင်မိုင်းခွဲလမ်းချဲ့ခြင်း၊ ပေ ၅၀ အောက်ကွန်ကရစ် တံတားတည်ဆောက်ခြင်း ၁ စင်း၊ ၅၀ ပေအထက် ကွန်ကရစ်တံတားတည်ဆောက်ခြင်း ၄ စင်း၊ ဘေလီတံတားတည်ဆောက်ခြင်း ၁ စင်း၊ Box Culvert တည်ဆောက်ခြင်း ၁၀ စင်းစသည့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကက်သာ-အောင်ဇေယျလမ်းပိုင်းတွင် အတက်အဆင်း မတ်စောက်သည့် နေရာများအား လျောစောက်နိမ့်ချခြင်း ၂ မိုင်၊ ပေ  ၅၀ ထက် ကွန်ကရစ်တံတား တည်ဆောက်ခြင်း ၁ စင်း၊ တံတား ၂ စင်း၏ ချဉ်းကပ်လမ်းမြေဖို့ခြင်းစသည့် လုပ်ငန်းများကို ဆောင်ရွက်ရန် စစ်ကိုင်းတိုင်းဒေသကြီး ရန်ပုံငွေကျပ် ၁၁၀၇.၈၈ သန်းဖြင့် လျာထားတင်ပြတောင်းခံထားပါကြောင်း၊

ကက်သာ-အောင်ဇေယျလမ်းပိုင်းသည် လက်ရှိအခြေအနေအရ အတက်အဆင်းမတ်စောက်ပြီး အကွေ့အကောက်များသည့် အပိုင်းများရှိနေသည့်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ လမ်းပုံထုတ်အဖွဲ့နှင့် အသေးစိတ် ပြန်လည်တိုင်းတာပြီး လမ်းအင်္ဂါရပ်နှင့် ပြည့်စုံသော လမ်းတစ်လမ်းအဖြစ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကက်သာ-အောင်ဇေယျလမ်းပိုင်းတွင် ဘဏ္ဍာနှစ်အလိုက် ခွဲဝေရရှိသည့် ရန်ပုံငွေအပေါ်မူတည်၍ လမ်း၊ တံတားအဆင်‌့မြှင့်တင်ခြင်း လုပ်ငန်းများကို စီမံချက်ရေးဆွဲပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အကုန်၌ ရာသီမရွေးသွားလာနိုင်သည့် ကျောက်လမ်းအဆင့်သို့ရောက်ရှိနိုင်ရေး စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးနိုင်နိုင်ဝင်း (တမူး) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

လာမည့်ဘဏ္ဍာနှစ်တွင် ၁၁၀၇ သန်း လျာထားပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျောက်ခင်းလမ်းအဖြစ် ရာသီမရွေးသွားလာနိုင်ရန် ခက်ခဲနေဦးမည်ဖြစ်ပါကြောင်း၊ ယင်း လမ်းကို ဝန်ကြီးအနေဖြင့် အသေးစိတ်တွက်ချက်ပြီးမှ ၃ နှစ်စီမံကိန်း သို့မဟုတ် ၅ နှစ်စီမံကိန်းကဲ့သို့ တစ်ခုခုရေးဆွဲပြီးမှ စီမံဆောင်ရွက်ပေးမည်ဆိုပါက ပိုမိုထိရောက်မည်ဟု မိမိအနေဖြင့် မျှော်လင့်ပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးအနေဖြင့် တင်ပြခဲ့သကဲ့သို့ ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်

ကာကွယ်ရေးဝန်ကြီးဌာန စစ်ရေးအရ လိုအပ်လမ်းမျိုးအနေအထားဖြင့် တည်ဆောက်ထားခြင်း ဖြစ်ပါကြောင်း၊ထို့ကြောင့် လမ်း၏ ကွန်တိုများ၊ ဂရေးဒီယန့်များသည် ပုံမှန်ကားများ သွားလာရန်အတွက် များစွာ အခက်အခဲရှိနေပါကြောင်း၊ ထို့ကြောင့်   နှစ်စဉ် ယင်းအခက်အခဲများ ဖြစ်နေသည် ကို ကျော်ဖြတ်ချင်သောကြောင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့်လမ်းအင်္ဂါနှင့် ပြည့်စုံသောလမ်းတစ်လမ်း ဖြစ်စေရန် ဆောင်ရွက်ပေးချင်ပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ လမ်းပုံထုတ်အဖွဲ့များနှင့် စနစ်တကျ ပြန်လည်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ လမ်းမှန်သော၊ ပုံစံမှန်သော လမ်းတစ်လမ်း ဒီဇိုင်းရပြီဆိုပါက တည်ဆောက်ရန် အလွန်မခက်ခဲပါကြောင်း၊ ထို့ကြောင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အကုန်၌ ရာသီမရွေးသွားလာနိုင်သည့် ကျောက်လမ်းအဆင့်သို့ ရောက်ရှိနိုင်ရေးအတွက် စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်