Skip to main content

အထွေထွေ ရွေးကောက်ပွဲ ကျင်းပသည့်နေ့ရက်တွင် တစ်နိုင်ငံလုံးမှ မဲရုံအသီးသီးရှိ  မဲရလဒ်များအား ရွေးကောက်ပွဲ နေ့ရက်၏ ညနေ ၄ နာရီမတိုင်မီ ဖွင့်ဖောက်ရေတွက်ခြင်း မပြုလုပ်ရန်နှင့် မဲရလဒ်များ ပေါက်ကြားခြင်း မရှိစေရန် ညွှန်ကြားချက်၊ စည်းကမ်းချက်များ  ထုတ်ပြန် ကြေညာပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကျင်းပသည့် နေ့ရက်တွင် တစ်နိုင်ငံလုံးမှ မဲရုံအသီးသီးရှိ မဲရလဒ် များအား ရွေးကောက်ပွဲ နေ့ရက်၏ ညနေ ၄ နာရီမတိုင်မီ ဖွင့်ဖောက်ရေတွက်ခြင်း မပြုလုပ်ရန်နှင့် မဲရလဒ်များ ပေါက်ကြားစေခြင်း မရှိရန် ညွှန်ကြားချက်၊ စည်းကမ်းချက်များ ထုတ်ပြန်ကြေညာ ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုသည့်မေးခွန်း မေးမြန်းသွားမည် ဖြစ်ပါကြောင်း၊

မိမိတို့ ချင်းပြည်နယ်အတွင်းရှိ ကျေးလက်ဒေသ မဲရုံများတွင် မဲပေးခွင့်ရှိသည့် ဦးရေ နည်းပါးသည့် မဲရုံ များစွာ ရှိနေပါကြောင်း၊ ၎င်းမဲရုံများသည် မဲပေးပိုင်ခွင့် ရှိသည့် ဦးရေ ၅၀ ဦးမှ ၁၀၀ ဦးကြား ရှိသည့် မဲရုံများဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပရက် မဲရုံများ စတင်ဖွင့်လှစ်သည့် နံနက် ၆ နာရီမှစတင်ပြီး မဲပေးကြမည်ဆိုပါက နေ့လယ် ၁ နာရီအတွင်း မဲပေးသည့် ဆန္ဒပြုခြင်း အစီအစဉ် ပြီးဆုံးနိုင်မည် ဖြစ်ပါကြောင်း၊ ၎င်းမဲရုံများသည် မဲပေးခွင့် ရှိသည့် ဦးရေ ပြည့်မီပြီးပါက ဆန္ဒမဲရလဒ်များ စတင်ဖွင့်ဖောက် ရေတွက်မည်ဆိုပါက လူဦးရေ ၁၀၀ ဦးအောက်ရှိသည့် မဲရုံအသီးသီးရှိ မဲရလဒ်များသည် ရွေးကောက်ပွဲ ကျင်းပသည့် နေ့ရက် နံနက်ပိုင်း ၉ နာရီ၊ ၁၀ နာရီအတွင်း ပေါက်ကြား သိရှိနိုင်မည် ဖြစ်ပါကြောင်း၊

မိမိ၏ မဲဆန္ဒနယ်တွင် မဲရုံပေါင်း ၇၇ ရုံရှိသည့် အနက် မဲရုံပေါင်း ၂၃ ရုံသည် မဲပေးခွင့်ရှိသူ ၁၀၀ ဦးအောက် ရှိသည့် မဲရုံများ ဖြစ်ပါကြောင်း၊ မြို့ပေါ်ရပ်ကွက်များနှင့် အခြားလူဦးရေ များသည့် မဲရုံများတွင် မဲပေးသည့်သူ၊ မဲပေးခွင့်ရှိသည့် ဦးရေ ၁၀ ရာခိုင်နှုန်းလခန့်သာ ဆန္ဒမဲ လာရောက်ပေးပြီးချိန် မြို့နယ်အတွင်းရှိ အခြား မဲရုံငယ်များ၏ မဲရလဒ်များကို FacebookOnline ပေါ်တွင် ကြေညာခြင်းများ၊ ဖြန့်ဝေများ ပြုလုပ်ကြခြင်းကို ၂၀၁၈ ခုနှစ်၊ ကြားဖြတ် ရွေးကောက်ပွဲ အတွေ့အကြုံအရ ကြုံကြိုက်ခဲ့ရဖူးပြီး ဖြစ်ပါကြောင်း၊ ၎င်းမဲရုံငယ်များ၏ မဲရလဒ်များ စောစီးစွာ ဖွင့်ဖောက်ကြေညာခြင်းသည် ပါတီအသီးသီးတွင် ကိုယ်စားပြု ရွေးကောက်ခံသည့် ကိုယ်စားလှယ်လောင်းများအတွက် မလိုလားအပ်သည့် မဲရလဒ်များကို ရုတ်တရက် ပြောင်းလဲ ဖြစ်ပေါ်စေနိုင်သည်ကို သတိမူသင့်ပါကြောင်း၊ ဆန္ဒမဲ မပေးရသေးသည့် မဲဆန္ဒရှင် ပြည်သူများနှင့် ကနဦး ရည်ရွယ်သည့် ကိုယ်စားလှယ်လောင်းများအပေါ် ဆန္ဒပြု မဲပေးခြင်းအတွက် ဆုံးဖြတ်ချက်များကို အခြားသော မဲရုံငယ်များ၏ မဲရလဒ် သတင်းအပေါ် အခြေခံပြီး စိတ်အာရုံ ထွေပြားစေခြင်း၊ ဆုံးဖြတ်ချက် ချမှတ်ရွေးချယ်ရာတွင် ပြဿနာများ ဖြစ်ပေါ်စေနိုင်ပါကြောင်း၊ ပြီးခဲ့သည့် ရွေးကောက်ပွဲများတွင် မဲပေးခွင့်ရှိသည့် ဦးရေ ၅၀ ဦးနှင့် ၁၀၀ ဦးကြား ရှိသည့် မဲရုံများတွင် ရွေးကောက်ပွဲရက်၏ နံနက်ပိုင်း အချိန်တိုအတွင်း မဲပေးခြင်း ပြီးဆုံးပြီး မဲပေးခွင့်ရှိသူ ဦးရေ ပြည့်မီပြီးပါက မဲရေတွက်ခြင်းကို ချက်ချင်းဆောင်ရွက်ခဲ့ ကြပါကြောင်း၊ မဲရလဒ်များ စောစီးစွာ သတင်းပေါက်ကြားပြီး FacebookOnline များ ပေါ်တွင် ဖွင့်ထုတ်ကြေညာခြင်း‌ များသည် လုံးဝမသင့်တော်သည့် ဖြစ်စဉ်များ ဖြစ်ပါကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ညွှန်ကြားချက်များ ထုတ်ပြန်ပြီး အလေးထား ထိန်းကျောင်းပေးရန် လိုအပ်မည် ဖြစ်ပါကြောင်း၊

ထို့ကြောင့် ပွင့်လင်းမြင်သာမှု ရှိသည့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး ဖြစ်စေရန် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် သက်ဆိုင်ရာ ပါတီအသီးသီးမှ ရွေးချယ်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ မဲရလဒ်များ တရားမျှတမှု ရှိစေရန်နှင့် မဲဆန္ဒရှင် ပြည်သူများ၏ စိတ်ဆန္ဒများ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ရန် ရည်ရွယ်ပြီး မေးမြန်းရခြင်း ဖြစ်ပါသည်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အဖွဲ့ဝင်၊ ဦးသက်ထွန်း

ချင်းပြည်နယ်၊ ကန်ပက်လက် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးညွန့်ဝင်း၏ ကြယ်ပွင့်ပြ မေးခွန်းနှင့်စပ်လျဉ်းပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ကိုယ်စား ရှင်းလင်း ဖြေကြားသွားမည် ဖြစ်ပါကြောင်း၊ ချင်းပြည်နယ်၊ ကန်ပက်လက်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးညွန့်ဝင်း၏ မေးခွန်းသည် အထွေထွေ ရွေးကောက်ပွဲ ကျင်းပသည့် နေ့ရက်တွင် တစ်နိုင်ငံလုံးရှိ မဲရုံအသီးသီးမှ မဲရလဒ်များအား ရွေးကောက်ပွဲ နေ့ရက်၏ ညနေ ၄ နာရီမတိုင်မီ ဖွင့်ဖောက် ရေတွက်ခြင်း မပြုရန်နှင့် ညနေ ၄ နာရီ မတိုင်ခင် မဲရလဒ်များအား ပေါက်ကြားစေခြင်း မရှိစေရန် ကောင်းမွန်သော ညွှန်ကြားချက်၊ စည်းကမ်းချက်များ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ တစ်နိုင်ငံလုံးသို့ ထုတ်ပြန်ကြေညာ ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုခြင်း မေးခွန်း ဖြစ်ပါကြောင်း၊

သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၄၂ ပုဒ်မခွဲ(က) တွင် ရွေးကောက်ပွဲ ကျင်းပသည့် နေ့တွင် မဲရုံများကို နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ထားရမည်။ သို့ရာတွင် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ အားလုံး ဆန္ဒမဲပေးပြီးပါက မဲရုံများကို ညနေ ၄ နာရီထက်စော၍ ပိတ်နိုင်သည်ဟူ၍ လည်းကောင်း၊ ယင်းဥပဒေပုဒ်မ ၄၂ ပုဒ်မခွဲ()မှာ မဲရုံများကို ညနေ ၄ နာရီတိတိအချိန်တွင် ပိတ်သည့်အခါ မဲရုံမပိတ်မီ မဲရုံပရဝဏ်အတွင်း၌ ဆန္ဒမဲ ပေးရန် ရောက်ရှိနေသူများအနက် ဆန္ဒမဲ မပေးရသေးသူများ ရှိပါက ယင်းတို့ကို စာရင်းကောက်ယူ၍ ထိုစာရင်းတွင် ပါသူများကိုသာလျှင် ဆန္ဒမဲပေးချိန် ကျော်လွန်ပြီး ဖြစ်စေကာမူ ဆန္ဒမဲ ပေးခွင့်ပြုရမည် ဟူ၍လည်းကောင်း၊ ယင်းဥပဒေပုဒ်မ ၄၈ ပုဒ်မခွဲ()တွင် သက်ဆိုင်ရာ မဲရုံအလိုက် ဆန္ဒမဲပေးခြင်း ပြီးပြတ်လျှင် ပြီးပြတ်ခြင်း မဲရုံမှူးကိုယ်တိုင်ဖြစ်စေ၊ ယင်းက တာဝန်ပေးအပ်သော မဲရုံ အဖွဲ့ဝင်ကဖြစ်စေ၊ မဲရုံတွင်ပင် မဲရုံ အဖွဲ့ဝင်များ၊ မဲရုံ ကိုယ်စားလှယ်များနှင့် အများပြည်သူတို့၏ ရှေ့မှောက်၌ ဆန္ဒမဲလက်မှတ်များကို ရေတွက်ရမည်ဟူ၍လည်းကောင်း ပြဋ္ဌာန်းထားပါတယ်။

အထက်ပါ ဥပဒေ ပြဋ္ဌာန်းချက်များ အရ ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် မဲရုံများကိုနံနက် ၆ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ထားရမည် ဖြစ်ပြီး မဲရုံများရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး ရာနှုန်းပြည့် ဆန္ဒမဲပေးပြီးပြီဆိုလျှင် မဲရုံများကိုညနေ ၄ နာရီထက်စောပြီး ပိတ်နိုင်ပါတယ်။ ထို့သို့ ၄ နာရီထက်စောပြီး ပိတ်ပါက အထက်ဖော်ပြပါ ဥပဒေပုဒ်မ ၄၈ ပုဒ်မခွဲ()အရ ဆန္ဒမဲလက်မှတ်များကို ရေတွက်ရမည် ဖြစ်ပါကြောင်း၊ မဲရုံကို သာမန်အားဖြင့် ညနေ ၄ နာရီတိတိအချိန်တွင် ပိတ်ရမည် ဖြစ်သော်လည်း မဲရုံပရဝဏ်အတွင်း ရောက်ရှိနေသည့် ဆန္ဒမဲ မပေးရသေးသူများကို စာရင်း ကောက်ယူပြီး အဆိုပါပုဂ္ဂိုလ်များ ဆန္ဒမဲပေးခြင်း ပြီးပြတ်လျှင် ပြီးပြတ်ခြင်း ဥပဒေပုဒ်မ ၄၈ ပုဒ်မခွဲ()နှင့်အညီ ဆန္ဒမဲ လက်မှတ်ရေတွက်ခြင်းကို ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မဲရုံများတွင် ညနေ ၄ နာရီထက်စော၍ မဲရုံပိတ်ပြီး မဲရေတွက်ခြင်း၊ တချို့သော မဲရုံများတွင် ညနေ ၄ နာရီတိတိ အချိန်တွင် မဲရုံပိတ်၍ မဲရေတွက်ခြင်း၊ တချို့သော မဲရုံများတွင် ညနေ ၄ နာရီကျော်စေကာမူ ၎င်းမဲရုံပရဝဏ်အတွင်း ရောက်ရှိနေသည့် ဆန္ဒမဲ မပေးရသေးသူများ ဆန္ဒမဲပေးခြင်း ပြီးပြတ်မှသာ မဲရုံပိတ်ပြီး မဲရေတွက်ခြင်းများကို သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မဲရုံတစ်ရုံနှင့် တစ်ရုံ မဲရုံပိတ်ချိန် တူညီမှု မရှိနိုင်သည့်အပြင် မဲရေတွက်သည့် အချိန်သည်လည်း တူညီမှု ရှိနိုင်မည် မဟုတ်ပါကြောင်း ဦးစွာရှင်းလင်း ဖြေကြားပါသည်။

သက်ဆိုင်ရာ မဲရုံအလိုက် ဆန္ဒမဲ ပေးခြင်း ပြီးပြတ်လျှင် ပြီးပြတ်ခြင်း မဲရုံမှူးကိုယ်တိုင်ဖြစ်စေ၊ ၎င်းက တာဝန်ပေးအပ်သည့် မဲရုံအဖွဲ့ဝင် ကဖြစ်စေ၊ ယင်းမဲရုံတွင် ပင်မဲရုံ အဖွဲ့ဝင်များ၊ မဲရုံ ကိုယ်စားလှယ်များနှင့် အများပြည်သူတို့၏ ရှေ့မှောက်တွင် ဆန္ဒမဲ လက်မှတ်များကို ရေတွက်ရမည် ဖြစ်ပါကြောင်း၊ ရေတွက် ရရှိသည့် ဆန္ဒမဲ အရေအတွက်ကို သတ်မှတ်ထားသည့် အတိုင်း ပုံစံစာရင်းများ ပြုစုပြီး မဲရုံမှူးနှင့် တာဝန်ရှိသူများ၊ လွှတ်တော် ကိုယ်စားလှယ်လောင်း၏ မဲရုံ ကိုယ်စားလှယ်များ၊ အများပြည်သူ အသိသက်သေများ ပါဝင်လက်မှတ် ရေးထိုးစေပြီး မဲရုံးမှူးထံတွင် လည်းကောင်း၊ မဲရုံတွင် ကပ်ထားခြင်းကိုလည်းကောင်း၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲသို့ ပေးပို့ခြင်းကိုလည်းကောင်း ဆောင်ရွက်ရပြီး မိတ္တူတစ်စောင်ကို မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲသို့ ပေးပို့ရမည် ဖြစ်ပါကြောင်း၊ ဖော်ပြပါ ဥပဒေ ပြဋ္ဌာန်းချက်နှင့် လုပ်ငန်းစဉ်များကို ညနေ ၄ နာရီထက်စောပြီး ပိတ်သည့် မဲရုံများတွင် ညနေ ၄ နာရီ မတိုင်မီ ဆန္ဒမဲ ရေတွက်ခြင်းများ ရှိနိုင်ပါကြောင်း၊ ထို့ကဲ့သို့ ရေတွက်ရာတွင် မဲရုံကိုယ်စားလှယ်များ၊ မဲရုံအဖွဲ့ဝင်များနှင့် အများပြည်သူများ၏ ရှေ့မှောက်တွင် ပွင့်လင်းမြင်သာစွာ မဲရေတွက်ခြင်း ဖြစ်သည့်အတွက် ၎င်းမဲရုံ၏ မဲရလဒ်ကို သိရှိနေကြမည် ဖြစ်ပါကြောင်း၊ ဆန္ဒမဲပေးခြင်း ပြီးပြတ်လျှင် ပြီးပြတ်ချင်း သက်ဆိုင်သည့် ပုဂ္ဂိုလ်များနှင့် အများပြည်သူများ ရှေ့မှောက်တွင် ဆန္ဒမဲ ရေတွက်ခြင်းသည် ဥပဒေ ပြဋ္ဌာန်းချက်နှင့်အညီ ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ထို့ပြင် ရွေးကောက်ပွဲ၏ စံတစ်ရပ် ဖြစ်သည့် ပွင့်လင်းမြင်သာမှု ရှိခြင်းကို ဖော်ဆောင်ရာ ရောက်မည် ဖြစ်ပါကြောင်း၊

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်သည့်အနေဖြင့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ရှိ အများယုံကြည် လေးစားခြင်းခံရသည့် ပုဂ္ဂိုလ်များနှင့် ရုံးဝန်ထမ်းများအတွက် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ငန်း လမ်းညွှန်များကို ပိုမိုသိရှိနိုင်စေရန် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် နည်းပြသင်တန်းများ ဖွင့်လှစ်ခြင်းကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ၎င်းနည်းပြ သင်တန်းတက်ရောက်ပြီး သူများက သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများမှ ဆင့်ပွားသင်တန်းများ ဖွင့်လှစ် ပို့ချခြင်းကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလကုန်တွင် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ မဲရုံများတွင် တာဝန် ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံ အဖွဲ့ဝင်များကိုလည်း ရွေးကောက်ပွဲကာလ နီးကပ်ချိန်တွင် သင်တန်းများ ဖွင့်လှစ်ပို့ချသွားရန် လျာထားဆောင်ရွက်လျက် ရှိပါကြောင်း၊

ထို့ကြောင့် မေးခွန်းပါ အထွေထွေ ရွေးကောက်ပွဲ ကျင်းပသည့် နေ့ရက်တွင် တစ်နိုင်ငံလုံးမှ မဲရုံ အသီးသီးရှိ မဲရလဒ်များအား ရွေးကောက်ပွဲ နေ့ရက်၏ ညနေ ၄ နာရီမတိုင်မီ ဖွင့်ဖောက် ရေတွက်ခြင်း မပြုရန်နှင့် ညနေ ၄ နာရီမတိုင်မီ မဲရလဒ်များအား ပေါက်ကြားစေခြင်း မရှိစေရန် ကောင်းမွန်သော ညွှန်ကြားချက်၊ စည်းကမ်းချက်များကို ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က တစ်နိုင်ငံလုံးသို့ ထုတ်ပြန်ကြေညာပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့်စပ်လျဉ်းပြီး အထက်ဖော်ပြပါ ပြဋ္ဌာန်းဥပဒေများအရ ထုန်ပြန်ကြေညာပေးရန် အစီအစဉ် မရှိပါကြောင်းနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်နှင့် မဲရုံ အဖွဲ့ဝင်များကို သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ တိကျစွာ လိုက်နာ ဆောင်ရွက်ရေးအတွက် သင်တန်းများ ဖွင့်လှစ်ပို့ချခြင်း၊ သင်တန်းကာလ နီးကပ်သည့် အချိန်တွင် လိုအပ်သည့် ညွှန်ကြားချက်များကို ဥပဒေနှင့်အညီ ထုတ်ပြန်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။