Skip to main content

မော်ချီးဒေသတွင် သတ္တုအကြီးစားလုပ်ကွက် တူးဖော်လုပ်ကိုင်ခွင့်ရရှိသော ကယားပြည်နယ် သတ္တုတူးဖော်ထုတ်လုပ်ရေးကုမ္ပဏီ(KMPC)အနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးရန်ပုံငွေနှင့် သတ္တုတွင်းပိတ်သိမ်းမှုနှင့် ပြန်လည်ထူထောင်မှု ရန်ပုံငွေထားရှိရန် စသောကိစ္စရပ်များနှင့် စပ်လျဉ်း၍ မည်ကဲ့သို့စီမံဆောင်ရွက်ထားရှိသည်ကို သိရှိလိုခြင်းနှင့် ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ထားခြင်းမရှိပါက မြန်မာ့သတ္တုတွင်း ဥပဒေ၊ နည်းဥပဒေနှင့်အညီ အရေးယူရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

မေးခွန်းမေးမြန်းရခြင်း၏ ရည်ရွယ်ချက်မှာ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသတွင် အကြီးစား သတ္တုတူးဖော် ထုတ်လုပ်ခွင့်ရရှိသော ကယားပြည်နယ်၊ သတ္တုတူးဖော်ထုတ်လုပ်ရေးကုမ္ပဏီ (KMPC) နှင့် အခြားလုပ်ကိုင်ခွင့်ရရှိထားသော ကုမ္ပဏီများမှ လုပ်ငန်းများကို လုပ်ကိုင်ရာတွင် မဖြစ်မနေလိုက်နာ ဆောင်ရွက်ရန်သတ်မှတ်ထားသည့် သက်ဆိုင်ရာဌာန၏ညွှန်ကြားချက်များ၊ လုပ်ငန်းလုပ်ဆောင်ကြသည့် အခါတွင် တစ်သွေမတိမ်းဖောက်ဖျက်ခွင့်မရှိသည့် လုပ်ငန်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတို့နှင့်အညီ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မေးခွန်းမေးမြန်းရခြင်း ဖြစ်ပါကြောင်း၊

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံးမှ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့ ရက်စွဲပါစာအမှတ်၊ ၄၇ ခွဲ(၂)၁၉/ သတ္တု(၇၉၀၈) အရ သတ္တုတွင်းပိတ်သိမ်းမှုနှင့် ပြန်လည်ထူထောင်မှုရန်ပုံငွေရရှိရန် ကိစ္စနှင့် ပတ်သက်၍ (က)မှ (ဇ)အထိ အပိုဒ် ၈ ပိုဒ်ပါသည့် ညွှန်ကြားချက်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ထို့အတူ ၎င်းဝန်ကြီးဌာနမှ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့ စာအမှတ်၊ ၄၈ ခွဲ(၂)၁၉/ သတ္တု (၇၉၀၇)အရ ပတ်ဝန်းကျင်ထိန်းသိမ်းရေးရန်ပုံငွေထားရှိရန်ကိစ္စဆိုသည့်အတိုင်းအပိုဒ် (က)မှ (ဆ)အထိ အပိုဒ် ၇ ပိုဒ်ပါသည့် ညွှန်ကြားချက် နှစ်စောင်ကို အသီးသီးထုတ်ပြန်၍ အသေးစိတ် ညွှန်ကြားထားပါကြောင်း၊ ၎င်းညွှန်ကြားချက်များကိုလည်း ဓာတ်သတ္တုခွင့်ပြုမိန့်ရရှိသူ အများအား လည်းကောင်း၊ မိမိတို့ဦးစီးဌာနလုပ်ငန်းရှိ တာဝန်ပေးအပ်ထားသူများအားလည်းကောင်း၊ လိုက်နာ ဆောင်ရွက်ရန် ရှင်းရှင်းလင်းလင်းအသိပေး သွားရန်နှင့် ကြပ်မတ်ဆောင်ရွက်သွားရန် ညွှန်ကြား ထားပြီးဖြစ်ပါကြောင်း၊

ယခုလိုညွှန်ကြားချက်များ အတိအကျ ညွှန်ကြားထားသော်လည်း မိမိမဲဆန္ဒနယ်မြေမှ သတ္တုတူးဖော် ထုတ်လုပ်ခွင့်ရပြီး လုပ်ငန်းများလုပ်ကိုင်နေသည့် ကုမ္ပဏီများအနေဖြင့် သက်ဆိုင်ရာဌာနနှင့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ထားခြင်းမရှိဘဲ သတ္တုတွင်းပိတ်သိမ်းမှုနှင့် ပြန်လည် ထူထောင်မှုရန်ပုံငွေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးရန်ပုံငွေများကိုလည်း မိမိမဲဆန္ဒနယ်၏ ဘဏ်တွင် ဖွင့်လှစ်ထားရှိရမည်ကို ယခုအချိန်အထိ ဖွင့်လှစ်ထားရှိခြင်းမရှိသည်ကိုလည်းသိရှိရပါကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ရန်ပုံငွေထားရှိရန်ကိစ္စမှာလုပ်ငန်း သဘောတူစာချုပ်ချုပ်ဆိုပြီး တစ်လအတွင်းငွေစာရင်းဖွင့်လှစ်၍ နှစ်စဉ်ထည့်ဝင်ရန် အတိအကျညွှန်ကြားထားပြီးဖြစ်ပါ ကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှုပျက်စီးမှုမရှိစေရန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းစီမံ ခန့်ခွဲမှုကော်မတီဖွဲ့စည်းရမည်ကိုလည်း ယခုအချိန်ထိ ဖွဲ့စည်းထားခြင်း မရှိသည်ကိုသိရှိရပါကြောင်း၊ ပြည်ထောင်စု၏ညွှန်ကြားချက်များကို လိုက်နာကျင့်သုံးမှုအလွန်အားနည်းပြီး စည်းကမ်းချက်နှင့် ညွှန်ကြားချက်အပေါ်တွင် လိုက်နာဆောင်ရွက်မှု မရှိသည်ကိုတွေ့ရပါကြောင်း၊ ထို့ကြောင့် ဒေသတစ်ခုလုံးအတွက် အနာဂတ်ပတ်ဝန်းကျင်ထိခိုက် ပျက်စီးမှုများ၊ ဘေးထွက်ဆိုးကျိုးများ၊ မလိုလားအပ်သောအခြားပြဿနာများ၊ ပေါ်ပေါက်လာနိုင်စရာအခြေအနေမှာ အတိုင်းအတာတစ်ခု အထိ စိုးရိမ်စရာဖြစ်မည်ဟု ယူဆရသည့်အတွက် မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မည်သည့်ကုမ္ပဏီကိုမဆို မိမိတို့၏မဲဆန္ဒနယ်အတွင်းတွင်ရှိသော သတ္တုသယံဇာတများကို မည်မျှ ထုတ်ယူသုံးစွဲစေကာမူ နိုင်ငံတော်၏အခွန်ဘဏ္ဍာငွေရရှိစေပြီး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားခြင်း မရှိခြင်းကြောင့် ဥပဒေအရ ထောက်ပြ၍ မော်ချီးဒေသတွင် သတ္တုအကြီးစားလုပ်ကွက် တူးဖော်လုပ်ကိုင်ခွင့်ရရှိသော ကယား ပြည်နယ် သတ္တုတူးဖော်ထုတ်လုပ်ရေးကုမ္ပဏီ(KMPC)အနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ရန်ပုံငွေနှင့် သတ္တုတွင်းပိတ်သိမ်းမှုနှင့် ပြန်လည်ထူထောင်မှုရန်ပုံငွေထားရှိရန် စသောကိစ္စရပ် များနှင့် စပ်လျဉ်း၍ မည်ကဲ့သို့စီမံဆောင်ရွက်ထားရှိသည်ကို သိရှိလိုခြင်းနှင့် ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ထားခြင်းမရှိပါက မြန်မာ့သတ္တုတွင်း ဥပဒေ၊ နည်းဥပဒေနှင့်အညီ အရေးယူရန် အစီအစဉ် ရှိ/မရှိ သိလိုကြောင်း မေးမြန်းပါသည်။


 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေ

ကယားပြည်နယ်သတ္တုထုတ်လုပ်ရေး ကုမ္ပဏီလီမိတက်(KMPC)သည် ကယားပြည်နယ်၊ ဖားဆောင်း မြို့နယ်၊ မော်ချီးသတ္တုတွင်းဒေသ၊ မြေဧရိယာ ၆၉၃၃.၂၈၂ ဧကတွင် ခဲမဖြူ၊ အဖြိုက်နက်နှင့် ရောရာ သတ္တုအကြီးစားတူးဖော်မှု ထုတ်လုပ်ခွင့်ကို ၂၀၀၂ ခုနှစ်ကတည်းမှစတင်ပြီး ရရှိထားခြင်း ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် စတုတ္ထအကြိမ် သက်တမ်းတိုးငါးနှစ်ကို ၂၈-၂-၂၀၁၉ ရက်နေ့မှ ၂၇-၂-၂၀၂၄ ရက်နေ့အထိ ခွင့်ပြုချက်နှင့်လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါကြောင်း၊

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ပတ်ဝန်းကျင် ထိန်းသိမ်းရေးရန်ပုံငွေ၊ သတ္တုတွင်းပိတ်သိမ်းမှုနှင့် ပြန်လည်ထူထောင်ရေးရန်ပုံငွေထားရှိရန်ကိစ္စတို့ကို သက်ဆိုင်ရာ လုပ်ငန်းဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင်ရှိသည့် လုပ်ကွက်စိစစ်ချထားရေးအဖွဲ့ တို့ကို လမ်းညွှန်ကြားချက်များပေးပို့ပြီး လုပ်ကွက်တစ်ခုချင်းအလိုက် လုပ်ကွက်တည်ရှိရာ မြို့နယ်များ ရှိ နိုင်ငံတော်ပိုင်ဘဏ်တစ်ခုခုတွင် ဘဏ်စာရင်းဖွင့်လှစ်ထားရှိရန်၊ ဘဏ်စာရင်းကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတစ်ဦး၊ သက်ဆိုင်ရာ သတ္တုတွင်းလုပ်ငန်းဌာနကတစ်ဦးနှင့် ကုမ္ပဏီမှတစ်ဦး ပါဝင်သည့်အဖွဲ့ဖြင့် ဖွင့်လှစ်ထားရှိရန် ဖော်ပြထားရှိပါကြောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးရန်ပုံငွေထားရှိရန်အတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဌာနမှ ၅-၇-၂၀၁၉ ရက်စွဲပါစာအမှတ်ဖြင့်လည်းကောင်း၊ သတ္တုတွင်းပိတ်သိမ်းမှုနှင့် ပြန်လည် ထူထောင်မှု ရန်ပုံငွေထားရှိရန်အတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနက ၅-၇-၂၀၁၉ ရက်စွဲပါစာအမှတ်၊ ၄၇ ခွဲ(၂)၁၉/သတ္တု(၇၉၀၈)ဖြင့်လည်းကောင်း ဦးစီးဌာနနှင့် လုပ်ငန်းများကို လိပ်မူပြီးမှ တိုင်းဒေသကြီး/ပြည်နယ် လုပ်ကွက်စိစစ်ချထားရေးအဖွဲ့များ ကိုလည်း မိတ္တူပေးပို့ အကြောင်းကြားပြီးဖြစ်ပါကြောင်း၊ ကယားပြည်နယ်အစိုးရအဖွဲ့က ပတ်ဝန်းကျင် ထိန်းသိမ်းရေးရန်ပုံငွေ၊ သတ္တုတွင်းပိတ်သိမ်းမှုနှင့် ပြန်လည်ထူထောင်ရေးရန်ပုံငွေများအတွက် အခြား စာရင်းရှင် (Other Account)ကို ဖွင့်လှစ်နိုင်ရေးနှင့် ပတ်သက်ပြီး ပြည်နယ်ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနမှ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာနနေပြည်တော် ကို တင်ပြခဲ့ရာတွင် မြန်မာ့သတ္တုတွင်းဥပဒေ၊ နည်းဥပဒေများမှာလည်း ပြဋ္ဌာန်းထားရှိပြီးဖြစ်သည့်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးရန်ပုံငွေကို ကယားပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် သတ္တုပိတ်သိမ်းမှုနှင့် ပြန်လည်ထူထောင်ရေးရန်ပုံငွေ၊ ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အမည်စသည်တို့ဖြင့် မြန်မာ စီးပွားရေးဘဏ်(လွိုင်ကော်မြို့)တွင် (OA)စာရင်းနှင့်ထားရှိရန် ဆောင်ရွက်ခွင့်ရရှိပါကြောင်း၊

ကယားပြည်နယ်အစိုးရအဖွဲ့ရုံးသည် အခြားစာရင်းရှင် (OA) နှစ်ခုဖွင့်လှစ်နိုင်ရေးအတွက် ဖော်ပြပါ ပါဝင်သည့်ပုဂ္ဂိုလ် သုံးဦးနှင့်ဖွဲ့စည်းပြီးမှ (OA Account) ဖွင့်လှစ်ခဲ့ပါကြောင်း၊ ကယား ပြည်နယ် လုပ်ကွက်စိစစ်ချထားရေးအဖွဲ့၏ ၃၁-၁-၂၀၂၀ ရက်စွဲပါစာအမှတ်ဖြင့်လည်း ကယားပြည်နယ် အစိုးရအဖွဲ့၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးရန်ပုံငွေ (OA-021563)နှင့်လည်းကောင်း၊ သတ္တုတွင်း ပိတ်သိမ်းမှုနှင့် ပြန်လည်ထူထောင်ရေးရန်ပုံငွေကို (OA-021574)တို့ဖြင့်လည်းကောင်း ဖွဲ့စည်းထား ရှိပြီးဖြစ်ပါကြောင်း၊ ပြည်နယ်အတွင်း သတ္တုတူးဖော်ထုတ်လုပ်သည့် ကုမ္ပဏီများအနေဖြင့် အဆိုပါ ငွေစာရင်း အမှတ်များအတွင်း ဥပဒေနှင့်အညီ ထည့်ဝင်သွားရန်သက်ဆိုင်ရာ သတ္တုတွင်းဦးစီးဌာန ပြည်နယ် လုပ်ကွက်စိစစ်ချထားရေးအဖွဲ့မှ ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး KMPC ကုမ္ပဏီမှလည်း ထည့်ဝင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ KMPC ကုမ္ပဏီသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ရန်ပုံငွေအတွက် မော်ချီးသတ္တုတွင်း ရင်းနှီးမြှုပ်နှံမှုငွေ၏ နှစ်ရာခိုင်နှုန်းဖြစ်သည့် ကျပ်သန်း ၄၀၀ မှ ၂၅ ရာခိုင်နှုန်းဖြစ်သည့် ကျပ်သန်း ၁၀၀ နှင့် သတ္တုတွင်း ပိတ်သိမ်းမှုနှင့် ပြန်လည်တည်ထောင်ရေး ရန်ပုံငွေအတွက် နှစ်ရာခိုင်နှုန်းဖြစ်သည့် ကျပ်သန်း ၄၀၀ ၏ ၂၅ ရာခိုင်နှုန်းဖြစ်သည့် ကျပ်သန်း ၁၀၀ စီတို့ကို ၂၀၂၀ ပြည့်နှစ် မတ်လနှင့် စက်တင်ဘာလတွင်လည်းကောင်း၊ ကျန် ၅၀ ရာခိုင်နှုန်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင်လည်းကောင်း ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကယား ပြည်နယ်အစိုးရအဖွဲ့တို့ အဆိုပြု တင်ပြထားတာရှိပါကြောင်း၊

သို့သော်လည်း COVID-19 ကူးစက်ရောဂါထိန်းချုပ်ရေးအတွက် ညွှန်ကြားချက်နှင့်အညီ လုပ်ငန်းများ ခေတ္တဆိုင်းငံ့ရခြင်းနှင့် သတ္တုဈေးနှုန်းများကျဆင်းခြင်းအတွက် သတ္တုရောင်းချနိုင်မှု မရှိသေးခြင်း တို့ကြောင့် အဆိုပါရန်ပုံငွေအား ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလအတွင်း ၅၀ ရာခိုင်နှုန်း အားလည်းကောင်း၊ ကျန် ၅၀ ရာခိုင်နှုန်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ထည့်ဝင်ခွင့်ပြုပါရန် ကယားပြည်နယ်၊ လုပ်ကွက်စိစစ်ချထားပေးရေးအဖွဲ့သို့ တင်ပြထားပါကြောင်း၊ သို့ဖြစ်ပါ၍ ကုမ္ပဏီ သည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးရန်ပုံငွေနှင့် သတ္တုတွင်းပိတ်သိမ်းမှုနှင့်ပြန်လည်ထူထောင်မှုရန်ပုံငွေ ထားရှိရန်အတွက် ပြည်နယ်အစိုးရနှင့် ပေါင်းစပ်ဆောင်ရွက်နေပါကြောင်းနှင့် ကုမ္ပဏီကပေးထားသော ကတိကဝတ်အတိုင်း လိုက်နာဆောင်ရွက်နိုင်ရေး သတိပေးအကြောင်းကြားသွားမည်ဖြစ်ပါကြောင်း နှင့် အကယ်၍ဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာ လုပ်ငန်းဌာနမှ မြန်မာ့သတ္တုတွင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။

ဒေါ်နန်းထွေးသူ(ဖားဆောင်းမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ဒုတိယဝန်ကြီးက ဖြေကြားသွားသည့်အထဲတွင် မိမိတို့ ကယားပြည်နယ်အစိုးရအဖွဲ့မှ ငွေစာရင်း ဖွင့်လှစ်ထားပါကြောင်း ယခုမှဆောင်ရွက်ထားသည်ဟု ဖြေကြားထားသည်ကိုတွေ့ရပါကြောင်း၊ သို့သော် ၎င်းဘဏ္ဍာငွေများသည် ပြည်ထောင်စု၏ညွှန်ကြားချက်အရဆိုလျှင် လုပ်ကွက်တည်ရှိရာ မြို့နယ်တွင်ရှိသည့် နိုင်ငံတော်ဘဏ်တွင် ဘဏ်စာရင်းကိုဖွင့်လှစ်ရမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စု၏ညွှန်ကြားချက်အတိုင်း ဓာတ်သတ္တုလုပ်ကွက်တစ်ခုချင်းအလိုက် သက်ဆိုင်ရာမြို့နယ် တွင်ရှိသည့် နိုင်ငံတော်ဘဏ်တွင်သာ ဖွင့်လှစ်ရမည်ဆိုသည်ကို ညွှန်ကြားထားသည့်ပေါ်တွင် ၂၅-၆-၂၀၁၉ ရက်နေ့ ကျင်းပသည့် အစည်းအဝေးဆုံးဖြတ်ချက်အရရော၊ ရန်ပုံငွေနှစ်ခုလုံးကို မိမိတို့ လုပ်ကွက်တည်ရှိရာ မြို့နယ်ဘဏ်တွင်သာ ပြန်လည်ဖွင့်လှစ်ရမည်ဆိုလျှင် တစ်ဆက်တစ်စပ်တည်း အနေဖြင့် ရန်ပုံငွေများကို ဖားဆောင်း မဲဆန္ဒနယ်တွင်သာ ပြန်လည် ဖွင့်လှစ်ရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေ

သတ္တုတွင်း ပိတ်သိမ်းမှုရန်ပုံငွေနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးရန်ပုံငွေထားရှိရေးအတွက် လုပ်ထုံး လုပ်နည်းနှင့် SOP များကို ရေးဆွဲပြီးမှ သက်ဆိုင်ရာဌာနများ ပြည်နယ်နှင့်တိုင်းဒေသကြီး လုပ်ကွက် စိစစ်ချထားရေးအဖွဲ့တို့ကိုလည်း မိတ္တူပေးပို့ပြီးဖြစ်ပါကြောင်း၊ အဓိကမှာ မည်သည့်ဘဏ်တွင် ငွေထားမည်ဆိုသည်ထက် ၎င်းငွေကိုမည်သူကစီမံခန့်ခွဲပြီး မည်သည့်နေရာတွင် သုံးစွဲမည်ဆိုသည်က ပိုပြီးအရေးကြီးပါကြောင်း၊ ၎င်းကိစ္စနှင့်ပတ်သက်၍ မိမိတို့လုပ်ထုံးလုပ်နည်းနှင့်အညီ ငွေစာရင်း အကောင့်ဖွင့်လှစ်နိုင်ရန် အာမခံငွေများကို ကောက်ခံနိုင်ရန်နှင့် ကတိကဝတ်အတိုင်း သတ်မှတ် ထားသည့် အချိန်အတွင်း ပေးသွင်းနိုင်‌ရန်နှင့် ပျက်ကွက်မှုရှိပါက သတ္တုတွင်းဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားနိုင်ရန် ကယားပြည်နယ်အစိုးရအဖွဲ့၊ ကယားပြည်နယ် လုပ်ကွက် စိစစ်ချထားရေး ကော်မတီတို့နှင့်ညှိနှိုင်းပြီး အမြန်ဆုံးဆောင်ရွက်သွားပေးမည်ဖြစ်ကြောင်း၊ ဆောင်ရွက် ပြီးစီးမှုအဆင့်ဆင့်ကိုလည်း လွှတ်တော်ကိုယ်စားလှယ်တော်ကြီး သိရှိနိုင်ရန်အတွက် သက်ဆိုင်ရာ လုပ်ငန်းဌာနတို့တွင် ပြန်လည်ရှင်းလင်းပြီးမှ သတင်းပို့ပေးမည်ဖြစ်ကြောင်းပြန်လည်ဖြေကြား ပါသည်။