Skip to main content

ပေါင်မြို့နယ်ရှိ ကုလားမတောင်တန်းကြီးမှ လမ်းခင်းကျောက်ထုတ်လုပ်ခြင်း၊ ဓာတ်သတ္တုတူးဖော် ခြင်း၊ မြေကွက်ဖော်မြေတူးရောင်းချခြင်း စသည့်လုပ်ငန်းများကို တရားဝင်နှစ်ရှည်လုပ်ကိုင်ခွင့်ပြု ထားခြင်းနှင့် တရားမဝင် ဝင်ရောက်လုပ်ကိုင်နေခြင်းကို ပိတ်သိမ်းပေးရန်နှင့် သဘာဝထိန်းသိမ်း စောင့်ရှောက်သည့် ဇီဝတောင်အဖြစ် သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း 

ပေါင်မြို့နယ်တွင်ရှိသည့်ပြည်သူများသည် ကုလားမတောင်တန်းကြီးကို အားထားမှီတင်း နေထိုင်ကြသည့် တောင်တန်းတွင်ရေအရင်းအမြစ် စိမ့်စမ်းရေများ အစဉ်မပြတ် ထုတ်ပေးနေသည့် အတွက် ပြည်သူများ သောက်သုံး‌ရေအဆင်ပြေနေရခြင်းဖြစ်ပါကြောင်း၊ ကုလားမတောင်တန်းကြီး ကြောင့် ကားတိုက်ဆည်ကြီးကိုတည်ဆောက်နိုင်ခဲ့ပြီး လယ်ယာမြေဥယျာဉ်ခြံလုပ်ငန်းတွင်လည်း အောင်မြင်ဖြစ်ထွန်းခဲ့ဖြစ်ပါကြောင်း၊  ဆန်စပါးထွက်နှုန်းကောင်းသည့်မြို့နယ်တစ်ခုဖြစ်ပါကြောင်း၊ ကမ္ဘာ့ရာသီဥတုပြောင်းလဲလာသည်နှင့်အမျှ မိုးခေါင်းရေရှားသည့်ဒဏ်ကို တစ်နှစ်ထက်တစ်နှစ်ပိုမို ကြုံတွေ့နေရပါကြောင်း၊ ယခင်က တောတောင်များမပျက်စီးခဲ့စဉ်က စိမ့်စမ်းရေ၊ ရေတွင်းများမှ ရေမပြတ်တည်ရှိနေပါသော်လည်း ယခုအခါတွင် သစ်ပင်ခုတ်၊ တောင်ပြို၊ မြေတူး၊ လမ်းဖောက်၊ ခြံကွက်ဖော်ရောင်းစားခဲ့သည့်အတွက် ဂေဟစနစ်များလည်း ပျက်စီးခဲ့ရပါကြောင်း၊ တောတောင်ကို မှီပြီး နေထိုင်စားသောက်နေရသည့်တိုင်းရင်းသားပြည်သူများ၏ ဥယျာဉ်ခြံလုပ်ငန်းတွင်လည်း ပျောက်ပျက်ခဲ့ရပြီး ရှားပါးတိရစ္ဆာန်များ၊ ပရေဆေးများ မျိုးရိုးဗီဇ ပျောက်ကွယ်ခဲ့ရပါကြောင်း၊

ထို့ကြောင့် အစိုးရအနေဖြင့် နှစ်ရှည်ခွင့်ပြုထားသည့် ကျောက်ထုတ်လုပ်ငန်းများ၊ တရားမဝင် လုပ်ကိုင်နေသည့်မြေကွက်ဖော်၊ ခြံကွက်ဖော်လုပ်ငန်းများကို အပြီးအပိုင်ရပ်တန့်ပြီး ကြပ်မတ် ဆောင်ရွက်ရမည်အချိန်ဖြစ်ပါကြောင်း၊ ပျောက်ကွယ်နေသည့် စိမ့်စမ်းရေများ၊ ရေတံခွန်များကိုလည်း ပြန်လည်ထိန်းသိမ်းပြီး မြေသားတမံအသေးစားများတည်ဆောက်ပေးခြင်း၊ သစ်ပင်၊ ဝါးပင်များ အစားထိုးစိုက်ပျိုးပေးခြင်းဖြင့် နောင်လာနောက်သားများအတွက် ထည့်စဉ်းစားပေးရမည် ဖြစ်ပါကြောင်း၊ 

၂၀၁၈ ခုနှစ်၊ ဇီဝမျိုးစုံကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာဥပဒေအခန်း(၁)တွင် ဖော်ပြထားသည့် ဇီဝမျိုးစုံကွဲဆိုသည့်အဓိပ္ပာယ်မှာ ကုန်းမြေပင်လယ်နှင့် အခြားဂေဟစနစ်များ ပါဝင်နေသည့် ဂေဟဗေဒအရဆက်စပ်မှုရှိကြောင်း၊ အရင်းအမြစ်အားလုံး၏ သက်ရှိများကြား ကွဲပြားမှုကိုဆိုလိုပါကြောင်း၊ ကုလားမတောင်တန်းသည် ဤဇီဝမျိုးဇုံကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ရမည့်ဒေသ တစ်ခုအဖြစ်လည်း အသုံးဝင်နေပါကြောင်း၊ ပေါင်မြို့နယ်သည် ဆောင်းရာသီတွင် ကမ္ဘာ့ဆောင်းခိုငှက်များ လာရောက်ခိုအောင်းနားနေသည့်ဒေသတစ်ခုဖြစ်ပါကြောင်း၊ ပင်လယ်ကမ်းခြေ ကျေးရွာတစ်ခုဖြစ် သည့် အလှပ်ကျေးရွာသည် ဆောင်းခိုငှက်များပျော်မွေ့ရာနေရာ ဖြစ်သောကြောင့် ငှက်ကြည့် ဝါသနာရှင်များလာရောက်ပြီး လေ့လာခဲ့ပါကြောင်း၊ ကုလားမတောင်တန်း တစ်လျှောက်တွင် ငှက်များနားခိုပြီး နေထိုင်စားသောက်ကြပါကြောင်း၊ ဒေသခံများ၏ ဖမ်းဆီးစားသောက်မှုကိုလည်း ကြုံတွေ့နေရကြောင်း၊ တောင်တန်းတစ်လျှောက် တန်ဖိုးရှိသော ပရဆေးများစွာ ပေါက်ရောက် နေသည့်အတွက် ဒေသခံများ များစွာအကျိုးကျေးဇူးရှိပါကြောင်း၊  ထင်ရှားသည့်ရေတံခွန်များ ပေါ်ထွန်းခဲ့ပြီး ဒဂူဝီရေတံခွန်၊ ဇင်းကျိုက်မြို့ရှိ ဇင်းကျိုက်ရေတံခွန်၊ ကြုံကရေတံခွန်၊ ဆင်ရွာရေတံခွန်တို့သည် ဒေသခံများအတွက်အားထားရသည့်အပြင် နွေရာသီတွင် အပန်းဖြေစရာ ဖြစ်ခဲ့ပါကြောင်း၊ သို့သော် ယခုအခါတွင် လူတို့၏ပယောဂကြောင့် ရေတံခွန်သည်လည်း ပျောက်ပျက် သွားရသည့်ဘေးကို ကြုံတွေ့နေရပါကြောင်း၊ ရေရှည်မျှော်ကိုး၍ ကုလားမတောင်တန်းကို ထိန်းသိမ်း စောင့်ရှောက်ရန်အချိန် ရောက်နေပြီဖြစ်သည့်အတွက် သဘာဝထိန်းသိမ်းစောင့်ရှောက်သည့် ဇီဝတောင်တန်းအဖြစ် သတ်မှတ်ပေးနိုင်ခြင်းရှိ/မရှိ မေးမြန်းပါသည်။


 

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ

လမ်းခင်းကျောက်ထုတ်လုပ်ခွင့်လိုင်စင်များကို မိမိတို့ မြေနှင့်အခွန်အက်ဥပဒေအရ လုပ်ထုံး လုပ်နည်းနှင့်အညီ သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စိစစ်ခွင့်ပြုခြင်းဖြစ်ပါကြောင်း၊ လမ်းခင်းကျောက်ထုတ်လုပ်မည့်နေရာသည် သစ်တောမြေအတွင်းတွင် ကျရောက်မည်ဆိုပါက သစ်တောဦးစီးဌာနအနေနှင့် သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ သဘော ထားမှတ်ချက်၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၏ သဘောတူထောက်ခံချက် များနှင့်အညီ စိစစ်ပြီး  လုပ်ငန်းများကိုလုပ်ကိုင်ခွင့်ချပေးလျက် ရှိပါကြောင်း၊ သစ်တောနယ်မြေ အတွင်း လမ်းခင်းကျောက်ထုတ်လုပ်ခွင့်ပြုရာတွင် ကွင်းဆင်းစစ်ဆေးစိစစ်ဆောင်ရွက်လျက်ရှိပြီး ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာလုပ်ထုံးနှင့်အညီ လမ်းခင်းကျောက်ထုတ်လုပ်ခြင်း လုပ်ငန်းလုပ်ကိုင်ရာတွင်  ထုတ်လုပ်မှုဧရိယာ ဧက ၂၀၀ အောက်နှင့် တစ်နှစ်လျှင် ထုတ်လုပ်မှုတန်ချိန် ၁၀၀၀၀၀ အောက်ဖြစ်ပါက ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း (Initial Environmental Examination-IEE) အစီရင်ခံစာထုတ်လုပ်မှု ဧရိယာဧက ၂၀၀ နှင့်အထက် သို့မဟုတ် တစ်နှစ်လျှင် တန်ချိန် ၁၀၀၀၀၀ နှင့်အထက်ဖြစ်ပါက ပတ်ဝန်းကျင်ထိခိုက်မှုစစ်ဆေးခြင်း (Environmental Impact Assessment-EIA) အစီရင်ခံစာရေးဆွဲတင်ပြရမည်ဖြစ်ပြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ် (Environmental Management Plan-EMP)ရေးဆွဲရန် လိုအပ်သည့် စီမံကိန်းများအတွက်လည်း EMP ရေးဆွဲတင်ပြရမည်ဖြစ်ပါကြောင်း၊ 

ကျောက်ထုတ်လုပ်ခွင့်စာချုပ်ချုပ်ရာတွင်လည်း လုပ်ငန်းအာမခံငွေ၊ အခွန်ငွေ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆောင်ရွက်ချက်များစသည့် စည်းကမ်းသတ်မှတ်ချက်များကို ထုတ်လုပ်ခွင့်ရရှိသူက လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လမ်းခင်းကျောက်ထုတ်လုပ်သူသည် ပတ်ဝန်းကျင်စီမံ ခန့်ခွဲမှုအစီအစဉ် (Environmental Management Plan-EMP)ပါ ဇယားအတိုင်း စောင့်ကြပ်ကြည့်ရှုမှု အစီရင်ခံစာကိုလည်းဝန်ကြီးဌာနသို့ ခြောက်လတစ်ကြိမ် သို့မဟုတ် ဝန်ကြီးဌာနကသတ်မှတ် သည့်အတိုင်း တင်ပြရမည်ဖြစ်ပါကြောင်း၊ မွန်ပြည်နယ်၊ ကုလားမ တောင်ကြိုးဝိုင်းကို သထုံမြို့နယ်တွင် ၈၅၈၆.၇၀ ဧက၊ ပေါင်မြို့နယ်တွင် ၂၅၁၃၆.၀၉ ဧက စုစုပေါင်း ၃၃၇၂၂.၇၉ ဧကအား ၁၉၀၉ ခုနှစ် ဖေဖော်ဝါရီလမှစ၍ သတ်မှတ်ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း၊  မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်အရ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ပေါင်မြို့နယ် ကျောက်ထုတ်လုပ်ခွင့် လိုင်စင်ရရှိသည့် ကျောက်မိုင်း ၂၄ ခုရှိပြီး ကျောက်ကျင်းပေါင်း ၁၆၂၁၅၀ ကျင်း ထုတ်လုပ်ခဲ့ပြီး မွန်ပြည်နယ်အစိုးရအနေဖြင့် လိုင်စင်ခွန် ၄၀၅.၃၇၅ သန်းကောက်ခံရရှိခဲ့ပါကြောင်း၊ သစ်တောမြေငှားရမ်းခွင့် ခွင့်ပြုပြီးနောက်တွင်လည်း သတ်မှတ်စည်းကမ်းချက်များ မလိုက်နာပါက အရေးယူဆောင်ရွက်လျက်ရှိပြီး၊ တရားမဝင် ဆောင်ရွက်မှုများမရှိစေရန် သက်ဆိုင်ရာနယ်မြေ ဝန်ထမ်းများအား ကွင်းဆင်းကြီးကြပ် ဆောင်ရွက်စေလျက်ရှိပါကြောင်း၊

မွန်ပြည်နယ်အစိုးရမှလည်း ပေါင်မြို့နယ်အတွင်း အခြားဓာတ်သတ္တုတူးဖော်မှု၊ မြေကြီး တူးဖော်မှုတို့အား တရားဝင်ခွင့်ပြုထားမှုမရှိကြောင်းနှင့် တရာမဝင်တူးဖော်မှုမရှိစေရန် စစ်ဆေး ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောက်ထုတ်လုပ်ခြင်းအား ထုတ်လုပ်မှုပမာဏအလိုက် ပတ်ဝန်းကျင်ဆန်းစစ်ခြင်းဆိုင်ရာ အစီရင်ခံစာများရေးဆွဲစေခြင်း၊ စိစစ်အတည်ပြုပြီးသော အစီအမံ အတိုင်းလိုက်နာဆောင်ရွက်မှုရှိ/မရှိကြီးကြပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီးလိုက်နာမှုမရှိ ပါက လုပ်ငန်းပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြား ထားပါကြောင်း၊ လက်ရှိအခြေအနေတွင် ကုလားမတောင်ကြိုးဝိုင်းတောအဖြစ် ဖွဲ့စည်းထားရှိပြီး ဖြစ်ပါသဖြင့် သဘာဝဝန်းကျင်နှင့် ဇီဝမျိုးများထိန်းသိမ်းရေးကြိုးဝိုင်းတောအဖြစ် ပြောင်းလဲဖွဲ့စည်း ရန် လတ်တလောတွင် အစီအစဉ်မရှိသေးပါကြောင်းနှင့် ၂၀၁၈ ခုနှစ်၊ သစ်တောဥပဒေပုဒ်မ ၄ အရ ဝန်ကြီးဌာနသည် သဘာဝတောတောင်၊ ရေ၊ မြေတို့ကိုထိန်းသိမ်းကာကွယ်ရန် သစ်တောထွက်ပစ္စည်း များစဉ်ဆက်မပြတ်ထုတ်လုပ်နိုင်ရန်အလို့ငှာ အစိုးရကစီမံခန့်ခွဲခွင့်ရှိ‌သော မြေတွင် နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ သဘောထားမှတ်ချက်၊ ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် နယ်နိမိတ်သတ်မှတ်၍ စီးပွားရေးသစ်ထုတ်ကြိုးဝိုင်းတော၊ ဒေသန္တရထောက်ပံ့ရေးကြိုးဝိုင်းတော၊ ရေဝေရေလဲထိန်းသိမ်းရေးကြိုးဝိုင်းတော၊ သဘာဝပတ်ဝန်း ကျင်နှင့် ဇီဝမျိုးများ ထိန်းသိမ်းရေးကြိုးဝိုင်းတောနှင့် အခြားကြိုးဝိုင်းတောများကို ဖွဲ့စည်းနိုင်သည် ဟုဖော်ပြချက်နှင့်အညီ ရေ၊ မြေနှင့် ဇီဝအနေအထားများအရ လုံးဝကာကွယ်ထိန်းသိမ်းရန် လိုအပ်မည်ဆိုပါက သက်ဆိုင်ရာပြည်နယ်အစိုးရ၏ သဘောထားမှတ်ချက်ကိုရယူ၍ ပြည်ထောင်စု အစိုးရထံတင်ပြဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။