Skip to main content

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ လေးပင်ကျေးရွာကို လွန်ခဲ့သည့် ၁၉၅၄ ခုနှစ်က ကျေးရွာအဖြစ် စတင်တည်ထောင်ခဲ့ပါကြောင်း၊ ယင်းသို့ စတင်တည်ထောင်ခဲ့သည့် ၁၉၅၄ ခုနှစ်ကပင် ကျေးရွာပတ်ဝန်းကျင်ရှိ ယခုကွင်းအမှတ်(၁၂၇၉)ကွင်းတွင် ဓားမဦးချ စိုက်ပျိုးရေးလုပ်ကိုင်ခဲ့ပြီး အသက်မွေးဝမ်းကျောင်းပြုခဲ့ကြသည်မှာ ယခုဆိုလျှင် နှစ်ပေါင်း ၆၅ နှစ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်ပါ ကြောင်း၊ ထို့သို့ စိုက်ပျိုးရေးလုပ်ခဲ့သော်လည်း ကြိုးဝိုင်းဧရိယာအတွင်းမှ ပယ်ဖျက်ပေးခြင်း မရှိသေး သည့်အတွက် စိုက်ပျိုးရေးလုပ်သည့်ရာသီချိန်တွင် ဒေသခံတောင်သူများနှင့် ဒေသခံစိုက်ပျိုးရေး ဝန်ထမ်း တို့သည် အဆင်မပြေမှုမှုများ မကြာခဏကြုံတွေ့ခဲ့ရပါကြောင်း၊

စိုက်ပျိုးရေးလုပ်သည့် မြေများတွင် ကွင်းအမှတ်နှင့် ဦးပိုင်အမည်ပေါက် ပြေစာများကိုလည်း လက်ရှိ တောင်သူများလက်ထဲတွင် ကိုင်နေမြဲရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ဒေသခံ တောင်သူများ၏ အခက်အခဲများ ပြေလျော့စေရန် နှစ်ပေါင်း ၆၅ နှစ်ခန့် ဓာမဦးချလုပ်ကိုင်ခဲ့သော ကွင်းအမှတ်(၁၂၇၉)ကွင်းအား ကြိုးဝိုင်းအတွင်းမှ ပယ်ဖျက်ပေးပါရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေ

မင်းဘူး(စကု)မြို့နယ်၊ ပုဂံကြိုးဝိုင်းကို ၁၉--၁၉၀၈ ရက်နေ့ ရက်စွဲပါအမိန့်ကြော်ငြာစာ အမှတ်(၂၃)ဖြင့် ဧရိယာ ၃၂,၁၇၂.၈၀ ဧက စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ၁၉၃၅ ခုနှစ်တွင် အမှတ်() ကာကွယ်ရေးပစ္စည်းစက်ရုံ မြေနေရာအတွက် ၂,၇၈၃ ဧက၊ ၂၀၁၀ ပြည့်နှစ်တွင် တပ်မတော် တာဝေး စက်ပစ်ကွင်းမြေနေရာအတွက် ၁၂,၈၈၁ ဧကကို ပယ်ဖျက်ပေးခဲ့ပါကြောင်း၊ ပြည်သူလူထု၏ စားဝတ်နေရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် သစ်တောနယ်မြေများအတွင်း နှစ်ကာလ အတိုင်းအတာတစ်ခုအထိ အခြေချနေထိုင်သည့် ရွာစုနှင့် အိမ်ထောင်စုများကို သစ်တောမြေ အဖြစ်က ပယ်ဖျက်နိုင်ရန်အတွက်လည်း ကော်မတီအဆင့်ဆင့်ကြီးကြပ်မှုနှင့် ဌာန အသီးသီးပါဝင်သည့် ပူးပေါင်းအဖွဲ့များသည် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလမှ မတ်လအထိ မြေပြင်စာရင်း ကောက်ယူခဲ့ ပါကြောင်းနှင့် ကောက်ယူခဲ့သည့်စာရင်းအရ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောမြေအဖြစ်မှ ပယ်ဖျက်ခြင်းလုပ်ငန်းစဉ်များကို စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၁၃ ခုနှစ် သစ်တောမြေ ကျူးကျော်စာရင်းအရ လေးပင်ကျေးရွာမြေ ၃၉.၁၃ ဧက၊ ခရုကန်ကျေးရွာမြေ ၇၄.၂၁ ဧကတို့ကို သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးခဲ့ပြီး ဉယျာဉ်ခြံမြေ ၁၀ ဧကကိုလည်း နှစ်ရှည်မြေ ငှားရမ်း ခွင့်ပြုခဲ့ကာ ယာမြေ ၂,၄၇၆ ဧကကို ကနဦးနှစ် ၃၀ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော တည်ထောင်ဆောင်ရွက်ခွင့်ကိုပြုထားပြီး ဖြစ်ပါကြောင်း၊

မေးခွန်းပါဧရိယာရှိ‌ ဒေသခံပြည်သူများသည် ၂၀၁၃ ခုနှစ် စာရင်းကောက်ယူစဉ်က မပါဝင်ခဲ့သည့် အတွက် ကျူးကျော်လုပ်ကိုင်လျက်ရှိသော စိုက်ပျိုးမြေ ဧရိယာများကို ကြိုးဝိုင်းမြေအဖြစ်မှ ပယ်ဖျက် ပေးရန် လတ်တလောအစီအစဉ်မရှိသေးသော်လည်း ၂၀၁၈ ခုနှစ် သစ်တောဥပဒေအခန်း()၊ ပုဒ်မ ၇ ပုဒ်မခွဲ(က)အရ ဝန်ကြီးဌာနသည် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၏ သဘောထားမှတ်ချက်၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ကြိုးဝိုင်းတော တစ်ခုလုံးကို ဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ၊ ကြိုးဝိုင်း တောအမျိုးအစား ပြင်ဆင်ဖွဲ့စည်းခြင်း၊ ကြိုးဝိုင်းတောအဖြစ်မှပယ်ဖျက်ခြင်း သို့မဟုတ် ကြိုးပြင်ကာကွယ်တောအဖြစ် ပြောင်းလဲသတ်မှတ် ခြင်းပြုနိုင်သည်ဟု ဖော်ပြပါရှိသဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်ဆောင်ရွက် မှုနှင့် မြေပြင်အခြေအနေမှန်များကို ဆက်စပ်ဌာနများ၊ အဖွဲ့စုံနှင့် ကွင်းဆင်းစိစစ်ပြီး အမှန်တကယ် ပယ်ဖျက်ဆောင်ရွက်ပေးသင့်ပါကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သဘောထား မှတ်ချက်နှင့်အတူ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ပါသည်။

ဦးဝင်းဝင်း(မင်းဘူးမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဝန်ကြီး၏ ဖြေကြားချက်တွင် ၂၀၁၃ ခုနှစ်တုန်းက ကွင်းဆင်းစိစစ်ပြီး ပယ်ဖျက်ရန် လိုအပ်သည့် နေရာများကို ပယ်ဖျက်ခဲ့ပြီးပြီဖြစ်သည်ဟု သိရှိနားလည်ပါကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် ဥပဒေအရ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကွင်းဆင်းစိစစ်ပြီး ပယ်ဖျက်သင့်သည့် နေရာများကို ပယ်ဖျက်ရန် ဆောင်ရွက်မည်ဖြစ်သည်ကိုလည်း သိရှိရပါကြောင်း၊ ယခုလက်ရှိ အခြေအနေတွင် ကွင်းဆင်းကြည့်သည့်အခါ ဒေသခံတောင်သူများ အမှန်တစ်ကယ်စိုက်ပျိုးလုပ်ကိုင်ခဲ့သည့် မြေများကိုလည်း တွေ့ခဲ့ပါကြောင်း၊ ၂၀၁၃ ခုနှစ်ကတည်းကပင် ဒေသခံတောင်သူများ ကိုယ်တိုင်က လည်း ကျေးရွာ၏ လူနေမှုအခြေအနေအရ ကျေးရွာတိုးချဲ့ရန်လိုအပ်၍ အမှန်တကယ် စိုက်ပျိုးခဲ့သည့် ဦးပိုင်အမည်ပေါက်ပြေစာများ ရှိနေသည့်အတွက် ကျေးရွာနှင့် တစ်ဆက်တစ်စပ်တည်းနေရာ များတွင် အိမ်များဆောက်လုပ်နေထိုင်ခြင်းကြောင့် တရားစွဲခံရသည်မှာ ၂၆ ဦးရှိပါကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်ပြည်ထောင်စုအစိုးရအဖွဲ့တို့ ပေါင်းစပ်ညှိနှိုင်းပြီး အမှန်တကယ် စွန့်လွှတ်သင့်သည့် မြေနေရာများ ရှိ/မရှိ ပြန်လည်ကွင်းဆင်းစိစစ်ပြီး ဆက်လက် ဆောင်ရွက်ပေး နိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေ

သစ်တောမြေဧရိယာက ပယ်ဖျက်ရန်အတွက် သက်ဆိုင်ရာတိုင်းဒေသကြီးအဖွဲ့က ဦးဆောင် ကြီးကြပ်ပြီးမြေပြင်တွင် အမှန်တကယ်တိုင်းဒေသကြီးရှိ ဌာနများနှင့် ကွင်းဆင်းစိစစ်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့ကို တင်ပြရမည်ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ခြင်းသည် လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ အဆိုပါ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်မည်ဆိုပါကမိမိတို့ ဝန်ကြီးဌာနကလည်း ဆက်လက်ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ပါသည်။