Skip to main content

ဒေါက်တာဦးခင်မောင်မောင် (ဒဂုံမြို့သစ်(မြောက်ပိုင်း))မိမိလွှတ်တော်အတွင်း ရောက်ရှိချိန်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ ဦးဝိစာရလမ်း သည် ဆိုးရွားစွာပျက်စီးနေသည့် အတွက် မြို့နယ်ရှိပြည်သူများ၏တောင်းဆိုချက်အရ ပြင်ဆင်ရန် လွှတ်တော်တွင်တင်ပြခဲ့သော်လည်း ၎င်းလမ်းကို ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ပြင်ဆင်ရန် ဘတ်ဂျက်တွင်မပါလာပါကြောင်း၊ထို့ကြောင့်မည်သည့်အချိန်တွင် ပြင်ဆင်ပေးနိုင်ခြင်းရှိ/မရှိကို  ကြယ်ပွင့်ပြမေးခွန်းပေးပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးမှ ဖြေဆိုသည့်ထဲတွင် ၎င်းလမ်းကို ၂၀၁၅ ခုနှစ် သြဂုတ်လ၊ စက်တင်ဘာလ ၊ အောက်တိုဘာလ၊ နိုဝင်ဘာလ၊ ဒီဇင်ဘာလ ငါးလတွင် ကတ္တရာ တန် ၁၇၀ အသုံးပြုပြီးပြင်ဆင်ပေးထားပြီးဖြစ်သည့်အတွက် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ပြင်ဆင်ပေးနိုင်ခြင်း မရပါကြောင်း၊ နောက် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှသာလျှင် တိုးချဲ့ပြင်ဆင်ပေးသွား မည်ဟု ပြန်လည် ဖြေကြားခဲ့ပါကြောင်း၊ သို့သော် မိမိအနေဖြင့် တန် ၁၇၀ ရှိသည့်ကတ္တရာများ လာရောက်ပြုပြင်သည်ကို မတွေ့ပါကြောင်း၊ ထို့ကြောင့်ကြယ်ပွင့်မပြမေးခွန်းဖြင့် ၎င်းကတ္တရာများ မည်သို့ ပျောက်ဆုံးသွားသည် ကြောင်းနှင့် ရပ်ကွက်အကြီးအကဲများဖြစ် သည့် ၃၄ ရပ်ကွက်၊၄၁ ရပ်ကွက်၊ ၄၁ တိုးချဲ့ရပ်ကွက်၊ ၄၂ ရပ်ကွက်၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအပြင် မဟာမြိုင်သာယာရေးကော်မတီ၊ တော်ဝင်သာယာရေး ကော်မတီ၊ စက်မှုဇုန်သာယာရေး ကော်မတီ တို့ကို ခေါ်ယူမေးမြန်းသင်‌့သည်ဟု မိမိကမေးခွန်းမေးခဲ့ရာ  မြေပြင်ကိုဆင်းကြည့်လေ့လာခြင်း အဖွဲ့ဖွဲ့ပြီးစုံစမ်းစစ်ဆေးခြင်း၊Third Party ဖြစ်သည့် ကြားသက်သေခေါ်ပြီး မေးမြန်းခြင်းများမပါဘဲ On paper အဖြေသာဖြေ ဆိုခဲ့ပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် မေးခွန်းထပ်မေးရခြင်းဖြစ်ပါကြောင်း၊

 ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဖြေကြားချက်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနက အရာရှိကြီးများ က အရှည်၁.၁ မိုင်၊ အကျယ် ၁၆ ပေရှိသည့်လမ်းကို ကတ္တရာခင်းခြင်း နိုင်လွန်ကတ္တရာထပ်ပိုးလွှာတင်ခြင်း အောက်မှကွန်ကရစ်လမ်းဖြင့် အမာခံပြုလုပ်ခြင်း များ ဆောင်ရွက်ပါကြောင်း၊ တစ်လက်မအထူ တန် ၄၀ သုံးရပါကြောင်း ပြန်လည်ဖြေကြားထားပါသည်။ သို့သော် ကတ္တရာတန် ၁၇၀ရှိသောကြောင့် လေးလက်မအထူ နိုင်လွန်ကတ္တရာလမ်းကြီးခင်းလို့ရပါကြောင်း၊ မြေပြင်ကိုဆင်းကြည့်ရာတွင် ၎င်းကွန်ကရစ်လမ်းတွင် ချိုင့်များဖာထားသော်လည်း နဂိုမူလကွန်ကရစ်လမ်း ၆၀ ရာခိုင်နှုန်း၊ ၇၀ ရာခိုင်နှုန်း ခန့်သည် နဂိုကွန်ကရစ်လမ်းပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် တစ်မိုင်နီးပါးရှည်သည့် လမ်းတွင် အပေါက်များဖာခြင်းသည် ကတ္တရာ တန် ၁၇၀ ကုန် ခြင်းရှိ/မရှိနှင့် Third Party ဟုခေါ်သည့်ကြား အဖွဲ့အစည်းများကိုလည်း မေးမြန်းစုံစမ်းခဲ့ခြင်း ရှိ/မရှိ မိမိအနေဖြင့်မေးမြန်းလိုပါသည်။


 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ ဦးဝိစာရလမ်းကို ၂၀၁၅ ခုနှစ်အတွင်း အသုံးပြုပြင်ဆင်ပေးခဲ့သည့် ကတ္တရာကွန်ကရစ် ၁၇၀ တန် နှင့်ပတ်သက်၍ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ မြို့နယ်စည်ပင်သာယာရေး အုပ်ချုပ်ရေးမှူးရုံးတွင် (က) ဦးမြင့်ဦး၊ ဒုတိယ ဌာနမှူး၊ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)၊ (ခ) ဦးကျင်အုန်း၊ လက်ထောက်ဌာနမှူး၊ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)၊ ဦးအောင်စိုး၊ ဌာနခွဲမှူး၊ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)၊ ဦးမြတ်မော်ဦး၊ မြို့နယ်စည်ပင်သာယာရေးအုပ်ချုပ်ရေးမှူး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဦးသက်နောင်၊ ဌာနစုမှူး၊ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)၊ ဦးစိုးသီဟလင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ၄၁ ရပ်ကွက်၊ ဒဂုံ မြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဦးလှထွန်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ၄၁ တိုးချဲ့ရပ်ကွက် (မဟာမြိုင်/ တော်ဝင်အိမ်ရာ)၊ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ဦးစိုးနိုင်အောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ၃၄ ရပ်ကွက်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဦးခင်မောင်စီ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ၄၂ ရပ်ကွက်၊ ဒဂုံ မြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဦးကိုကိုကြီး၊ ဥက္ကဋ္ဌ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်စီးပွားရေးဖွံ့ဖြိုးမှုဇုန်၊ ဦးဇော်နိုင်၊ ဒုတိယဥက္ကဋ္ဌ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်စီးပွားရေးဖွံ့ဖြိုးမှုဇုန်တို့ပါဝင်ပြီး ရှင်းလင်း ဆွေးနွေး မှုများ ပြုလုပ်ခဲ့ပါကြောင်း၊

ထိုသို့ရှင်းလင်းဆွေးနွေးခဲ့ရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှလည်း ဦးဝိစာရလမ်းတွင် ကတ္တရာ ကွန်ကရစ်ဖြင့် လမ်းပေါက်ဖာထေးခြင်းလုပ်ငန်းဆောင်ရွက်မှုကို တွေ့ရှိခဲ့ကြကြောင်းနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများမှလည်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ ထို့အပြင် စက်မှုဇုန်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ တို့မှလည်း စက်မှုဇုန်နယ်နိမိတ်အတွင်း လမ်းပေါက်ဖာခြင်းလုပ်ငန်းဆောင်ရွက်သည်မှာ မှန်ကန်သည်ဟု တင်ပြခဲ့ကြောင်း ရှင်းလင်းဆွေးနွေးမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုယ်စား ရှင်းလင်းဖြေကြားအပ်ပါသည်။

ဒေါက်တာခင်မောင်မောင်[ဒဂုံမြို့သစ်(မြောက်ပိုင်း)]မှ ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

Third Party ဟုခေါ်သည့်ကြားအဖွဲ့အစည်းများကို မေးမြန်းစုံစမ်းခြင်းသည် ယနေ့အဖြေတွင်လည်း ပါဝင်ခြင်းမရှိပါကြောင်း အစည်းအဝေးဖိတ်ကြားရာတွင်လည်း ညှိနှိုင်းပြေလည်မယ့်လူကိုသာ ရွေးဖိတ်၍ တော်ဝင်အိမ်ရာသာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မဟာမြိုင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မဟာမြိုင်ဈေးဥက္ကဋ္ဌ၊ တို့ကိုဖိတ်ကြားခြင်းမရှိပါကြောင်း ထို့ကြောင့် ၎င်းကိစ္စကို ထပ်မံစစ်ဆေးပေးရန် ရှိ/မရှိသိလိုပါကြောင်း မေးမြန်းပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်

လွှတ်တော်ကိုယ်စားလှယ်ကြီး ထပ်ဆင့်မေးမြန်းသည့် မေးခွန်းနှင့် ပတ်သက်ပြီး မိမိအနေဖြင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ကို ပြန်လည်မေးမြန်းမည်ဖြစ်ပြီး ရရှိသည့်အဖြေကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးမှ တစ်ဆင့် ပြန်လည်တင်ပြမည်ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်