Skip to main content

ဒေါက်တာစောနိုင်( တောင်ဥက္ကလာပ မဲဆန္ဒနယ်)၁၉၅၈ ခုနှစ် တောင်ဥက္ကလာပမြို့နယ်ကို စတင်တည်ထောင်စဉ်က မြေကွက်အချို့ကို မီးတားမြေ အဖြစ်လည်းကောင်း၊သဘာဝဘေးအန္တရာယ်တစ်ခုခုဖြစ်ပါက ရှောင်တိမ်းနိုင်ရန် ပလပ်မြေများအဖြစ် လည်းကောင်း ထားရှိခဲ့ ပါကြောင်း ၊ နှစ်ပေါင်း များစွာတည်ရှိခဲ့သော်လည်း အစိုးရအသစ် အပြောင်းအလဲ ကာလတွင် လူအချို့မှ ၎င်းမြေကွက်များအား ပိုင်ဆိုင်ကြောင်း ခြံစည်းရိုးခတ်ခြင်း၊ သတင်းစာများတွင် ဂရန်လျှောက်ရန်အတွက် မြေငှားခြင်းများပြုလုပ်လာသည့် အတွက် ရပ်ကွက်ပြည်သူများမှ ကန့်ကွက် ခြင်း၊ ဌာနဆိုင်ရာများသို့ တိုင်ကြားခြင်းများ ဆက်တိုက်ပြု လုပ်နေကြပါကြောင်း၊သို့ဖြစ်ပါ၍ မြို့နယ်၏ လိုအပ်ချက်အရ နှစ်ပေါင်းများစွာ မီးတား‌မြေ၊ ပလပ်မြေအဖြစ်တည်ရှိခဲ့သော မြေကွက်များအား မူလ အတိုင်းထားရှိပေးပါရန်နှင့် သက်ဆိုင်ရာ ဌာနအနေဖြင့် မည်သို့စီစဉ်ထားသည်ကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။


တောင်ဥက္ကလာပမြို့နယ်၊ ၇ ရပ်ကွက်၊ မင်းရဲကျော်စွာ ၅ လမ်း(က)နှင့် ၆ လမ်း(က)ကြား မြေကွက် အမှတ် (၁၆၇/အေ)၊ (၁၆၇/ဘီ)၊ မင်းရဲကျော်စွာ ၅ လမ်း(ခ)နှင့် ၉ လမ်း(ခ) ကြား မြေကွက်အမှတ် (၅၄၃-အေ)၊ (၅၄၄-အေ)၊ (၅၄၄-ဘီ)နှင့် တောင်ဥက္ကလာပမြို့နယ်၊ ၅ ရပ်ကွက်၊ ပင်းယ ၁၇ လမ်းနှင့် ၁၈ လမ်းကြား မြေကွက်အမှတ်(၁၀၁၇-အေ) ရှိ အဆိုပါ မြေကွက်များသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနရှိ မြို့မြေစာရင်း(Town Land Roll)နှင့် မြေငှားခ စည်းကြပ်မှုစာရင်း(Assessment Roll) တို့တွင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန (ယခင်မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန)မှ လွဲပြောင်းပေးအပ်စဉ်က မြို့ကွက်ကျမြေပုံ(Block Map) တွင် မြေကွက်အမှတ် ရေးထားခြင်းမရှိသည့် မြေကွက်လပ် နေရာများဖြစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ စီမံခန့်ခွဲခွင့်ရှိသော မြေနေရာများဖြစ်ပါကြောင်း၊ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မိုး၏ ၉-၄-၂၀၁၅ ရက်စွဲပါစာဖြင့် တောင်ဥက္ကလာပ မြို့နယ်၊ ရပ်မိရပ်ဖ ၁၃ ဦး၏ မိသားစုအခြေချနေထိုင်နိုင်ရေး မြေနေရာချထား ခွင်လျှောက်ထားလာမှု အပေါ် စိစစ်ဆောင်ရွက်ပြီး ၂၇-၇-၂၀၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ကော်မတီဝင်များအစည်းအဝေး အမှတ်စဉ်(၂၇/၂၀၁၅) ဆုံးဖြတ်ချက် အပိုဒ် (က/၄၅)ဖြင့် သတ်မှတ်ဝန်ဆောင်ခနှုန်းပေးသွင်း၍  ဖော်ပြပါမြေကွက်များအား မြေချပါမစ် ခွင့်ပြုချထားပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊

မြေကွက်အမှတ်(၁၆၇-အေ)နှင့် (၁၆၇-ဘီ)တို့အား ဦးသိန်းကျော်အောင်နှင့် ဦးစိန်အောင်တို့ နှစ်ဦးသို့ လည်းကောင်း၊ မြေကွက်အမှတ်(၅၃၄-အေ)၊(၅၄၄-အေ)၊(၅၄၄-ဘီ) တို့အား ဒေါ်နီလာ၊ ဒေါ်စောမြတ်မိုးလှိုင် နှင့် ဒေါ်ရင်ကြည်တို့ သုံးဦးသို့ လည်းကောင်း ၊ မြေကွက်အမှတ်(၁၀၁၇-အေ)အား ဒေါ်သီတာလွင်သို့လည်းကောင်း မြေချပါမစ် ခွင့်ပြုချထားပေးခဲ့ပါကြောင်း၊မင်းရဲကျော်စွာ ၅လမ်း (ခ) နှင့် ၉ လမ်း(ခ)ကြားရှိ မြေကွက်အမှတ်(၅၃၄-အေ)၊ (၅၄၄-အေ)၊ (၅၄၄-ဘီ) မြေကွက်သုံးကွက်အား မြေချပါမစ် အမည်ပေါက်များထံမှ စာချုပ်အဆက်ဆက်များဖြင့် ရရှိသူ ဒေါ်အေးအေးခိုင်မှ မြေငှား စာချုပ် (ဂရန်)လျှောက်ထားမှုအားလည်းကောင်း၊ ပင်းယ ၁၇ လမ်းနှင့် ၁၈ လမ်းကြားရှိ မြေကွက် အမှတ်(၁၀၁၇/အေ)၏ မြေချပါမစ် အမည်ပေါက်ဒေါ်သီတာလွင် ကိုယ်တိုင် မြေငှား စာချုပ်ဂရန် တင်ပြလျှောက်ထားလာခြင်းတို့အား မြေစီမံခန့်ခွဲမှုဆိုင်ရာလုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ဆောင်ရွက် လျက်ရှိပါကြောင်း၊အဆိုပါမြေနေရာများအား မြေငှားစာချုပ်ဂရန်/မြေချ ပါမစ် စိစစ်ခွင့်ပြုထုတ်ပေး ခဲ့ခြင်းများ သည် တောင်ဥက္ကလာပမြို့နယ် စတင်တည်ထောင်စဉ်ကတည်းက မီးတားမြေ၊ ပလပ်မြေများအဖြစ် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန(ယခင်မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန)မှ ၁၉၉၂ ခုနှစ်ခန့် ကာလများတွင် လွဲပြောင်း ပေးအပ်ခဲ့သော မြို့ကွက်ကျမြေပုံ(Block Map)တွင် မှတ်သား တည်ရှိ ခဲ့ခြင်းမရှိသည်ကို စိစစ်တွေ့ရှိ ရသည့်အပြင် မြေပြင်တွင်လည်း မြို့ကွက်ကျတည်ရှိမှု ကို ထိခိုက်ဟန့်တားမှုမရှိသည့် မြေကွက်လပ်မြေနေရာများဖြစ်သဖြင့် ၎င်းလွဲပြောင်းပေးအပ်စဉ်က မြို့မြေစာရင်း (Town Land Roll) နှင့် မြေငှားခစည်းကြပ်မှုစာရင်း(Assessment Roll)တို့တွင် မှတ်သားပါဝင်မှုမရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊

အဆိုပါမြေငှားစာချုပ်ဂရန်/မြေချပါမစ် ခွင့်ပြုဆောင်ရွက်ခဲ့ခြင်းသည် ၂၀၁၃ ခုနှစ် ရန်ကုန် မြို့တော်စည်ပင်သာယာရေးဥပဒေ၏ ပုဒ်မ ၁၅ ပုဒ်မခွဲ(က)တွင် ကော်မတီသည် ဤဥပဒေနှင့် တည်ဆဲဥပဒေများနှင့်အညီ ကော်မတီပိုင်မြေများ၊ ကော်မတီကစီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေများ၊ တည်ဆဲ ဥပဒေနှင့်အညီ သိမ်းယူထားသောမြေများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ လွဲပြောင်းရယူ ထားသောမြေများ ကိုလည်းကောင်း၊ ပုဂ္ဂလိကပိုင်မြေများနှင့် မြေငှားစာချုပ်ဖြင့်ဖြစ်စေ၊ လိုင်စင်ဖြင့် ဖြစ်စေ၊ ပါမစ်ဖြင့်ဖြစ်စေ၊ ပုဂ္ဂလိကအားနေထိုင်ခွင့် အသုံးပြုခွင့်ပေးထားသော မြေများကိုလည်းကောင်း စီမံခန့်ခွဲပိုင်ခွင့်ရှိပါကြောင်း၊ပုဒ်မ၁၅ပုဒ်မခွဲ(ဂ)တွင် မြေငှားစာချုပ်များ၊ လိုင်စင်များ၊ ပါမစ်များထုတ်ပေးခြင်း၊ သက်တမ်းသတ်မှတ်၍ နေထိုင်ခွင့်၊ အသုံးပြုခွင့်ပေးခြင်း၊ သက်တမ်းတိုးမြှင့်ပေးခြင်းနှင့် စည်းကမ်း ဖောက်ဖျက်ပါက ယင်းတို့ကို ဖျက်သိမ်းခြင်းပြုလုပ်နိုင်ပါကြောင်း၊ ပုဒ်မ ၁၅ ပုဒ်မခွဲ(ဃ)တွင် မြို့တော် အင်္ဂါရပ်နှင့် ညီညွတ်ခြင်းမရှိသည့်မြေနေရာများကို စနစ်တကျ မြို့ကွက်ရိုက်ခြင်းနှင့် ပြန်လည်နေရာ ချထားခြင်း ပြုနိုင်သည် ဟု အတိအလင်းဖော်ပြပြဋ္ဌာန်း ထားပြီးဖြစ် ပါကြောင်း၊ မြေနေရာများအား မြေငှားစာချုပ်ဂရန်/မြေချပါမစ်ခွင့်ပြုထုတ်ပေးခဲ့ခြင်းများသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအနေဖြင့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ စိစစ်ဆောင်ရွက် ခဲ့ခြင်းဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။

ဒေါက်တာစောနိုင် (တောင်ဥက္ကလာပ)မှ ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ စီမံခန့်ခွဲခွင့်ရှိသည်ဆိုပြီး့ အများနှင်‌့သက်ဆိုင်သည့် မြေများကို ရပ်ကွက်နေပြည်သူများ ကန့်ကွက်နေသည့်ကြားမှ မြေငှားပါမစ်များ ချထားပေးနေသည်ကို  ယခုလို ပေးပိုင်ခွင့်ရှိ/မရှိကိုသိလိုပါကြောင်း၊ မြေကွက်တစ်ကွက်ဆိုရင် ပြီးခဲ့သည့် တစ်လကျော်နှစ်လ လောက်ကမှ မြေငှားပါမစ်မှနေပြီး မြေငှားဂရန်ချထားပေးလိုက်သည်ဟု  သိရပါကြောင်း၊ ဝန်ကြီး ဖြေကြားချက်တွင် ပထမအကြိမ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမည်ဖြင့်  လျှောက်ထား သည်ဟု သိရပါကြောင်း၊ မြေကွက်အနောက်ခြမ်းတွင် မြေကွက်တွေလည်း ကျန်နေပါကြောင်း၊၎င်းကျန်နေသည့် မြေကွက်အလွတ်များကို လွှတ်တော်ကိုယ်စားလှယ်များလျှောက်ပါက ထပ်ပေး အုံးမည်လား၊ယခုလိုပေးမည်ဆိုပါက ကိုယ်စားလှယ်များအကျင့်ပျက်အောင် ဖန်တီးပေး သလိုဖြစ်နေ ပါကြောင်း၊ ထို့ကြောင့်အများနှင့်သက်ဆိုင်သည့်မြေများကို ဂရန်ချထားပေးသည်ကို အလေးအနက် ထားပြီး ပြန်လည်သုံးသပ်၍ဆောင်ရွက်ရန် တင်ပြအပ်ပါကြောင်း၊ နောက်တစ်ခုမှ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ဝန်ကြီးဖြေသွားသည့် ၉ ရပ်ကွက် အားကစား ပန်းခြံမြေကွက်၊ အခုမြေကွက်နှင့် အခြားမြေကွက် စုစုပေါင်း ၁၁ ကွက်ကို ပြည်သူများ၏ တောင်းဆို ချက်အရ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရခြင်းမှပြန်လည်စိစစ်ရေး ဗဟိုကော်မတီသို့ လည်း ပြန်လည်စိစစ်ပေးဖို့ တင်ပြထားသည်များရှိပါကြောင်း၊ ကော်မတီ၏ဆုံးဖြတ်ချက် မကျသေးခင် အထိ မြေကွက်များတွင် အဆောက် အဦဆောက်လုပ်ခွင့်မပေးရန်တင်ပြ တောင်းဆိုပါကြောင်းဖြင့် ဆက်စပ်မေးမြန်းသွားပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်

ယခုမေးခွန်းနှင့်ပတ်သက်ပြီး မိမိအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုပြန်လည်မေးမြန်းပြီး ယခုပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးထံ ပြန်လည်တင်ပြမည် ဖြစ်ပါကြောင်းဖြေကြားခဲ့ပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်