Skip to main content

ကနီမြို့နယ်ရှိ ယင်း-ကုန်းသာ ရေတားတမံ ပြုပြင်နိုင်ရန် တာတမံ မူလဧရိယာများအား ကျူး၍ ပုံစံ(၇) ရယူထားမှုများအား ပယ်ဖျက်ပေးရန်နှင့် တာတမံပြုပြင်ရာတွင် ရေဘေး အန္တရာယ် ကင်းဝေးနိုင်မည့် ဒီဇိုင်းများဖြင့် ရေးဆွဲ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ကနီမြို့နယ်  ယင်း-ကုန်းသား ရေတားတမံကို ၁၉၈၁-၁၉၈၂ ခုနှစ်ခန့်က တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး တာပေါင်အလျားပေ ၇၄၀၀ ခန့် ရှိပါကြောင်း၊ ၎င်းရေတားတမံသည် လယ်ယာ မြေဧကပေါင်း ၁၅၀၀ ခန့်ကို ချင်းတွင်းမြစ် ရေကြီးရေလျှံမှု၊ ရေလွှမ်း နစ်မြုပ်မှုများမှ ကာကွယ်ပေးခဲ့သည်ကို သိရပါကြောင်း၊ ၎င်းရေတားတမံသည် ကျိုးပေါက်ပျက်စီးမှုများ ဖြစ်ပေါ်လျက်ရှိရာတွင် ချင်းတွင်းမြစ်ရေ ကြီးလာပါက လယ်ယာမြေ စိုက်ပျိုးသီးနှံများ၊ ရေကြီး နစ်မြုပ်မှုများ ဖြစ်ပေါ်လေ့ ရှိပါကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် အဆိုပါ ရေတားတမံ ပြုပြင်နိုင်ရေး တိုင်းဒေသကြီး အစိုးရရန်ပုံငွေမှ ခွဲဝေပေးခဲ့ချိန်တွင် တာပေါင်တစ်လျှောက်ရှိသည့် ပုံစံ(၇) ရယူစိုက်ပျိုးလျက်ရှိသည့် တောင်သူအချို့က ကန့်ကွက်ခွင့်ပြုထားသည့်အတွက် ပြုပြင် ဆောင်ရွက်နိုင်ခြင်း မရှိ ရရှိ ရန်ပုံငွေများကို ပြန်လည်အပ်နှံခဲ့ရခြင်း ဖြစ်ပါကြောင်း၊ သို့သော် ၎င်းကျိုးပေါက် ပျက်စီးနေသည် ရေတားတမံကို မပြုပြင်နိုင်သမျှ ရေတားတမံ အောက်ရှိသည့် လယ်ယာသီးနှံများ ပျက်စီး ဆုံးရှုံးနိုင်ချေများသည့် အပြင် အချိန်မှန် စိုက်ပျိုးနိုင်ရေးကိုလည်း ထိခိုက်နေသည့် အတွက် ဒေသခံ တာဝန်ရှိသူများနှင့် တောင်သူများက တောင်းဆိုချက်များအရ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ကွင်းဆင်းစိစစ်မှုများ ပြုလုပ်ခဲ့ကြပါကြောင်း၊ ကွင်းဆင်း စစ်ဆေးချက်များအရ ရေတားတမံ၏ နယ်နိမိတ်အကျယ်သည် ယခင်က ပေ ၁၀၀ ခန့် ရှိခဲ့ပါကြောင်း၊ ယခုအချိန်ထိ အချို့နေရာများတွင် ရေတားတမံ နယ်နိမိတ် အမှတ်အသားတိုင်များ တည်ရှိနေသည်ကို တွေ့ရပါကြောင်း၊ တာတမံ တစ်လျှောက် ကျိုးပေါက်ပျက်စီနေသည့် နေရာများတွင် တောင်သူအချို့မှ တာတမံ နယ်နိမိတ်ကို ငုံပြီး လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇)များ ရယူ လုပ်ကိုင်နေကြောင်းကို တွေ့ရပါကြောင်း၊ ထိုကဲ့သို့ တာတမံနယ်ကို ကျူးပြီး ပုံစံ(၇)ကို သက်ဆိုင်ရာ ဝန်ထမ်းများနှင့် ပေါင်းပြီး ရယူထားခဲ့သူများသည် ပုံစံ(၇)ကို အကြောင်းပြုပြီး ရေတားတမံ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို ကန့်ကွက်ခဲ့ကြောင်းကို တွေ့ရပါကြောင်း၊ လယ်သမား အများစုအတွက် အကျိုးပြုမည့် စီမံကိန်းတွင် တာပေါင်ကျူးပုံစံ(၇) ရယူထားသူများမှ တရားဝင် ကန့်ကွက်ခွင့် ရနေခြင်းဖြစ်သည့်အတွက် ၎င်းတာပေါင် ကျူးပုံစံ(၇)များကို ပယ်ဖျက်ပေးရန် လိုအပ်မည် ဖြစ်ပါကြောင်း၊

ထို့ပြင် ယင်း-ကုန်းသာ ရေတားတမံ ပြုပြင်ရေးနှင့်စပ်လျဉ်းပြီး ပြုပြင်မည်ဆိုပါက ယင်းကျေးရွာအပေါ် ချင်းတွင်းမြစ်ရေ ဘေးအန္တရာယ် ကင်းဝေးနိုင်မည့် ပုံစံဒီဇိုင်းများဖြင့် ဆောင်ရွက် ပေးနိုင်ရေးအတွက် တင်ပြမှုများ ရှိပါကြောင်း၊ ထို့ကြောင့် မိမိမေးမြန်းလိုသည့် မေးခွန်းသည် ယင်း-ကုန်းသာ ရေတားတမံ ပြုပြင်နိုင်ရန် တာတမံ မူလဧရိယာများအား ကျူး၍ ပုံစံ(၇)ရယူထားမှုများအား ပုံစံ(၇)များ ပယ်ဖျက်ပေးရန်နှင့် တာတမံပြုပြင်ရာတွင် ၎င်းကျေးရွာအပေါ် ချင်းတွင်းမြစ်ရေ ဘေးအန္တရာယ် ကင်းဝေးစေနိုင်မည့် ပုံစံဒီဇိုင်းများဖြင့် ရေးဆွဲဆောင်ရွက် ပေးနိုင်ရေး ရှိ/မရှိတို့ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်

လွှတ်တော် ကိုယ်စားလှယ်ကြီး မေးမြန်းသည့် ယင်း-ကုန်းသာတာ တမံသည် ၁၉၈၁-၁၉၈၂ ခုနှစ်က ကျေးရွာ ဆည်မြောင်း လုပ်ငန်းသည် ဒေသမှ ထိန်းသိမ်းတည်ဆောက်ထားသည့် မြေသားတမံ ဖြစ်ပါကြောင်း၊ စုစုပေါင်းအရှည် ၇၃၇၅ ပေရှိသည့် တမံသည် ဒေသတွင်း လယ်ယာမြေဧက ၁၅၀၀ ကို ရေကြီးရေလျှံမှုမှ ကာကွယ်ပေးနိုင်ခဲ့သည်ကို သိရှိရပါကြောင်း၊ ၎င်းတာတမံ တည်ဆောက်ခဲ့သည့် အချိန်တွင် ၎င်းကျေးရွာအုပ်စုတွင် ရှိသည့် ကွင်းပေါင်း နှစ်ကွင်း၊ တောင်သူပေါင်း ၆၀ ဦး၊ ဦးပိုင်ပေါင်း ၆၅ ခု တို့၏ လယ်ယာမြေ ဧရိယာ ၄၅.၇၈ ဧကအနက်မှ ဧရိယာ ၁၀.၄၈ ဧကသည် တာတည်ဆောက်မှု အတွင်းတွင် ပါသွားသည်ကို သိရှိရပါကြောင်း၊ တည်ဆောက်စဉ် အချိန်ကာလတွင် ၎င်းလယမြေများသည် ၁၉၅၃ ခုနှစ် လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေးအက် ဥပဒေ ပုဒ်မ ၃၉ အရ လယ်ယာမြေ အခြားနည်း အသုံးပြုခွင့် ရရှိထားသည့် မြေများ မရှိခဲ့သည့်အတွက် ၎င်းတာတမံ၏ မြေမျိုးများသည် လယ်မြေအဖြစ်သာ မြေမျိုးကြီးဖြစ် အကျုံးဝင်လျက် ရှိနေခြင်း ဖြစ်ပါကြောင်း၊ ၎င်းကျေးရွာအုပ်စု၏ မြေအသုံးချမှု စာရင်းတွင် တာတမံ ထိန်းသိမ်းသည့် ဧရိယာအဖြစ် ဖော်ပြထားခြင်း မရှိသည်ကို စိစစ်သိရှိရပါကြောင်း၊

၁၉၉၂-၁၉၉၃ ခုနှစ်တွင် ချင်းတွင်းမြစ်ရေ လျှံတက်သည်အတွက် ၎င်းတာတမံ ကျိုးပေါက် ပျက်စီးခဲ့ပါကြောင်း၊ ဒေသအစီအစဉ်ဖြင့် ပြန်လည်ပြုပြင် ထိန်းသိမ်းခြင်း မရှိနိုင်သည့်အတွက် ကျိုးပေါက်နေသည့် တာတမံဧရိယာများတွင် မူလတောင်သူများသည် ပြန်လည်ဝင်ရောက် ထွန်ယက် စိုက်ပျိုးခဲ့ကြပါကြောင်း၊ ယခုအချိန်တွင် နှစ်ပေါင်း ၂၀ ကျော်ခန့် ရှိပြီ ဖြစ်ပါကြောင်း၊ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေပြဋ္ဌာန်း ပြီးသည့်အချိန်တွင် ၂၀၁၃ ခုနှစ်တွင် တောင်သူပေါင်း ၆၀ ဦးမှ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇)လျှောက်ခဲ့ပါကြောင်း၊ တောင်သူများသည် တာတမံ ဆောက်လုပ်စဉ်က ပါဝင်ခဲ့သည့် ၎င်းတို့ လုပ်ကိုင်ခဲ့သည့် ဧရိယာများကိုပါ ထည့်သွင်း လျှောက်ထားမှု ရှိသည်ကို တွေ့ရပါကြောင်း၊ ၎င်းလျှောက်ထားခဲ့သည့် တောင်သူပေါင်း ၄၆ ဦး၊ ဦးပိုင် ပေါင်းသည် ၅၁ ခု ဖြစ်ပါကြောင်း၊ တာတမံ တည်ဆောက်စဉ်က ပါဝင်ခဲ့သည့် လယ်မြေဧက ၈.၇၉ ဧက အပါအဝင် ဧရိယာ ၃၈.၀၇ ဧကကို လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ ထုတ်ပေးခဲ့သည်ကို သိရှိရပါကြောင်း၊ တောင်သူများသည် တာတမံဧရိယာတွင် ကျူးကျော် လုပ်ကိုင်ခဲ့ခြင်း မဟုတ်သည့်အပြင် ၎င်းတို့၏ မူလစိုက်ပျိုးခဲ့သည့် ဧရိယာများအပေါ်တွင် လုပ်ပိုင်ခွင့် လျှောက်ထားခြင်း ဖြစ်ပါကြောင်း၊ လျှောက်ထားသည့် အချိန်တွင် နှစ်ပေါင်း ၂၀ ခန့်ထိ လက်ရှိ လက်ငုတ်အဖြစ် စိုက်ပျိုးလုပ်ကိုင်နေသည့် ဧရိယာများ ဖြစ်သည့်အတွက် ကျေးရွာ၊ မြို့နယ်၊ ခရိုင် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်မှ လယ်ယာမြေဥပဒေနှင့်အညီ လုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ(၇)များ ထုတ်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ ကျန်တောင်သူ ၁၄ ဦး၏ တာတမံတွင် ပါသည့် ဧရိယာသည် ၂.၀၅ ဧကကို လက်ရှိမြေပြင် အနေအထားအရ အချို့နေရာများတွင် မြေသားပေါင်များ ကျန်နေပြီး စိုက်ပျိုးလုပ်ကိုင်မှု မရှိသည့်အတွက် ပုံစံ(၇) ထုတ်ပေးထားခြင်း မရှိသည်ကို စိစစ်သိရှိ ရပါကြောင်း၊

၎င်းရေဘေး ကာကွယ်ရေးတာမံကို ပြန်လည်မြေဖို့ ပြုပြင်ပေးနိုင်ရန်အတွက် ပထမအကြိမ်၊ စစ်ကိုင်း တိုင်းဒေသကြီးလွှတ်တော်တွင် မေးခွန်းမေးမြန်းမှု ရှိပါကြောင်း၊ ၎င်းနှင့်စပ်လျဉ်းပြီး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရန်ပုံငွေတွင် ထည့်သွင်းလျာထားခဲ့မှု ရှိပါကြောင်း၊ သို့သော် တာပေါင်တစ်လျှောက် လယ်စိုက်နေကြသည့် တောင်သူများ ကန့်ကွက်ခဲ့ကြသည့်အတွက် လုပ်ငန်းများ ဆောင်ရွက် နိုင်ခဲ့ခြင်း မရှိသည့်အတွက် ခွဲဝေရရှိခဲ့သည့် ဘဏ္ဍာငွေကို ပြန်လည် အပ်နှံခဲ့ရမှု ရှိပါကြောင်း၊ ဒုတိယအကြိမ် စစ်ကိုင်း တိုင်းဒေသကြီး လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် ကနီမြို့နယ်၊ အမှတ်(၁)မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးရွှေဌေးက ၎င်းတာတမံ ပြုပြင်ပေးရန် မေးခွန်း မေးမြန်းခဲ့မှု ရှိပါကြောင်း၊ ၎င်းနှင့်စပ်လျဉ်းပြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဒေသတာဝန်ခံများနှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးရွှေဌေး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းနိုင်၊ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌနှင့် ယင်းကျေးရွာ၊ ကုန်းသား ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်အတူ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့တွင် ကွင်းဆင်းညှိနှိုင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ထပ်မံပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရွှေဌေးနှင့်အတူ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေး ဦးစီးဌာနတို့က ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့နှင့် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ကွင်းဆင်းညှိနှိုင်း ဆွေးနွေးခဲ့ကြပါကြောင်း၊ သို့သော် တာပေါင်တစ်လျှောက် လယ်ယာမြေ စိုက်ပျိုးလျက်ရှိသည့် တောင်သူများမှ သဘောမတူ၊ ကန့်ကွက်မြဲ၊ ကန့်ကွက်လျက် ရှိခဲ့ပါကြောင်း၊ ယင်း-ကုန်းသာတာတမံ ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအမံနှင့် အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်သည့်အတွက် သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များ၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများ ပူးပေါင်းပြီး ဒေသခံ တောင်သူများ၏ သဘောတူညီချက် ရရှိရေးသည် အဓိကကျပါကြောင်း၊ ညှိနှိုင်းဖြေရှင်း ဆောင်ရွက် သွားနိုင်မှ လုပ်ငန်းသည် အကောင်အထည် ပေါ်လာမည် ဖြစ်ပါကြောင်း၊

ထို့ကြောင့် တောင်သူများ သဘောတူညီမှု ရရှိရေး စီမံဆောင်ရွက်ပြီး သဘောတူညီမှု ရရှိပြီးသည့်နောက် ၂၀၁၇ ခုနှစ် တာတမံဥပဒေ အခန်း(၃) ဥပဒေပုဒ်မ ၄၊ ပုဒ်မ ၅ အရ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တာတမံ အရာရှိများက တာတမံ နယ်နိမိတ် သတ်မှတ်ခြင်းနှင့် လိုအပ်သည့် ကြိုတင်ဆောင်ရွက်မှု လုပ်ငန်းများကို ဥပဒေ ပြဋ္ဌာန်းချက်များ နှင့်အညီ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ၎င်းကိစ္စကို ဆောင်ရွက်ရာတွင် တာတမံ အဖြစ် အသုံးပြု သတ်မှတ်မည့် ဧရိယာအတွင်းတွင် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇) ထုတ်ပေးထားသည့် လယ်ယာမြေများ ပါဝင်မည်ဆိုပါက သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးမှ ၂၀၁၇ ခုနှစ်၊ တာတမံ ဥပဒေအရ ဒေသခံတောင်သူများ နစ်နာမှု မရှိစေရေး ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ ဆက်လက်ပြီး နိုင်ငံတော်အတွက် ဆောင်ရွက်သည့် စီမံကိန်း လုပ်ငန်း အကောင်အထည် ဖော်မှုဖြစ်သည့်အတွက် လယ်ယာမြေ အခြားနည်း အသုံးပြုခွင့်ကို ၂၀၁၂ လယ်ယာမြေ ဥပဒေနှင့်အညီ ဆက်လက် စီမံခန့်ခွဲ ဆောင်ရွက်ပေးသွားနိုင်မည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးထွန်းထွန်းနိုင် (ကနီ မဲဆန္ဒနယ်)မှဆက်စပ်မေးခွန်းမေးမြန်းပါသည်။

၎င်းတာတမံသည် မိမိတို့ မမွေးခင်ကတည်းက လုပ်ခဲ့သည့် တာတမံ ဖြစ်ပါကြောင်း၊ ထို့ကြောင့် အကျိုးနှင့် အပြစ်ကို သိရန်လိုမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၎င်းတာတမံ လုပ်လိုက်ခြင်းအားဖြင့် ဧက ၁၅၀၀ ခန့်ကို အကျိုးရှိမည့် ကိစ္စအပေါ်တွင် မိမိတို့ မမွေးခင်ကတည်းက တည်ဆောက်ခဲ့သည့် အကျိုးဖြစ်ခဲ့သည့် ၎င်းတာတမံကြီးကို ပုံစံ(၇)ကိစ္စများ ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေပေါ်ပြီးမှ ရပိုင်ခွင့်များ ပြန်လျှောက်ပြီး လုပ်ခဲ့ကြသည့်အချက်သည် ပေါ်လွင်ပါကြောင်း၊ ဆည်တာတမံကြီးကို ဒေသခံများ နစ်နာမှု မရှိစေရန် လုပ်ပေးမည်ဆိုသည်ကို မိမိ ကြားလိုက်မိပါကြောင်း၊ လယ်ယာမြေ ဧကပေါင်းများစွာကို အကျိုးပြုမည့် တာတမံဖြစ်သည့်အတွက် ပုံစံ(၇) ရယူနေသည့် အပိုင်းများတွင် လျော်ကြေး၊ နစ်နာကြေးများ ပေးပြီး ဆောင်ရွက်ပေးရန် ရှိ/မရှိ ဆိုသည့်အချက်ကို ရှင်းရှင်းလင်းလင်း သိလိုကြောင်းမေးမြန်းပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်

ဦးထွန်းထွန်းနိုင် ဆက်စပ်မေးခွန်း၏ တစ်ခုတည်းသော အဖြေသည် ဒေသခံတောင်သူများ၏ ညှိနှိုင်း သဘောတူညီမှုသည် အဓိက ကျပါကြောင်း၊ လက်ရှိမြေပြင် အနေအထားကို စိစစ်လိုက်သည့် အချိန်တွင် မူလတာတမံ တည်ရှိသည့် နေရာများ ပေတိုင် ၇၀၀၀ အပိုင်းတွင် ချင်းတွင်းမြစ်ကမ်း၏ လက်ရှိအနေအထားသည် ပေ ၂၀၀ ခန့်သာ ကျန်တော့သည့် အနေအထား ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၎င်းအပိုင်းတွင် တာအူကြောင်းကို မိမိမှ ကုန်းဘက်ကို ရွှေ့ပြောင်း တည်ဆောက်ရမည့် အခြေအနေ ဖြစ်ပါကြောင်း၊ ရေဘေး ကာကွယ်ရေး လုပ်ငန်းကို ခိုင်ခိုင်မာမာ ဆောင်ရွက်နိုင်ရန် အတွက် လက်ရှိ ခန့်မှန်းထားမှုအရ တမံ၏ အလျားသည် ပေ ၁၂၄၀၀ အထိ ဆောင်ရွက်ရမည့် အခြေအနေ ဖြစ်ပါကြောင်း၊ မိမိဖြေကြားချက်တွင် ပါကြောင်း၊ ဒေသခံတောင်သူများသည် သူ့အကျိုး ကိုယ့်အကျိုး ၎င်းအကျိုးအတွက် သဘောတူညီမှုမရှိဘဲ ၎င်းအခြေခံဖြင့် ကန့်ကွက်သည်ဟု သုံးသပ် ရရှိပါကြောင်း၊ ထို့ကြောင့် တာတမံ ပြုပြင်တည်ဆောက်ရန်အတွက် သဘောတူညီမှုကို ပထမဦးဆုံး ရရန် လိုပါကြောင်း၊ တာတမံ ဥပဒေအရ စီမံဆောင်ရွက်သွားရမည့် အခြေအနေ ဖြစ်ပါကြောင်း၊ ထို့ကဲ့သို့ ဆောင်ရွက်သည့်အချိန်တွင် နယ်နိမိတ် သတ်မှတ်မှု အပိုင်းနှင့် လျော်ကြေးပေးမှု အပိုင်း နှစ်ပိုင်း ရှိပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီး ပြောသည့် တောင်သူများ နစ်နာကြေး၊ လျော်ကြေးပေးရန်ဆိုသည့် ကိစ္စကို အဓိကထားပြီး စဉ်းစားရမည် ဖြစ်ပါကြောင်း၊ လျော်ကြေး ပေးသည့်အချိန်တွင် သီးနှံလျော်ကြေး၊ ထို့အပြင် တာတမံ လုပ်လိုက်သည့်အတွက် သုံးစွဲလိုက်သည့် မြေအတွက် မြေဆုံးရှုံးမှု လျော်ကြေးအပြင် တာတမံမှ ၎င်းမြေနှင့်ပတ်သက်ပြီး စွန့်ပစ်မြေများ ထားနိုင်ရန်အတွက် ၎င်းမြေများအတွက် မိမိတို့ စီစဉ်ရသည့်အတွက် ၎င်းမြေများအတွက် လျော်ကြေးရသည်ကို ထည့်သွင်းစဉ်းစားရခြင်း ဖြစ်ပါကြောင်း၊ အဓိကအားဖြင့် လွှတ်တော် ကိုယ်စားလှယ်ကြီး ဦးထွန်းထွန်းနိုင်၏ ဆက်စပ်မေးသည့် မေးခွန်း၏ အဓိကကျသည့် အချက်သည် တောင်သူများနှင့် အားလုံး အဖွဲ့အစည်းအသီးသီး ညှိနှိုင်းပါ၊ညှိနှိုင်းပြီးပြီ ဆိုပါက နိုင်ငံတော်က ပြဋ္ဌာန်းထားသည့် မြေ/စစ် မူဝါဒနှင့်အညီ မိမိတို့ ဆောင်ရွက်ပေးသွားနိုင်မည်ဆိုပါက မိမိတို့ မျှော်မှန်းထားသည့်အတိုင်း အကောင်းဆုံးအဖြေကို ရရှိမည် ဟု ရှင်းလင်း ဖြေကြားပါသည်။