Skip to main content

ဆည်မြောင်း ဦးစီးဌာန(လက်ပံတန်း)မှ အများပြည်သူ အကျိုးစီးပွားအတွက် ဆောင်ရွက်ခဲ့သည့် စီမံကိန်းများတွင် နစ်နာသူ တောင်သူများ၏ နစ်နာကြေးများနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းသွားမည်ဖြစ်ပါကြောင်း၊

ပထမဆုံးအနေဖြင့်  မြေစီးကျေးရွာမှ တောင်သူကြီး ဦးကျောင်သောင်း၏  လယ်မြေ ခြောက်ဧကနှင့် စပ်လျဉ်း၍ မေးမြန်းလိုပါကြောင်း၊ အဆိုပါ မြေဧက (၆) ဧကသည် မြေစီးရိုး ဘေးနားတွင် ရှိပါကြောင်း၊  နွေစပါး စီမံကိန်းအတွက် သဲကောဆည်မှ ကျလာသည့် ဆည်ရေကို ရိုးပိတ်ပြီး ရေတင်စိုက်သည့်အချိန်တွင်  ဦးကျော်သောင်း၏ လယ်မြေထဲရှိ မြေများကို ယန္တရားများဖြင့် တူးယူပြီး မြေသားတမံ ပိတ်ခြင်း၊ မိုးရာသီရောက်ပါက ပိတ်ထားသည့် တမံကို ဖောက်ချခြင်းများကို ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ဆောင်ရွက်ခဲ့သည့် ခြင်းကြောင့် လယ်မြေ လေးဧကလောက်ခန့်သည် ကျင်းကျန်ကြီးများ ဖြစ်ပေါ်ကာ စိုက်ပျိုး၍မရသည့် လယ်မြေအဖြစ် ပျက်စီးခဲ့ရခြင်းဖြစ်ကြောင်း၊

ဒုတိယအနေဖြင့်  ယွန်းသွယ်အုပ်စုပိုင်ရှိ ကွင်းအမှတ် (၁,၀၆၆)မှ တောင်သူ ၁၄ ဦး ပိုင်သည့် လယ်မြေ စုစုပေါင်း ၁၂ ဧက နှင့် စပ်လျဉ်း၍ မေးမြန်းလိုပါကြောင်း၊ တောင်သူ ခြောက်ဦး ပိုင်သည့် ခြံမြေများ ပါဝင်ပါကြောင်း၊ ဖြစ်စဉ်သည် ဧရာဝတီ မြစ်ကမ်းပါး နှစ်စဉ်ပြိုကျမှုကြောင့် အန္တရာယ်ရှိလာသည့်အတွက် ကမ်းမှ ပေ ၁၄၀ အကွာ ရွာ၏ နောက်ကျောဘက်နှင့် ဘေးနှစ်ဘက်မှ ပုံသဏ္ဌာန် ပန်းတာကို တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို့ တည်ဆောက်ခဲ့ရာတွင် ရွာခြံမြေများနှင့် လယ်မြေများထဲရှိ မြေများကို ယန္တရားဖြင့် တူးယူဖို့ခဲ့ခြင်း ကြောင့် ကျင်းကျန်ကြီးများ ဖြစ်ပြီး လယ်မြေများ ပျက်စီးခဲ့ရပါကြောင်း၊  

ထို့ကြောင့် တောင်သူများအနေဖြင့် ၎င်းတို့၏ နစ်နာမှုများကို ၂၀၁၄ ခုနှစ်၊ ၂၀၁၅ ခုနှစ်၊ ၂၀၁၆ ခုနှစ်များက တိုင်းဒေသကြီးအဆင့် အာဏာပိုင်များထံသို့လည်းကောင်း၊ နိုင်ငံတော်သမ္မတရုံးအထိလည်းကောင်း တင်ပြခဲ့ကြပါကြောင်း၊ နိုင်ငံတော်သမ္မတရုံးသည် တောင်သူကြီး ဦးကျော်သောင်း၏ တင်ပြစာနှင့်ပတ်သက်ပြီး ပြန်ကြားစာ နှစ်စောင်ကို ၂၂--၂၀၁၆ ရက်စွဲဖြင့်တစ်စောင်၊ ၁၄--၂၀၁၆ ရက်စွဲဖြင့်တစ်စောင် ပြန်ကြားခဲ့ပါကြောင်း၊ ပြန်ကြားစာတွင် ဦးကျော်သောင်း၏ တင်ပြစာနှင့်ပတ်သက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ စိစစ်ပြီး အခြေအနေအား ပြန်လည်တင်ပြရန် အကြောင်းကြားမည် ဖြစ်ကြောင်းဟူ၍ ပြန်ကြားခဲ့ပါကြောင်း၊ သို့သော် ယနေ့အချိန်အထိ ထူးခြားမှု မရှိသည့် အတွက် လက်ပံတန်းမြို့နယ်၊ ဆည်မြောင်းဦးစီးဌာနမှ ဆောင်ရွက်ခဲ့သော စီမံကိန်းများကြောင့် တောင်သူများ လယ်မြေများ နစ်နာဆုံးရှုံးမှုအတွက် လျော်ကြေးငွေပေးအပ်ရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်

 

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ မြေစီးကျေးရွာအုပ်စုရှိ လယ်မြေဧက ၅၀၀ ကို နွေစပါး စိုက်ပျိုးရေရရှိရန် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနသည် ၂၀၀၅ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ နှစ်စဉ်မြေသားချောင်းပိတ် တမံဆောင်ရွက်ပြီး စိုက်ပျိုးရေ ပေးဝေခဲ့ပါကြောင်း၊ မြေသား ချောင်းပိတ်တမံကို နှစ်စဉ်ဆောင်ရွက်သည့်အချိန်တွင် အနီးပတ်ဝန်းကျင်ရှိ ဒေသခံတောင်သူ ဦးကျော်သောင်း၏ လယ်မြေမှ ဖို့မြေရယူခဲ့ပါကြောင်း၊ ထို့နောက် ဖို့မြေရယူရန် အခက်အခဲများ ရှိလာသည့်အတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီး အစိုးရရန်ပုံငွေဖြင့် ရေထိန်းရေမြှင့် ရေတံခါးတစ်ခုကို ၎င်းဒေသတွင် တည်ဆောက်ပေးခဲ့ပါကြောင်း၊ ထို့အတူ လက်ပံတန်းမြို့နယ်အတွင်း ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ဧရာဝတီမြစ်ကမ်းပါး နှစ်စဉ်နီးပါး ဆက်တိုက်ကမ်းပြိုကျမှုများကြောင့် ဌာနမှ တည်ဆောက် ထိန်းသိမ်းထားသည့် ဧရာဝတီမြစ် အရှေ့ဘက်ကမ်းတာ၏ တာမိုင်(၂၅/)နှင့် တာမိုင်(၂၆/)အတွင်းမှာ မူလကမ်းရင်းတာ ထိခိုက် ပျက်စီးမည့် အခြေအနေ ဖြစ်ပေါ်လာခဲ့ပါကြောင်း၊ ထို့ကြောင့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ယွန်းသွယ်ကျေးရွာအနီး ပန်းတာအသစ်တည်ဆောက်ရန် စီမံခဲ့ပါကြောင်း၊ ယင်းတာအတွက် ဖို့မြေကို အဆိုပါ ဒေသခံ တောင်သူများ၏ လယ်မြေ ၁၂ ဧကမှ ရယူခဲ့ခြင်း ဖြစ်ပါကြောင်း၊

လက်ရှိ အစိုးရလက်ထက်တွင် မိမိတို့ ဝန်ကြီးဌာနသည် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်းများနှင့်စပ်လျဉ်းပြီး လယ်ယာမြေနှင့် အခြားမြေများ ဆုံးရှုံး နစ်နာခဲ့မှုများကြောင့် မြေယာလျော်ကြေး ပြန်လည်လျှောက်ထားလာမှုများ ရှိလာခဲ့ပါကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး ဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိရာတွင် သိမ်းဆည်းခံရသည့် လယ်ယာမြေများနှင့် စပ်လျဉ်းပြီး ချမှတ်ထားသည့် မြေယာမူဝါဒများနှင့်အညီ စီမံဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ နစ်နာကြေး ပေးရမည်ဆိုပါက နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်နှင့်အညီ သိမ်းဆည်းခံ တောင်သူများကို ၎င်းတို့၏ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ သီးနှံစိုက်ပျိုးရေး အောင်မြင်ဖြစ်ထွန်းရန်အတွက် နိုင်ငံတော်က ဆည်မြောင်းတာတမံများ ဆောက်လုပ်ပေးခြင်းဖြစ်ကြောင်း အသိပေး ရှင်းလင်းပြီး သင့်တင့် မျှတသည့် နစ်နာကြေးဖြစ်စေရေး စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လွှတ်တော် ကိုယ်စားလှယ် ကြီး မေးမြန်းထားသည့် မြေစီးကျေးရွာ မြေသားချောင်းပိတ်တမံ ဆောင်ရွက်ခြင်းအတွက် ဖို့မြေယူခဲ့သည့် လယ်မြေ လေးဧကအတွက်နှင့် ယွန်းသွယ်ကျေးရွာရှိ ဒေသနေ တောင်သူ လယ်သမားများနှင့် ပြည်သူများအတွက် ရေဘေး ကာကွယ်ရေးလုပ်ငန်းအဖြစ် အကောင် အထည်ဖော်ရန် တည်ဆောက်ခဲ့သည့် ပန်းတာအသစ်အတွက် ယူခဲ့သည့် လယ်မြေ ၁၂ ဧကတို့ အတွက် သက်ဆိုင်ရာ တောင်သူများက နစ်နာကြေး ရယူလိုကြောင်း တင်ပြလာမှုအပေါ်တွင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီက ချမှတ်ထားသည့် မူဝါဒနှင့်အညီ စိစစ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊

စီမံကိန်းလုပ်ငန်း ဆောင်ရွက်ရာတွင် ပါဝင်သွားသည့် လယ်ယာမြေများအတွက် နစ်နာကြေး၊ လျော်ကြေး ရလိုသည့် ကိစ္စများအတွက် နစ်နာသည့် ဒေသခံများသည် တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေး ကော်မတီကို တင်ပြစိစစ်ရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ ထို့ပြင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေး ဗဟိုကော်မတီကို ဆက်လက်တင်ပြပြီးသည့် နောက်တွင် ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် မိမိတို့ စီမံဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ လျော်ကြေး၊ နစ်နာကြေး ပေးရန် ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး လယ်မြေ ဖြစ်မည်ဆိုပါက တိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က ပေးချေရမည့် လျော်ကြေးကို လယ်ယာမြေ ဥပဒေနှင့်အညီ စိစစ်ပြီး ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ကို တင်ပြအတည်ပြုရမည် ဖြစ်ပါကြောင်း၊ အခြားမြေများ အတွက်ကို သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စိစစ်ချက်ဖြင့် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ လျော်ကြေးငွေ သတ်မှတ်ပေးပြီးသည့်နောက် သက်ဆိုင်ရာ ဝန်ကြီးဌာနသည် ယခုကိစ္စရပ်တွင် မိမိတို့ ဝန်ကြီးဌာန၊ ဆည်မြောင်း ဦးစီးဌာနသည် နီးစပ်ရာ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေ တင်ပြတောင်းခံပြီး နစ်နာသူများကို လျော်ကြေးပေးနိုင်ရေး စီမံဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။