Skip to main content

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်သည် တိုင်းရင်းသား လက်နက်ကိုင် ကချင်အထူးဒေသ(၁) အဖွဲ့အစည်းကို ယုံကြည်မှု တည်ဆောက်၍ ထာဝရငြိမ်းချမ်းရေးရယူကာ ဥပဒေဘောင်နှင့်အညီ အသွင်ကူးပြောင်းထားသော ဒေသတစ်ခု ဖြစ်ပါကြောင်း၊  ချီဖွေမြို့နယ်တွင် ယခင် ပါလီမန်ခေတ် တွင် ဖီမော်၊ ဂလန်၊ ကန်းဖန့် ဒေသအချို့ကို တရုတ်နိုင်ငံသို့ လွှဲအပ်ခဲ့ပါကြောင်း၊ လွှဲအပ်ခဲ့သည့် ဒေသများသည် ယခုအခါ လမ်းတံတားများ ဖွံ့ဖြိုး တိုးတက်ခဲ့သော်လည်း မြန်မာနိုင်ငံဘက် ကျန်ရှိနေသည့် ဖီမော်၊ ဂလန်၊ ကန်းဖန့် ဒေသတို့သည်  ဆင်းရဲနွမ်းပါးလျက်ရှိသည်ကို တွေ့ရှိရပါ ကြောင်း၊ ကျန်ရှိနေသည့် နယ်စပ်ကန်းဖန့်  ကျေးရွာအုပ်စုရှိ မှီရှီးဒီးငေါ့ချန်း ချောင်းကူး တံတား ပေ ၁၆၀ ခန့်သည် ပြည်သူများ ကိုယ်ထူကိုယ်ထ သစ်လုံးဘောင်တင်ထားသည့် တံတားဖြင့် မော်တော် ကားနှင့် လူများသွားလာနေကြခြင်း ဖြစ်ပါကြောင်း၊ သစ်လုံးဘောင်များသည် ဆွေးမြည့်၍ အန္တရာယ်များ ရှိလာသည့်အတွက် ၎င်းတံတားကို တည်ဆောက်ပေးရန် ယခင်လည်း တင်ပြခဲ့ပြီး ဖြစ်သော်လည်း နယ်စပ်ရေးရာ ဝန်ကြီးဌာနတွင် ဘတ်ဂျက် အားနည်းနေမှုကြောင့် မဆောင်ရွက် နိုင်သေးနိုင်သည်ကို သိရှိရပါသည့်အတွက် နယ်စပ် ကန်းဖန့်ကျေးရွာအုပ်စုရှိ မှီရှီးဒီးငေါ့ချန်း ချောင်းကူးတံတား    ပေ ၁၆၀ ခန့်ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် သံပေါင် ဘေလီတံတား အဖြစ်တိုးမြှင့် တည်ဆောက်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ /မရှိကို ဒေသခံပြည်သူများ၏ ကိုယ်စား မေးမြန်းပါသည်။


 

နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်၊ နယ်စပ်ကန်းဖန့် ကျေးရွာအုပ်စုသည် ချီဖွေ မြို့၏ အနောက်မြောက်ဘက် ၉၆  မိုင်အကွာတွင် တည်ရှိပါကြောင်း၊ မှီရှီးတီးကျေးရွာတွင် အိမ်ခြေ  ၄၆ အိမ်၊ လူဦးရေ ၂၉၆ ဦး၊ ဟီတြာတူကျေးရွာတွင် အိမ်ခြေ ၄၉ အိမ်၊ လူဦးရေ ၂၃၃ ဦး၊ ငွါးဖခါးကျေးရွာတွင် အိမ်ခြေ ၄၂ အိမ်၊ လူဦးရေ ၂၆၅ ဦး စုစုပေါင်း အိမ်ခြေ ၁၃၀ နှင့် လူဦးရေ ၇၉၄ ဦး နေထိုင်သည်ကို တွေ့ရှိရပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် မေးမြန်းထားသည့် မှီရှီးဒီး ငေါ့ချန်း ချောင်းကူးသစ်သားတံတား ပေ ၁၆၀ ကို ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ ပြည်သူလူထုမှ လမ်းပန်းဆက်သွယ်ရေး လွယ်ကူစေရေးအတွက် ကိုယ်ထူကိုယ်ထ သစ်လုံး ဘောင်တင်၍ တည်ဆောက်ထားသည်ကို စစ်ဆေးတွေ့ရှိရပါကြောင်း၊

၎င်းချောင်းကူးတံတားသည် နှစ်ကာလ ကြာမြင့်လာသည်နှင့်အမျှ သစ်သားများ ဆွေးမြည့်လာခြင်း၊ ချောင်းရေတိုက်စားပြီး တိုင်အောက်ခြေများ ပျက်စီးနေခြင်းတို့ကြောင့် လာမည့် မိုးတွင်း ကာလတွင် ပိုမိုဆိုးရွားစွာ ပျက်စီးနိုင်သည့်အတွက် ၎င်းတံတားအား နှစ်လွှာတစ်ထပ် သံပေါင်ဘေလီ တံတား အဖြစ် အသစ်တည်ဆောက်ပေးရန် လိုအပ်ကြောင်းကို စစ်ဆေးတွေ့ရှိရသည့်အတွက် မိမိတို့ ဝန်ကြီးဌာနသည် ချီဖွေမြို့နယ်၊ နယ်စပ်ကန်းဖန့် ကျေးရွာအုပ်စု၊ မှီရှီးဒီးငေါ့ချန်း‌ ချောင်းကူး သစ်သားတံတား ပေ ၁၆၀ ကို သံပေါင် ဘေလီတံတားအဖြစ် တိုးမြှင့် တည်ဆောက်ပေးရန် လွှတ်တော်ကိုယ်စားလှယ်နှင့်အတူ မြို့နယ်/ခရိုင်ဖွံ့ဖြိုးမှုကော်မတီများ၊ မြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေး ရုံးမှ တာဝန်ရှိသူများသည် မြေပြင်ကွင်းဆင်း စစ်ဆေးပေးရန်  လိုပါကြောင်း၊ ထို့အပြင် မိမိတို့သည် ဆောက်လုပ်ရေးသုံး ပစ္စည်းများ သယ်ယူရွှေ့ပြောင်းနိုင်မှု ရှိ/မရှိ၊ လုပ်သားရရှိနိုင်မှု၊ ရာသီဥတု ကန့်သတ်ချက်များကို သုံးသပ်စိစစ်ပြီး မိမိတို့ ကချင်ပြည်နယ် အစိုးရအဖွဲ့ကို ထောက်ခံ ချက်ဖြင့် တင်ပြပြီး သတ်မှတ်စီမံကိန်း အဆိုပြုလွှာဖြင့် တင်ပြလာမည်ဆိုပါက မိမိတို့ ဝန်ကြီးဌာနသည် ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် ရန်ပုံငွေ လျာထားချက်တွင် ထည့်သွင်း လျာထားပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။