Skip to main content


မြင်းခြံမြို့၊ မြို့နယ်ပညာရေးမှူးရုံး အသစ်တစ်ခု ဆောက်လုပ်ပေးနိုင်ခြင်း ရှိ/မရှိနှင့် ပတ်သက်ပြီး သိရှိလိုသည့်အတွက် မေးမြန်းခြင်း ဖြစ်ပါကြောင်း၊ မြင်းခြံမြို့နယ်၊ မြို့နယ်ပညာရေးမှူးရုံးကို ၁၉၉၂ ခုနှစ်တွင် အမှတ်(၁၅)ရပ်ကွက်၊ အမှတ်(၁)အခြေခံပညာ ကျောင်းဝင်းအတွင်းတွင် ကျောင်းပိုင်မြေ ၀.၂၀ ဧက အပေါ်တွင် ဆောက်လုပ်ထားပါကြောင်း၊ အဆောက်အဦသည် (၅၀ ပေ x ၄၀ ပေ) တစ်ထပ် အုပ်ညှပ်သွပ်မိုးဖြစ်၍ အ.ထ.က(၁)ပိုင်မြေတွင် ယာယီဆောက်လုပ်ထားခြင်း ဖြစ်ပါ ကြောင်း၊ မြို့နယ်ပညာရေးမှူးရုံးတွင် အရာထမ်း၊ အမှုထမ်းပေါင်း ၄၅ ဦး၊ မြို့နယ်ပညာရေးမှူး အုပ်ချုပ်မှုအောက်တွင် ရှိသည့် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများ တွင် အရာထမ်း၊ အမှုထမ်းပေါင်း ၂၁၆၈ ဦး ရှိပါကြောင်း၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းများတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်စာရင်းအရ ကျောင်းသားဦးရေသည် ၄၀၄၈၁ ဦး၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ကျောင်းသားဦးရေသည် ၄၆၀၁ ဦး၊ ပုဂ္ဂလိက ကျောင်းများတွင် ကျောင်းသားဦးရေသည် ၉၁၄ ဦး၊ တစ်မြို့နယ်လုံး၏ ကျောင်းသားဦးရေ စုစုပေါင်းသည် ၄၅၉၉၂ ဦး ဖြစ်ပါကြောင်း၊ လစဉ် လကုန်ရက် လစာထုတ်ပေးသည့် နေရာများတွင် မူလတန်းကျောင်း၊ မူလတန်းလွန်ကျောင်းများ၊ အလယ်တန်းကျောင်း(ခွဲ)များမှ ဆရာ၊ ဆရာမ ခန့်ထားဦးရေ ၁၂၇၆ ဦးအား တွေ့ဆုံပွဲ အစည်းအဝေး ကျင်းပသည့်နေရာတွင် အဆောက်အဦသည် ကျဉ်းလွန်းသည့်အတွက် မြို့ပေါ်တွင်ရှိသည့် မူလတန်းကျောင်း တစ်ကျောင်းတွင် သွားရောက်ပြီး ကျင်းပနေရခြင်း ဖြစ်ပါကြောင်း၊ လကုန်ရက် မြို့နယ်ပညာရေးမှူးရုံးသို့ ဆရာ၊ ဆရာမများ လာရောက် သတင်းပို့၊ လစာထုတ်သည့် နေရာတွင် အဆောက်အဦသည် ကျဉ်းနေသည့်အတွက် ရုံးရှေ့ လမ်းဘေး မြေကွက်လပ်အပေါ်တွင် လည်းကောင်း၊ လူသွားစင်္ကြံအပေါ်တွင် လည်းကောင်း နေကြရသဖြင့် ယာဉ်အန္တရာယ် စိုးရိမ်ရပါကြောင်း၊ မနှစ်က ဆရာမ တစ်ယောက်သည် လစာထုတ် ရက်လာရင်း ပလက်ဖောင်းဘေးတွင် ရပ်နေသည့်အချိန်တွင် ဆိုင်ကယ်အတိုက်ခံရသည့်အတွက် ၎င်းဆရာမ ခြေကျိုးသည့် ဒဏ်ရာရရှိသွားပါကြောင်း၊ တစ်မြို့နယ်လုံးရှိ ကျောင်းများကို ဆရာကိုင်၊ ကျောင်းသားကိုင်၊ ကျောင်းသုံးစာအုပ်များ ဖြန့်ဝေသည့်နေရာတွင် ၎င်းစာအုပ်များကို ထားရန် နေရာမရှိသည့်အတွက် အ.ထ.က(၂)တွင် ခေတ္တထားရခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြို့နယ် ပညာရေးမှူးရုံး ဆောက်လုပ်ရန် မြို့နယ်စီမံခန့်ခွဲရေး ကော်မတီ၊ မြို့နယ် မြေချထားရေးအဖွဲ့မှ (၅၀ ပေ x ၅၀ ပေ)အကွက် ခြောက်ကွက်၊ စုစုပေါင်း အကျယ်အဝန်း  (၅၀ ပေ x ၃၀၀ ပေ)ကို ချထားပေးပြီး ဂရန်လျှောက်ထားဆဲ ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မြို့နယ်ပညာရေးမှူးရုံးပိုင် မြေနေရာအသစ်ပေါ်တွင် (၁၃၀ ပေ x  ၃၀ ပေ)နှစ်ထပ် သံကူကွန်ကရစ် အဆောက်အဦ တစ်ဆောင် ဆောက်လုပ်ပေးနိုင်ခြင်း ရှိ/မရှိနှင့် ဆောက်လုပ်ပေးနိုင်ခြင်း ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးမည်၊ ဆောက်လုပ်ပေးနိုင်ခြင်းမရှိပါက မည်သည့်အတွက်ကြောင့် ဆောက်လုပ် ပေးနိုင်ခြင်းမရှိသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း

မိမိတို့ ပညာရေးဝန်ကြီးဌာနသည် ကိုယ်စားလှယ်တော်ကြီး၏ မဲဆန္ဒနယ် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်အတွင်းတွင် အန္တရာယ်ရှိကျောင်းဆောင်ဖျက်သိမ်းပြီး ကျောင်းအသစ် ဆောက်လုပ်ရန် ၁၆ ကျောင်း၊ ကျောင်းသားဦးရေ များလာသည့်အတွက် ကျောင်းအသစ်ဆောက်ပေးခြင်း ခုနစ် ကျောင်း စုစုပေါင်းကျောင်းအသစ် ၂၃ ကျောင်းအတွက် ငွေကျပ် ၉၂၈.၃၅ သန်း ခွဲဝေ ဆောင်ရွက် လျက်ရှိပါကြောင်း၊ ကိုယ်စားလှယ်တော်ကြီးတင်ပြသည့် မြင်းခြံမြို့နယ် ပညာရေးမှူးရုံးသည် လက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းဝင်းအတွင်းတွင် ပူးတွဲဆောက်လုပ်ထားခြင်း ဖြစ်ပါကြောင်း၊ ၎င်းကျောင်းဝင်းသည် စုစုပေါင်း ၀.၂၀ ဧကသာ ရှိသည့်အတွက် ၎င်းအထဲတွင် ထပ်မံဆောက်လုပ်ရန် မဖြစ်နိုင်ပါကြောင်း၊ ကိုယ်စားလှယ်တော်ကြီး ပြောသည့်အတိုင်း နေရာအသစ်အတွက် မြေနေရာချထားပေးသည့်အတွက် ဆောင်ရွက်လျက်ရှိသည့် ဆောင်ရွက်ဆဲ လုပ်ငန်း ဖြစ်ပါကြောင်း၊ သို့သော် ပိုင်ဆိုင်မှု ပုံစံ(၁၀၅)၊ ဂရန် ရရှိခြင်း မရှိပါကြောင်း၊ ထို့ကြောင့် မိမိတို့ ဘဏ္ဍာငွေလျာထားရာတွင် စည်းမျဉ်းစည်းကမ်းအားဖြင့် မြေပိုင်ဆိုင်မှု အထောက်အထား ရှိမှသာလျာထား၍ ရပါကြောင်း၊ မြေပိုင်ဆိုင်မှု အထောက်အထား သို့မဟုတ် ဂရန်ရရှိသည်နှင့် တစ်ပြိုင်နက် အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် အဆောက်အဦအသစ်အတွက် ဘဏ္ဍာငွေရရှိရေး လျာထားဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်းနှင့် ပိုင်ဆိုင်မှုရရှိရေးအတွက်လည်း ကိုယ်စားလှယ် တော်ကြီးမှ ကူညီစောင့်ရှောက်ပေးပါရန် တင်ပြဖြေကြားပါသည်။