Skip to main content



ဒေးဒရဲမြို့နယ်အတွက် အရေးကြီးသည့် လမ်းတစ်လမ်းဖြစ်သော ၁၉၉၀ ခုနှစ်တွင် စတင် ဖောက်လုပ်ခဲ့သည့် ဒေးဒရဲ-တော်ကမယ်-ကျုံကြပ်-သာယာကုန်း-သံဒိဇီးဖြူကုန်း ရွာများသို့ ဆက်သွယ်သော လမ်းအရှည်(၁၄/၆)မိုင်အား ယခုထက် ပိုမိုမြန်ဆန်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ မေးခွန်းနှင့် ပတ်သက်ပြီး မေးမြန်းလိုပါကြောင်း၊ ဒေးဒရဲမြို့သို့ ရန်ကုန်တိုင်းဒေသကြီးမှ ၄၅ မိုင်ခန့် ကွာဝေးပြီး ဧရာဝတီမြစ်ကူးတံတား ဒေးဒရဲနှင့် ဆက်သွယ် ထားပါကြောင်း၊ ကျေးရွာအုပ်စု ၉၀ အုပ်စုနှင့် ကျေးရွာပေါင်း ၃၉၆ ရွာ ရှိပါကြောင်း၊ အုပ်စုတွင်းတွင် မြစ်ချောင်းများ ပေါများသည့်အတွက် ရေလမ်းခရီးကိုအသုံးပြုခဲ့ကြရပါကြောင်း၊ ဆက်သွယ်ရေး မကောင်းသည့်အတွက် ဖွံ့ဖြိုးမှုနိမ့်ကျပါကြောင်း၊ ဒေးဒရဲမြို့ပေါ်တွင် လမ်းမကြီး မြို့နယ်များတွင် လမ်းမကြီး သုံးခုရှိသည့်အနက် ပထမ ကျိုက်လတ်လမ်း၊ ဒုတိယ ဖျာပုံလမ်းနှင့်  နောက်ဆုံး လမ်းသည် ယခုတောင်းဆိုမည့် ဒေးဒရဲ-တော်ကမယ်-ကျုံကြပ်-သာယာကုန်း-သံဒိဇီးဖြူကုန်း လမ်း ဖြစ်ပါကြောင်း၊ (၁၄/၆)မိုင်ကျယ်ပြီး ၁၉၉၀ ခုနှစ်တွင် ဗျူဟာလမ်းအဖြစ် လူထုလုပ်အားပေးဖြင့် စတင်ဆောက်လုပ်ခဲ့ပါကြောင်း၊ ၁၉၉၀ ခုနှစ်တွင် စသည့်အတွက် နှစ်ပေါင်း ၃၀ ရှိပြီ ဖြစ်ပါကြောင်း၊ ၁၉၉၇-၁၉၉၈ ဘဏ္ဍာရေးနှစ်မှ ၂၀၁၃ အထိ (၃/၃)မိုင် ကွာဝေးသည့် လမ်းပေါ်တွင် ရှိသည့် တော်ကမယ်ရွာအထိ မြေသားအဆင့်မြှင့်ပြီး ကျောက်ချောလမ်း (၃/၃)မိုင် ဆောက်လုပ်ပေး ခဲ့ပါကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဖွံ့ဖြိုးရေးမှ မြေသား အဆင့် (၈)မိုင်အထိ တိုးမြှင့် ဆောက်လုပ်ပေးခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဖွံ့ဖြိုးရေးမှ ကွန်ကရစ် လမ်း (၆/၆.၆)မိုင် ကျောက်လမ်းကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ကွန်ကရစ်လမ်း (၁/၁.၈)မိုင် ပြုလုပ်ပေးခဲ့ပါကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျန်သည့် မြေသားလမ်း (၃/၃)မိုင် အကယ်ရွာမမှ ပင်လယ်စပ်အထိ တည်ဆောက် ပြုလုပ်ပေးခဲ့ပါကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်လမ်းမှ ကွန်ကရစ်(၁/၁.၂၆)မိုင်နှင့်  မြေသား အဆင့်မြှင့် လုပ်ငန်းပြုလုပ်ရန် ကျထားသည့်အတွက် (၁၄/၆)မိုင်တွင်  ကွန်ကရစ်လမ်း (၃/၃)မိုင် ခင်းပြီး မြေသားအဆင့်မြှင့်ပြီး (၁၁/၃)မိုင် ကျန်နေပါကြောင်း၊  ၎င်းလမ်းသည် နွေရာသီနှင့် ဆောင်းရာသီ သာ သွား၍ရပြီး မိုးရာသီတွင် သွား၍မရသည့်အတွက် တောင်းဆိုရခြင်း ဖြစ်ပါကြောင်း၊ ရွှံ့စေးမြေ ဖြစ်သည့်အတွက် မိုးရွာသည့်အချိန်တွင် ရေပျော်ပြီး ရွှံ့စေးဖြစ်နေသည့်အတွက် ကား၊ ဆိုင်ကယ်၊ စက်ဘီး၊ ခြေလျင် တစ်ခုမျှ သွား၍မရကြောင်း ဒေသခံများမှ တင်ပြပါကြောင်း၊ လမ်းရှိသော်လည်း အရေးကြုံသည့်အချိန်တွင် သွား၍မရဖြစ်နေသည့်အတွက် ယခုမေးခွန်းကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ကြယ်ပွင့်ပြမေးခွန်း မေးခဲ့ဖူးပါကြောင်း၊ ၎င်းလမ်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တွင် ပြီးစီးအောင် ဆောင်ရွက်ပေးမည်ဟု ဖြေကြားခဲ့ပါကြောင်း၊ ယခု ၂၀၁၉-၂၀၂၀ ဘတ်ဂျက်တွင် (၁/၂.၆)မိုင် ပါဝင်သည့်အတွက် လက်ရှိပုံစံအတိုင်းဆိုပါက ထပ်ကြာမည်ကို စိုးရိမ်သည့်အတွက် ဒေးဒရဲ မြို့နယ်အတွက်အလွန်အရေးကြီးသည့် ၎င်းလမ်းသည် ပြည်လမ်း ထွက်ပေါက်လမ်း ဖြစ်သည့်အတွက် အရေးကြီးသည့်အတွက်မေးရခြင်း ဖြစ်ပါကြောင်း၊ ၎င်းလမ်းဖြတ် ဝဲ/ယာ တစ်လျှောက်ရှိ ရွာများ၊ ပင်လယ်ကမ်းစပ်တွင်ရှိသည့်ရွာများ ၎င်းလမ်းပေါ်ကို ချိတ်ဆက်သွားလာ လိုကြပါကြောင်း၊ ယခုလမ်းပေါ်ကို ကျေးရွာချင်းဆက်လမ်းများ တောင်းနေကြပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ခရီးစဉ်နှင့် မိမိတို့ လူထုတွေ့ဆုံပွဲများတွင် ကျေးရွာချင်းဆက် လမ်းချိတ်ဆက်ပေးရန် ရွာတိုင်းများက တောင်းဆိုကြပါကြောင်း၊ ကျေးရွာများရှိသည့် ချောင်းများ သည် ချောင်းကောနေသည့်အတွက် သွားရေးလာရေး အလွန်ခက်ပါကြောင်း၊ ရေတက်၊ ရေကျ စောင့်သွားနေရသည့်အတွက် ၎င်းတို့၏ သွားရေးလာရေးခက်သည့်အတွက် တောင်းဆိုခြင်း ဖြစ်ပါကြောင်း၊ ၎င်းလမ်းကို ချိတ်ဆက်ပေးမည်ဆိုပါက ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး အားလုံး ကောင်းမွန်သွားမည် ဖြစ်သည့်အပြင် သဘာဝဘေးအန္တရာယ်ပိုပြီး အဆင်ပြေပါကြောင်း၊ ၎င်းလမ်းပေါ်ကို မုန်တိုင်းချိန်တွင် ရှောင်ပြေးနိုင်သည့်အတွက် လူများ၏ အသက်ကို ကယ်နိုင်သည့် လမ်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျန်သည့် လမ်း(၁၁)မိုင်ကျော်ကို အမာခံလမ်းဖြစ်စေရန် ကွန်ကရစ်လမ်း တောင်းဆိုနေခြင်း မဟုတ်ပါကြောင်း၊ ကျောက်ချောလမ်းအဖြစ် ရာသီမရွေး သွားနိုင်ရန်အတွက် အထူးသဖြင့် မိုးရာသီတွင် သွား၍မရသည့်အတွက်၊ ချော်နေသည့်အတွက် သွား၍ရစေရန် ၎င်းလမ်းကို အမာခံလမ်း၊ ကျောက်ချောလမ်းအဖြစ် တည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိ မေးမြန်းပါသည်။


 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း

ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်၊ တော်ကမယ်-ကျုံကြပ်-သာယာကုန်း-သံဒိဇီးဖြူကုန်း ကျေးရွာချင်းဆက်လမ်း အရှည်(၁၄/၆)မိုင်သည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသည့် လမ်းဖြစ်ပါကြောင်း၊ ၎င်းလမ်းသည်  ဒေသခံပြည်သူများမှ ဒေသဖွံ့ဖြိုးရေးအတွက် ဆောက်လုပ်ခဲ့သည့်လမ်းဖြစ်ပြီး ယခုအခါ မိမိတို့ဝန်ကြီးဌာနက စီမံခန့်ခွဲ လျက် ရှိပါကြောင်း၊ ၎င်းလမ်းသည် မြေသားလမ်းအဖြစ်ဖြင့် (၁၁/၃)မိုင်အထိ ကျန်ရှိနေသည် ဖြစ်သည့်အတွက် ပွင့်လင်းရာသီတွင် သွားလာနေသည့်အတွက် ရာသီမရွေးသွားလာနိုင်ရန်အတွက် ကျောချောလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ရန် လိုအပ်လျက် ရှိပါကြောင်း၊ ထို့ကြောင့် အဆိုပါ လမ်းကို လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေတွင် ထည့်သွင်းလျာထား၍ ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။