Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး အဋ္ဌမ နေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
( ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ  ၁၈  ရက် )


၁။        ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ၂၀၂၀  ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက် ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ( ၄၃၁ )ဦး အနက် ( ၄၀၃ )ဦး တက်ရောက်သည်။
၂။     လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
    (က)    ကြယ်ပွင့်ပြမေးခွန်း (၈)ခု မေးမြန်းဖြေကြားခြင်း
            (၁)    ဦးစိန်ဗိုလ်၊ မြဝတီ မဲဆန္ဒနယ်က မေးမြန်းသော မြန်မာနိုင်ငံအတွင်း ကျူးကျော်များ အဖြစ် သတ်မှတ်ခံရသော နိုင်ငံသားမိသားစုများအား အိမ်ထောင်စုစာရင်း ထုတ်ပေးနိုင်ခြင်း ရှိ၊ မရှိနှင့် မရှိပါက ကျူးကျော်အဖြစ် သတ်မှတ်ခံရသော မြန်မာ နိုင်ငံသား မိသားစုများအား အိမ်ထောင်စုစာရင်း ထုတ်ပေးနိုင်ရေး မည်သို့စီမံ ဆောင်ရွက်ထားသည်ကို သိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်က မြန်မာနိုင်ငံ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ ခွင့်ပြုချက်မရှိသော မြေနေရာများတွင် ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နေထိုင်လျက်ရှိသော ယာယီရွှေ့ပြောင်းနေထိုင်သူ များသည် ကျူးကျော်ဝင်ရောက်နေထိုင်သူများ ဖြစ်ပါသောကြောင့် တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများဖြင့် ညီညွတ်မှုမရှိပါသဖြင့် ဆောင်ရွက်ပေး၍မရပါကြောင်းနှင့် နိုင်ငံတော်မှ တည်ဆဲဥပဒေပြဋ္ဌာန်းချက်များ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက် များနှင့်အညီ အကျုံးဝင်သည့်နေရာတွင် အခြေချနေထိုင်ပါက အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ ကိုင်ဆောင်သင့်သည့် မှတ်ပုံတင် တစ်မျိုးမျိုးရရှိရေးအတွက် စိစစ်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
            (၂)    ဦးခမ်ခန့်ထန်၊ တွန်းဇံ မဲဆန္ဒနယ်က  မေးမြန်းသော မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် လူဦးရေ၊ အိမ်နှင့်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် တိုင်းရင်းသား လူမျိုးများစာရင်း(၁၃၅)မျိုးတွင် မပါဝင်သော တိုင်းရင်းသားလူမျိုးများ ကုဒ်နံပါတ် (၉၁၄) (အခြား) ခေါင်းစဉ်တွင် ရေးသွင်းဖော်ပြထားသော တိုင်းရင်းသားလူမျိုး အမည်များကို ဖော်ပြပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်က မိမိတို့ ဝန်ကြီးဌာနတစ်ခုတည်းဖြင့် ဆောင်ရွက်နိုင်မည်မဟုတ်ပါ ကြောင်းနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းရင်းသားလူမျိုးခေါင်းဆောင်များ၊ သမိုင်းပညာရှင်များ၊ သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့တို့မှ လေ့လာစိစစ် တင်ပြပြီး ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် ရယူဆောင်ရွက်သင့်သော ကိစ္စရပ်သာဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
            (၃)    ဦးမြစိန်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မဲဆန္ဒနယ်က မေးမြန်းသော ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် မြေလွတ်၊ မြေလပ်များ ရှိနေသော်လည်း အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနရုံး မရှိသေးသည်ကို တွေ့ရပါသဖြင့် ရုံးတစ်ရုံး အမြန်ဆုံးချထားပေးရန် အစီအစဉ် ရှိ၊ မရှိ သိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်က ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရုံး ဖွင့်လှစ်ရန် ဖွဲ့စည်းပုံတွင် ခွင့်ပြုထားခြင်းမရှိပါသဖြင့် ရုံးဖွင့်လှစ်ပေးနိုင်ခြင်း မရှိပါကြောင်းနှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၏ အလုပ်သမားရေးရာကိစ္စရပ်များ ဆောင်ရွက်ရန် အတွက် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ရုံးမှ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါကြောင်း  ပြန်လည်ဖြေကြားခဲ့သည်။
        (၄)    ဦးဝင်းမြင့်အောင်၊ ဒီပဲယင်း မဲဆန္ဒနယ်က မေးမြန်းသော ဒီပဲယင်းမြို့နယ်၊ စိုင်ပြင် ရဲစခန်းအား နယ်မြေရဲစခန်းကြီးအဖြစ် အဆင့်မြှင့်ပေးရန်နှင့် အဆင့်မီဝန်ထမ်း အိမ်ရာများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် တည်ဆောက်ပေးရန်  အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်သူက ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်ရဲစခန်းအား နယ်မြေရဲစခန်းအဖြစ် အဆင့် တိုးမြှင့်ဖွင့်လှစ်နိုင်ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပြဆောင်ရွက်လျက် ရှိပါကြောင်းနှင့် ခွင့်ပြုချက်ရရှိပြီးမှသာ ရဲစခန်းရုံးနှင့်အိမ်ရာများ ဆောက်လုပ်ခွင့် ရရှိရေးတို့အတွက် ဘဏ္ဍာငွေတင်ပြတောင်းခံ ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါ ကြောင်းပြန်လည်ဖြေကြားခဲ့သည်။
            (၅)    ဒေါ်မြင့်မြင့်စိုး(ခ)ဒေါ်မေစိုး၊ ဗိုလ်တထောင် မဲဆန္ဒနယ်က မေးမြန်းသော  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့်ပတ်သက်၍ အများပြည်သူများ အလွယ်တကူ သိရှိဆက်သွယ် ဆောင်ရွက်နိုင်သော Complain Centre တစ်ခုထူထောင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်သူက မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် တိုင်ကြားချက်များလက်ခံသည့် တိုင်စာ တယ်လီဖုန်းများကို (၂၄)နာရီ ဖွင့်လှစ်၍လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ် ရဲတပ်ဖွဲ့များအလိုက် တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များအား Myanmar Police Force Website တွင် ဖော်ပြ၍လည်းကောင်း စိစစ်အတည်ပြု အရေးယူ ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာန အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့မှ Toolkit Account များဖွင့်လှစ်၍ တစ်နိုင်ငံလုံးသို့ (DEO) Account (၃၃၃)ခုအား ထပ်မံခွဲထုတ်ပြီး သတင်းအချက်အလက်များ ရယူကာ ပြည်သူများနှင့် တိုက်ရိုက်ဆက်သွယ်၍ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
            (၆)    ဦးကျော်စိုး၊ ဗန်းမောက် မဲဆန္ဒနယ်က မေးမြန်းသော ဗန်းမောက်မြို့နယ် မြို့မ ရဲစခန်းအတွင်း ဝန်ထမ်းအိမ်ရာအသစ် (၄)ယူနစ်ပါ (၄)ထပ်အိမ်ရာ(RC) နှစ်လုံးကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ကသာ ခရိုင်၊ ဗန်းမောက်မြို့မရဲစခန်းတွင် လိုအပ်လျက်ရှိသော (၆)ခန်းတွဲ (၂)ထပ် (၂)လုံးနှင့် လူ(၃၀)ဦးဆံ့ လူပျိုဆောင်(၁)လုံးတို့အား ဆောက်လုပ်ခွင့်ရရှိရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း(မူလ)အသုံးစရိတ်တွင် လျာထားတင်ပြ တောင်းခံ သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၇)    ဒေါ်မြခွာညိုဦး၊ ရွှေတောင် မဲဆန္ဒနယ်က မေးမြန်းသော ရွှေတောင်မြို့နယ်အတွင်း လိုအပ်လျက်ရှိသော တရုတ်မှော်တိုက်နယ်နှင့် ကျီးသဲတိုက်နယ် အရန်မီးသတ် စခန်းတို့အား နယ်မြေခံ မီးသတ်စခန်းအဖြစ် အဆင့်တိုးမြှင့်ပေးပြီး မယားမာန် နယ်မြေမီးသတ်စခန်းအား စခန်း အဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာများ ချထား ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်အောင်သူက ကျီးသဲကျေးရွာ အရန်မီးသတ်စခန်းနှင့် တရုတ်မှော် ကျေးရွာ အရန်မီးသတ်စခန်းတို့သည် နယ်မြေမီးသတ်စခန်း ဖွဲ့စည်းပုံခွင့်ပြုမိန့် မရရှိသေးခြင်းကြောင့် နယ်မြေမီးသတ်စခန်းအဖြစ် ဖွင့်လှစ်ပေးနိုင်ခြင်း မရှိသေး ပါကြောင်း၊ မယားမာန်နယ်မြေမီးသတ်စခန်း အဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပေးနိုင်ရန်အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ရန်ပုံငွေတင်ပြ တောင်းခံသွားမည်ဖြစ်ပါကြောင်းနှင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖွင့်လှစ်ရန် လိုအပ်လျက်ရှိသော မီးသတ်စခန်းများအား  ဘဏ္ဍာရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး ဦးစားပေးအလိုက် ဆောင်ရွက်လျက်ရှိပါ ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၈)    ဒေါ်သန္တာ၊ အိမ်မဲ မဲဆန္ဒနယ်က မေးမြန်းသော အိမ်မဲမြို့နယ်၊ ရွာသစ်ကျေးရွာတွင် နယ်မြေမီးသတ်စခန်းတစ်ခုကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ထည့်သွင်းလျာထား ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ရန်ပုံငွေလျာထားတင်ပြ တောင်းခံသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
     ( ခ )    ဥပဒေကြမ်း(၁)ခု တင်သွင်းခြင်းနှင့် အစီရင်ခံစာဖတ်ကြားခြင်း
            ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီက နိုင်ငံသားများ၏ ပုဂ္ဂိုလ် ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ကို တင်သွင်းပြီး ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ ဖတ်ကြားရှင်းလင်း သည်။ အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၂၀-၂-၂၀၂၀ ရက်(ကြာသပတေးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။
    ၃။    ပြည်သူ့လွှတ်တော် အစည်းအဝေးကို နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ ကျင်းပမည့်ရက်ကို ၂၀-၂-၂၀၂၀ ရက် (ကြာသပတေးနေ့)  နံနက် ၁၀ နာရီတွင် လျာထားပါသည်။