Skip to main content

ရဲတပ်ဖွဲ့ဝင်များသည် ပြည်သူလူထုနှင့်အနီးကပ်ထိတွေ့ဆက်ဆံရာ တချို့သောရဲတပ်ဖွဲ့ဝင်များ၏ လုပ်ငန်းကျွမ်းကျင်မှုအားနည်းခြင်းနှင့် ဥပဒေလုပ်ထုံးလုပ်နည်းများ မှားယွင်းဆောင်ရွက်နေမှုများ ကြောင့်လည်းကောင်း အဂတိလိုက်စားမှုနှင့် အကျင့်ပျက်ခြစားမှု များကြောင့်လည်းကောင်း ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုလျော့နည်းလာသလို အချို့ပြည်သူလူထု၏ ဥပဒေအသိပညာ နည်းပါးမှုများနှင့် မဟုတ်မမှန်လုပ်ကြံရေးသားပြောဆိုမှုများကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အပေါ် အထင်အမြင်လွဲမှားပြီး  ပြည်သူလူထု၏မကျေနပ်သမျှကို နေ့စဉ်နှင့် အမျှကြားသိနေရပါကြောင်း၊

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ တပ်ဖွဲ့ဝင်များ ဥပဒေနှင့်မညီဆောင်ရွက်နေမှုများ ပြည်သူလူထုအပေါ် ဥပဒေအရ မိမိလုပ်ပိုင်ခွင့်များကို အသုံးချ၍ အနိုင်ကျင့်နေမှုများ၊ အမှုမဖွင့်၊ အရေးမယူပေးခြင်း၊ ဘက်လိုက်ဆောင်ရွက်နေမှုများရှိနေသည်ကိုလည်း တွေ့မြင်နေရပါကြောင်း၊ ရဲတပ်ဖွဲ့ကြီးတစ်ခုလုံး အပေါ် ပြည်သူလူထုက အထင်အမြင် သေးခြင်း၊ ရဲတပ်ဖွဲ့ကိုအားကိုးအားထားပြုမှု တဖြည်းဖြည်း လျော့နည်းနေတာကို တွေ့ရှိရပါကြောင်း၊

ပြည်ထဲရေးဝန်ကြီးဌာနအတွင်း၌ ဝန်ထမ်းများအဂတိလိုက်စားမှုကာကွယ်ရန် Correction Prevention Unit များဖွဲ့ကို အဂတိ လိုက်စားမှုများ၊ ဘက်လိုက်မှုမဖြစ်ပွားစေရန် အဓိက ဆောင်ရွက်ချက်များနှင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်ကို သိရှိရပါကြောင်း၊  ပိုမိုထိရောက်သော လုပ်ဆောင်မှုများဖြင့် ဆောင်ရွက်နိုင်ရန် အထူးလိုအပ်သကဲ့သို့ ရဲတပ်ဖွဲ့တွင် ရဲတပ်ဖွဲ့ဝင် အချင်းချင်း စစ်ဆေးနေခြင်းသည်လည်း ဆန္ဒအဂတိကင်းမှသာလျှင်တပ်ဖွဲ့ဝင်အချင်းချင်း ပိုမိုလေးစားပြီး တပ်ဖွဲ့အပေါ် ပိုမိုယုံကြည်ကြမည်ဖြစ်ပါကြောင်း၊  ယခုကဲ့သို့ ရဲတပ်ဖွဲ့တွင် အဂတိကင်းရှင်းစေ ရန်အတွက် ဆောင်ရွက်နေမှုများသည် အမှန်တကယ်တိတိကျကျဆောင်ရွက် နေမှုရှိသကဲ့သို့ ပြည်သူနှင့်တပ်ဖွဲ့ဝင်ကြား ရင်ကြားစေ့ပေါင်းကူးပေးနိုင်ရန် အဆိုပါအဖွဲ့နှင့်အတူ ပူးပေါင်း၍ ထပ်မံပြီး Police Complaints System တည်ဆောက်ပေးနိုင်ရန် တောင်းဆိုရခြင်းဖြစ်ပါကြောင်း၊  ရဲတပ်ဖွဲ့ဝင် အတွင်း၌ဖြစ်စေ၊ ရဲတပ်ဖွဲ့ဝင်နှင့်ပြည်သူအတွင်း၌ဖြစ်စေ နစ်နာမှုမရှိစေရန် တိုင်ကြားစာများအပေါ် လက်ခံဖြေရှင်းနိုင်သည့် အဖွဲ့အစည်းတစ်ရပ် မရှိမဖြစ် လိုအပ်နေပါကြောင်း၊ ယခုအခါ အမှုမဖွင့်၊ အရေးမယူပါက တိုင်ကြားနိုင်ရန် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(နေပြည်တော်) Hot-line၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်(နေပြည်တော်) Hot-line၊ သမ္မတရုံး Hot-line စသည်ဖြင့် ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များ စီစဉ်ထားရှိပါသော်လည်း တိုင်ကြားသူများမှာ ဆက်သွယ်ရန်ခက်ခဲသည့်နေရာတွင် တည်ရှိခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် ဆက်သွယ်၍မရခြင်း၊ သိရှိနားလည်မှုနည်းပါးခြင်း၊ သိရှိတိုင်ကြားထားသော်လည်း အမှုစစ်ဆေးနေခြင်းမှာ ကြန့်ကြာနေခြင်းတို့ကြောင့် မဖြစ်သင့်၊ မဖြစ်ထိုက်၊ မလုပ်သင့်၊ မလုပ်ထိုက်သော အလုပ်များလုပ်မိသွားသဖြင့် အမှုအခြေအနေများ ပြောင်းလဲသွားသည်ကိုလည်း များစွာ တွေ့မြင်နေရပါကြောင်း၊ ထို့ကြောင့် ပြည်သူအကြားနှင့် တပ်ဖွဲ့ဝင်အတွင်း၊ တပ်ဖွဲ့ဝင်နှင့် ပြည်သူအကြားဆက်ဆံနိုင်ရန် Complain Centre တစ်ခု ထူထောင်နိုင်ရန်ရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ

ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်‌ရေး၊ ပြည်သူ့အကျိုး ပြု လုပ်ငန်းများဆောင်ရွက်ရေးစသည့် ရည်မှန်းချက်တာဝန်များကို အကောင်အထည် ဖော်ဆောင် ရွက်နေသည့် တပ်ဖွဲ့တစ်ခုဖြစ်ပါကြောင်း၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် တိုင်ကြားချက် လက်ခံသည့် တိုင်စာတယ်လီဖုန်း(၀၆၇-၃၄၁၂၄၄၄)၊ ၀၆၇-၃၄၁၂၂၂၂)တို့ကို ၂၄ နာရီဖွင့်လှစ်၍လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့များအလိုက် တိုင်ကြားနိုင်တဲ့ ဖုန်းနံပါတ်များအား Myanmar Police Force Website တွင်ဖော်ပြ၍လည်းကောင်း၊ ရဲတပ်ဖွဲ့ဝင်များနှင့်ပတ်သက်သည့် သတင်း ပေးပို့ချက်များနှင့် နစ်နာသူများကပေးပို့လာသည့် သီးခြားတိုင်ကြားချက်များကို လက်ခံရယူ၍ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးများနှင့် တပ်ရင်း/တပ်ဖွဲ့များသို့ စိစစ်တင်ပြ စေလျက်ရှိပါကြောင်း၊ တိုင်ကြားချက်များအပေါ်မူတည်၍ အချို့ကိစ္စရပ်များတွင် မှုခင်းတပ်ဖွဲ့အား သီးခြားတာဝန်ပေးအပ်၍လည်းကောင်း၊ အဖွဲ့ဖွဲ့၍စစ်ဆေးစေခြင်းဖြင့်လည်းကောင်း အရေးယူ ဆောင်ရွက်လျက်ရှိသည့်အပြင် အင်တာနက်စာမျက်နှာများမှတစ်ဆင့်ရရှိသည့် သတင်းများ မှန်ကန်မှု ရှိ/မရှိကိုလည်း စိစစ်အတည်ပြုအရေးယူဆောင်ရွက်လျက်ရှိပါကြောင်း၊

တိုင်ကြားစာများအား သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးများနှင့် တပ်ရင်း/ တပ်ဖွဲ့ များမှ စိစစ်တင်ပြလာမှုအရ ပေါ်ပေါက်ချက်များအပေါ်မူတည်၍ တိုင်ကြားချက်မှန်ကန်ပါက တိုင်ကြားခံရသည့် တပ်ဖွဲ့ဝင်များအား ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ အရေးယူခြင်း၊ စိစစ် ပေါ်ပေါက်မှုမရှိပါက တိုင်စာစစ်ဆေးသူ၊ သက်ဆိုင်ရာတာဝန်ရှိသူအရာရှိများမှ တိုင်ကြားသူများအား နားလည်သဘော ပေါက်အောင် ခေါ်ယူတွေ့ဆုံရှင်းလင်းခြင်းများကို ဆောင်ရွက်စေလျက် ရှိပါကြောင်း၊

မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်နှင့် ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီတို့၏ ပြည်ထဲရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လာသည့် တိုင်ကြားစာများကိုလည်း ဆောလျင်စွာ စိစစ်ပြီး စစ်ဆေးပေါ်ပေါက်ချက်အပေါ်မူတည်၍ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ သို့ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအထိ အထက်ဌာနဘေးနံဝန်ကြီးဌာန အဖွဲ့အစည်း များနှင့် ပြည်ထဲရေးဝန်ကြီးဌာတို့ တင်ပြတိုင်ကြားသည့် မြန်မာနိုင်ငံရဲ့တပ်ဖွဲ့နှင့် သက်ဆိုင်သည့် တိုင်းကြားစာများနှင့် ဆောင်ရွက်မှုအခြေအနေများမှာ အထက်ဌာနနှင့် ဘေးနံအဖွဲ့အစည်းများက ပေးပို့သည့်အမှုပေါင်း ၂၈၈၅ မှု၊  ရဲချုပ်ကို ပေးပို့သည့်တိုင်ကြားမှုပေါင်း ၇၈၀၀ ရှိပါကြောင်း၊

မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ၇-၈-၂၀၁၃ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး ၁၇-၉-၂၀၁၃ ရက်နေ့တွင် စတင်အာဏာတည်ခဲ့ပါကြောင်း၊ ဥပဒေပြဋ္ဌာန်းပြီးနောက် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ၂၅-၂-၂၀၁၄ ရက်နေ့တွင်စတင်ဖွဲ့စည်းပြီး ၂၃-၁၂-၂၀၁၇ ရက်နေ့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အသစ်ကို ပြန်လည်ဖွဲ့စည်းခဲ့ပါကြောင်း၊

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအနေဖြင့် စစ်ဆေးအရေးယူရာတွင် အဂတိလိုက်စားမှု တိုက် ဖျက်ရေးဥပဒေပုဒ်မ ၃၀ ပုဒ်မခွဲ(ခ)တွင် စုံစမ်း စစ်ဆေးချက်အရ စွပ်စွဲသူအပေါ် ဝန်ထမ်း စည်းမျဉ်း အရသာ အရေးယူသင့်သည်ဟုယူဆပါက ယင်းဝန်ထမ်းအကြီးအကဲထံ အကြောင်းကြားရမည်ဟု ပြဋ္ဌာန်းထားရှိသဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနမှ နိုင်ငံ့ဝန်ထမ်းဥပဒေဖြင့် ဆက်လက် အရေးယူ ဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာနအလိုက်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ Corruption Prevention Unot(CPU) များကို ဖွဲ့စည်းအကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း၊  ပြည်ထဲရေးဝန်ကြီးဌာနတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ်၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊  မီးသတ်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် အဖွဲ့ဝင် ငါးဦးစီပါဝင်သော အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့သုံးဖွဲ့ကို ဖွဲ့စည်းဆောင်ရွက် လျက်ရှိပါကြောင်း၊

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ပြည်ထဲရေးဝန်ကြီးဌာနသို့ တိုင်ကြား စာများပေးပို့ လာပါက ပြည်ထဲရေးဝန်ကြီးဌာနမှဖွဲ့စည်းထားသည့် အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေး အဖွဲ့ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူလူထုနှင့်ထိတွေ့မှုများသည့် ရဲအရာရှိများ ဖြစ်သည့် နယ်ထိန်း၊ အမှုစစ်၊ စခန်းမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးတို့ကိုလည်း သက်ဆိုင်သည့် သင်တန်းများတွင် အသိပညာပေးဟောပြောမှုများ ဆောင်ရွက်လျက် ရှိပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ လွှဲပြောင်းပေးအပ်သည့်တိုင်ကြားစာများကိုလည်း စစ်ဆေးဆောင်ရွက်လျက်ရှိပြီး စစ်ဆေးပေါ်ပေါက်ပါက ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ အရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့မှ Toolkit Account များအား ဖွင့်လှစ်ပေးခဲ့ပြီး အဆိုပါ Account များမှ Data Entry Operator ဆင့်ပွား Account  များထပ်မံခွဲဖွင့်၍  ပြည်ထဲရေး ဝန်ကြီးဌာနမှ ပြည်သူနှင့်တိုက်ရိုက်ထိတွေ့ကာ ဝန်ကြီးဌာနမှ ဝန်ဆောင်မှုရယူသည့် လုပ်ငန်းများ အပေါ် အကောင်အထည်ဖော်ဆောင်ရွက်ချက်များနှင့် ပတ်သက်တဲ့အကြုံပြုချက်များအား ရယူ တုန့်ပြန်ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် DEO အရာရှိများအား သင်တန်းများဖွင့်လှစ်ပို့ချပေး၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့အကောင်အထည်ဖော် ဆောင်ရွက်ရာ တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ထောက်ခံစာတောင်းခြင်း၊ အမှုတိုင် တန်းခြင်း၊ လူပျောက်တိုင်တန်းခြင်းနှင့် နိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်းလုပ်ငန်းတို့တွင် ၂၇-၉-၂၀၁၉ ရက်နေ့ မှစတင်၍ ပြည်ထောင်စုနယ်မြေ(နေပြည်တော်)တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာမှ ၁-၂-၂၀၂၀ ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ရဲတပ်ဖွဲ့ ၁၅ ခုရှိ မြို့မရဲစခန်း ၃၁၃ ခုနှင့် သတင်းရဲတပ်ဖွဲ့မှ နိုင်ငံကူး လက်မှတ်ထုတ်ပေးရေးဌာနခွဲ ၂၀ ခုတို့တွင်လည်းကောင်း၊ အကျဉ်းဦးစီးဌာနအနေဖြင့် ၁၇-၁၁-၂၀၁၉ ရက်နေ့မှစတင်၍ ထောင်ဝင်စာလာရောက်တွေ့ဆုံခြင်းအပေါ် အဆင်ပြေမှုရှိ/မရှိနှင့်စပ်လျဉ်း၍ အင်းစိန်ဗဟို အကျဉ်းထောင်၊ မန္တလေးဗဟိုအကျဉ်းထောင်၊ မြင်းခြံဗဟိုအကျဉ်းထောင်တို့တွင် Data Entry Operator ဆင့်ပွား Account တစ်ခုစီဖွင့်လှစ်ခြင်းနှင့် တစ်နိုင်ငံလုံးရှိ ဗဟိုအကျဉ်းထောင်များ၊ ကျန်အကျဉ်းထောင်များနှင့် စိုက်ပျိုးမွေးမြူရေး၊ အသက်မွေးမှုအတတ်သင်စခန်းတို့တွင် အကြံပြု စာတိုက်ပုံးများထားရှိ၍လည်းကောင်း၊ မီးသတ်ဦးစီးဌာနအနေဖြင့် ၂၂-၉-၂၀၁၉ ရက်နေ့မှစတင်၍ မီးလောင်မှုမီးဘေးအန္တရာယ်တိုင်ကြားခြင်း၊ သဘာဝဘေးအန္တရာယ်ကျရောက်မှုအပေါ် အကူအညီ တောင်းခံခြင်း၊ မီးဘေးလုံခြုံရေးနှင့်သက်ဆိုင်တဲ့ ထောက်ခံချက်များရယူခြင်းတို့အပေါ် အဆင်ပြေမှု ရှိ/မရှိနှင့်စပ်လျဉ်း၍ ပြည်ထောင်စုနယ်မြေ(နေပြည်တော်)နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် Data Entry Operator ဆင့်ပွား Account ၂၄ ခုဖြင့်ဖွင့်လှစ်၍လည်းကောင်း၊ ပြည်သူနှင့်တိုက်ရိုက် ထိတွေ့ ဝန်ဆောင်မှုပေးခြင်းအပေါ် အကြံပြုချက်များရယူ၍ တုံ့ပြန်ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ အကျဉ်းဦးစီးဌာနနှင့် မိမိတို့ဦးစီးဌာနတို့အတွက် အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေး အဖွဲ့မှ (CPU)Toolkit Account များ ထပ်မံတောင်းခံ၍ ကျန်ရှိတဲ့တိုင်းဒေသကြီး/ ပြည်နယ်များ အတွက် Data Entry Operator ဆင့်ပွား Account များဖွင့်လှစ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သို့ပါ၍ ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပတ်သက်သည့် တိုင်ကြားချက်များလက်ခံသည့် တယ်လီဖုန်းများမှ သတင်းရယူ၍လည်းကောင်း၊ Myanmar Police Force Website တွင်ဖော်ပြ၍ တိုင်ကြားချက်များကိုလည်းကောင်း၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့မှ Toolkit Account များဖွင့်လှစ်၍ တစ်နိုင်ငံလုံးကို DEO Account ၃၃၃ ခုအား ထပ်မံခွဲထုတ်ပြီး သတင်းအချက်အလက်များရယူကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပြည်သူများအပေါ် ဝန်ဆောင်မှုပေးခြင်း၊ ပြည်သူများနှင့်တိုက်ရိုက် ဆက်သွယ် ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။