(ဆ)-မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့မြေပုံအား မည်သည့်အချိန်တွင် အတည်ပြုထုတ်ပေးနိုင်မည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း | Pyithu Hluttaw Skip to main content


နမ္မတီးမြို့မြေပုံ အတည်ပြုထုတ်ပေးနိုင်ရေးနှင့် ပတ်သက်သည့်မေးခွန်းကို မေးမြန်းသွားမည်ဖြစ်ပါ ကြောင်း၊ အိမ်ခြေ ၂၈၀၀ ကျော်၊ လူဦးရေ ၁၇၀၀၀ ခန့်ရှိသည့် နမ္မတီးကျေးရွာကို ရပ်ကွက်လေးခု ပါသည့်မြို့အဖြစ် ၂၀၁၅ ခုနှစ်တွင် ပြင်ဆင်ဖွဲ့စည်းသတ်မှတ်ပေးခဲ့ပါကြောင်း၊ မြို့အဖြစ် သတ်မှတ် ပေးခဲ့သော်လည်း မြို့ဧရိယာထဲတွင် ရှိသည့်မြေအများစုသည် စိုက်ပျိုးမြေ၊ လယ်မြေများ ဖြစ်နေ သည့်အတွက် ဖွံ့ဖြိုးရေးစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်သည့်အခါ၌ အခက်အခဲရှိခဲ့ ပါကြောင်း၊ ထို့အတွက်ကြောင့် ၂၀၁၇ ခုနှစ်မှစပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပြည်နယ်အစိုးရ အဖွဲ့ကို အဆင့်ဆင့်တင်ပြပြီး မြို့မြေအဖြစ် တိုင်းတာသတ်မှတ်ပေးရန် အဆင့်ဆင့် ကြိုးပမ်းဆောင် ရွက်ခဲ့ကြပါကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့၏ မြို့မြေတိုင်းတာနိုင်ရေးအတွက် ခွင့်ပြု ရန်ပုံငွေ ရရှိခဲ့ပါကြောင်း၊ ၂၆-၁၂-၂၀၁၈ ရက်နေ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အမိန့်ကြော်ငြာစာနှင့် Boundary Officer ၊ Demarcation Officer များ ခန့်အပ်တာဝန် ပေးပြီး မြို့မြေတိုင်းတာရေးကို ဆက်လက်ဆောင်ရွက်စေခဲ့ပါကြောင်း၊ ၂၆-၁-၂၀၁၉ ရက်နေ့တွင် မြို့ဖွံ့ဖြိုးရေးကော်မတီ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ လူမှုရေးအသင်းအဖွဲ့များကို ဖိတ်ကြားပြီး နမ္မတီးမြို့ မြေတိုင်းတာရေးစီမံချက်ကို ရှင်းလင်းပွဲလုပ်ခဲ့ပါကြောင်း၊ စီမံချက်ရှင်းလင်း ပွဲအရ တိုင်းတာရေးအဖွဲ့နှစ်ဖွဲ့နှင့် နှစ်လအတွင်း အပြီးတိုင်းတာရန် လျာထားသတ်မှတ်ခဲ့ပါကြောင်း၊ သို့သော် ဌာနဆိုင်ရာပုံစံ(၇) စီမံချက်များ၊ အရေးပေါ်လုပ်ငန်း တာဝန်များကြောင့် တိုင်းတာရေးအဖွဲ့ (၄)ဦး၊ (၅)ဦးသာ လက်တွေ့ကွင်းဆင်းနိုင်ခဲ့ကြောင်း၊ တိုင်းတာရေးစက်ကိရိယာများ မကောင်းသည့် အတွက် လုပ်ငန်းများကို မကြာခဏရပ်ခဲ့ရပါကြောင်း၊ ထို့အတွက်ကြောင့် မြို့မြေတိုင်းတာရေး လုပ်ငန်းသည် ၁၀-၂-၂၀၁၉ ရက်နေ့မှစခဲ့ပြီး ၂၃-၈-၂၀၁၉ ရက်နေ့အထိ (၇)လနီးပါးခန့်ကြာအောင် တိုင်းတာခဲ့ရခြင်းဖြစ်ပါကြောင်း၊ တိုင်းတာရေး စက်ကိရိယာအခက်အခဲနှင့် မြို့မြေတိုင်းတာရေး ရန်ပုံငွေထုတ်ယူရရှိရေးအခက်အခဲကို တင်ပြရာတွင် အမြန်ဆုံးကူညီဆောင်ရွက်ပေးသည့် ပြည်ထောင်စု ဒုတိယဝန်ကြီးကို ကျေးဇူးတင်ကြောင်းကို ပြောကြားလိုပါကြောင်း၊ ခက်ခဲရှုပ်ထွေး လှသည့် တစ်အိမ်ချင်း ကွင်းဆင်းတိုင်းတာသည့် လုပ်ငန်းကို ရှိသည့်လူအင်အားလေးနှင့် မဖြစ်မနေ ကြိုးစားဆောင်ရွက်ပေးကြသည့် မြို့မြေတိုင်းတာရေးအဖွဲ့‌ဝင်များကို အထူးပင် ကျေးဇူးတင်ကြောင်း ကို ပြောကြားလိုပါကြောင်း၊ နမ္မတီးမြို့သည် ကျေးရွာမှမြို့အဖြစ် သတ်မှတ်ခံခဲ့ရပြီးသည့်နောက် မြို့ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် စီမံကိန်းများ ရေးဆွဲသည့်နေရာတွင် မြေပိုင်ဆိုင်မှုအထောက်အထား သည် အလွန်အရေးကြီးပါကြောင်း၊ မြို့မြေမတိုင်းတာခင်က မြို့မြေတိုင်းမည်ဖြစ်သည့်အတွက် ဂရန်ပါထုတ်ပေးနိုင်မည်ဖြစ်ပြီး စီမံကိန်းများ ဆောင်ရွက်သည့်အခါမှ ပိုပြီးလွယ်ကူလာမည်ဟု ဆွေးနွေးခဲ့ကြပါကြောင်း၊ မြို့မြေတိုင်းပြီးသော်လည်း မြို့မြေပုံအတည်ပြုထွက်နိုင်မှသာ ဂရန် ထုတ်ပေးနိုင်မည်ဟုဆိုပြီး ထပ်စောင့်ခဲ့ရပါကြောင်း၊ ထို့ကြောင့် ၂၀၁၇ ခုနှစ်ကတည်းက အားထုတ် ကြိုးပမ်းခဲ့ရသည့် မြို့မြေတိုင်းတာရေး၊ မြို့မြေပုံ ထွက်ရှိရန် လေးနှစ်ကြာလာပြီ ဖြစ်သည့်အတွက် ဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်ရာတွင်  အခက်အခဲများ ကြုံတွေ့နေရပါကြောင်း၊ မြို့သူ၊ မြို့သားများ၏ပိုင်ဆိုင်မှုအနက် စီးပွားရေးအခွင့်အလမ်းများအတွက် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း(Town Plan)များ ရေးဆွဲရန်အတွက် မရှိမဖြစ်လိုအပ်နေသည့် နမ္မတီးမြို့မြေပုံကို မည်သည့်အချိန်ကာလ တွင် အတည်ပြုသတ်မှတ် ထုတ်ပြန်ပေးနိုင်မည်ကိုသိရှိလိုကြောင်း မေးမြန်းပါသည်။


 


မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့ မြို့မြေပုံအတည်ပြုရေးနှင့်စပ်လျဉ်းသည့်မေးခွန်းနှင့် ပတ်သတ်၍ ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့ မြေတိုင်းတာခြင်းလုပ်ငန်းကို ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေနှင့် တိုင်းတာဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်ထားရှိပါကြောင်း၊ ၁၈၈၀ ပြည့်နှစ်၊ မြန်မာ နိုင်ငံတော် မြေနယ်သတ်အက်ဥပဒေ(The Burma Boundary Act 1880)၏ ပုဒ်မ ၂ အရ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ၂၆.၁၂.၂၀၁၈ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၄၁၆/၂၀၁၈)နှင့် မိုးကောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးကို နယ်နိမိတ်သတ်မှတ်ရေးအရာရှိ (Boundary Officer)အဖြစ် သတ်မှတ်တာဝန်ပေးခဲ့ပါကြောင်း။ ထို့အတူ မိုးကောင်းမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးကို နယ်နိမိတ်ကြပ်မတ်ရေးအရာရှိ (Demarcation Officer)အဖြစ် သတ်မှတ်တာဝန်ပေးအပ်ခဲ့ပါ ကြောင်း၊ ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့၊ မြို့မြေတိုင်းတာခြင်းလုပ်ငန်းအနေဖြင့် ရပ်ကွက်လေးခုမှ မြို့မြေ ၃၃ ကွက်၊ ဧရိယာ ၇၅၀ ဧကအတွက် ကွက်ကြဲတိုင်းတာခြင်းလုပ်ငန်းကို ၁.၂.၂၀၁၉ ရက်နေ့မှစပြီး မတ်လ ၃၁ ရက်နေ့အထိ ပြီးစီးအောင် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ကွက်စိတ်တိုင်းတာခြင်းကို ၄.၃.၂၀၁၉ ရက်နေ့မှ ဩဂုတ်လ ၂၃ ရက်နေ့အတွင်း တိုင်းတာ ဆောင်ရွက်ပြီးစီးခဲ့ပြီး ဖြစ်ပါကြောင်း၊ တိုင်းတာပြီးသည့်ကွင်း/အကွက်များကို တိုင်းတာရရှိသည့် အချက်အလက် (Data)များအရ ကွင်းမြေပုံများရေးဆွဲခြင်းလုပ်ငန်းကို ၁.၉.၂၀၁၉ ရက်နေ့မှ ၁.၁၀.၂၀၁၉  ရက်နေ့အတွင်း ပြီးစီးအောင် ဆောင်ရွက်ခဲ့ပါကြောင်း၊
တိုင်းတာရေးဆွဲရရှိသည့်မြေပုံများကို မြေကြီး၊ မြေပုံမှန်ကန်မှုရှိ/မရှိ စိစစ်နိုင်ရေးအတွက် တာဝန်ခံ မြေတိုင်းစာရေးများက မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းနှင့် ဌာန၏စာရင်းမှတ်တမ်းများနှင့် တိုက်ဆိုင် စစ်ဆေးခြင်း၊ တွေ့ရှိလာသည့်ကွဲလွဲမှု၊ မှားယွင်းမှုအားနည်းချက်များကို ပြန်လည်ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးသည့်နောက် တိုက်နယ်တာဝန်ခံနှင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာနများက စစ်ဆေးအတည်ပြုပြီးဖြစ်သည့်အတွက် လက်ရှိမြေပြင်အခြေအနေ ကို တိုင်းတာပြီးစီးခဲ့ပြီးဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေတွင် တိုင်းတာရရှိပြီး ဖြစ်သည့်မြေပုံနှင့် ပတ်သက်ပြီး လမ်းနယ်နိမိတ်များ၊ မီးရထားလမ်းနယ်နိမိတ်များကို နယ်နိမိတ်သတ်မှတ်ရေး အရာရှိ (Boundary Officer)ဖြစ်သည့် မိုးကောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့်အတူ သက်ဆိုင်ရာဌာနများ၏ တည်ဆဲဥပဒေများနှင့်အညီ အတည်ပြုသတ်မှတ် နိုင်ရေးဆက်လက် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အတည်ပြုသတ်မှတ်ပြီးပါက မြေကွက် ဦးပိုင်တစ်ခုချင်းအလိုက် မြို့မြေပိုင်ဆိုင်ခွင့်များ စုံစမ်းစစ်ဆေးမှု (Tenure Enquiry) ပြုလုပ်ခြင်းများ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ပြီး နယ်နိမိတ်သတ်မှတ်ရေး အရာရှိ (Boundary Officer) ဖြစ်သည့် မိုးကောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ် ရေးမှူးထံ မြို့မြေများစာရင်းမှတ်တမ်း(Town and Roll)ဆောလျင်စွာ ပြုစုရေးဆွဲတင်ပြနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နယ်နိမိတ်သတ်မှတ်ရေးအရာရှိ (Boundary Officer) ဖြစ်သည့် မိုးကောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၏ အတည်ပြုချက်ရရှိပြီးမှ မြေငှားဂရန်များလျှောက်ထားနိုင်ရေးအတွက် သက်သေခံမြေပုံ (မြေစာရင်း ပုံစံ-၁၀၅)နှင့် ဦးပိုင်တစ်ခု၏ မြေရာဇဝင်(မြေစာရင်းပုံစံ-၁၀၆)တို့ကို ဆက်လက်ဆောင်ရွက်ပေး သွားနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဉီးဝင်းနိုင်(မိုးကောင်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
၂၀၁၆-၂၀၁၇ ခုနှစ်ကတည်းက အစည်းအဝေးများ အခါခါခေါ်ယူညှိနှိုင်းပြီး မြို့မြေပုံထွက်ရှိရေးကို ဆောင်ရွက်လာခြင်းဖြစ်ပါကြောင်း၊ ဤမြို့မြေပုံမှာ မည်မျှအရေးကြီးသည်ကို တင်ပြခဲ့ပြီး ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် တစ်ဆက်တစ်စပ်တည်း သိလိုသည်မှာ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပြီး မည်သည့်အချိန်တွင် အတည်ပြုထွက်နိုင်မည်ကို ဖြစ်နိုင်ပါက တိတိကျကျ ဖြေကြားပေးစေလိုပါ ကြောင်း  မေးမြန်းပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
လွှတ်တော်ကိုယ်စားလှယ်ကြီးမေးမြန်းသည့် ဆက်စပ်မေးခွန်းနှင့် ပတ်သက်ပြီး ပြည်နယ်အစိုးရ အဖွဲ့နှင့်ဆက်စပ်သိရှိရသည့်အပေါ်မှာအခြေခံပြီး ပြန်လည်ဖြေကြားပေးပါမည် ဖြစ်ပါကြောင်း၊ လက်ရှိမြေပြင်တွင် နယ်နိမိတ်အငြင်းပွားမှုများ၊ ပိုင်ဆိုင်မှုအငြင်းပွားမှုများ စသည့် ပိုင်ဆိုင်ခွင့် ဆိုင်ရာအငြင်းပွားမှုကိစ္စများမရှိပါက အနည်းဆုံး ခြောက်လအတွင်း Boundary Officer က အတည်ပြုပြီး မိမိတို့လိုအပ်သည့်မြေငှားဂရမ် လျှောက်ထားနိုင်ရန် မြေစာရင်းပုံစံ(၁၀၅)နှင့် ဦးပိုင်တစ်ခု၏ရာဇဝင်မြေစာရင်း ပုံစံ(၁၀၆)တို့ကို ထုတ်ပေးသွားနိုင်မည့်အခြေအနေရှိပါကြောင်း ဖြေကြားပါသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်