Skip to main content


အထူးစီးပွားရေးဇုန်(၃)ခုဖြစ်သော ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်နှင့် ကျောက်တန်း မြို့နယ်ရှိ  သီလဝါအထူးစီးပွားရေးဇုန်၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်ရှိထားဝယ် အထူးစီးပွားရေး ဇုန်နှင့် ရခိုင်ပြည်နယ်က ကျောက်ဖြူအထူးစီးပွားရေးဇုန်တို့မှ ဆောင်ရွက်နေမှု အခြေအနေတို့ကို သိလိုခြင်းဖြစ်ပါကြောင်း၊
မေးမြန်းရသည့် ရည်ရွယ်ချက်က နိုင်ငံ၏အဓိကစီးပွားရေးဇုန်(၃)ခု ၏အခြေအနေအပေါ်မူတည်ပြီး အလုပ်အကိုင်အခွင့်အလမ်းဖြစ်ပေါ်လာနိုင်မည့် အခြေအနေ၊ နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများတွင် သွင်းကုန်လျှော့ချနိုင်မည့် ရင်းနှီးမြှုပ်နှံများလာပါက နိုင်ငံအတွက် ပို့ကုန်ပိုလာသည့်အတွက် ကုန်သွယ်မှုလိုငွေဖြစ်ပေါ်မှု လျှော့ချလာနိုင်မည့်အခြေအနေ၊ ရင်းနှီးမြှုပ်နှံမှုများ တိုးလာသည်နှင့်အမျှ လိုအပ်သောလျှပ်စစ်ဓာတ်အားများ ကြိုတင်တွက်ချက်နိုင်ရန်နှင့် ၎င်းစီးပွားရေးဇုန်(၃)ခု အခြေအနေ တိုးတက်မှုအပေါ်မူတည်ပြီး နိုင်ငံအတွင်းမှာ ငြိမ်သက်နေသော Stop Share ဈေးကွက်များ တိုးတက်လာစေရန်နှင့် အဆိုပါဈေးကွက်တိုးတက်လာသည်နှင့်အမျှ ကျပ်ငွေတန်ဖိုး တည်ငြိမ်ပြီး ငွေဖောင်းပွမှုများ ထိန်းလာနိုင်ရန်အတွက် မြေယာသိမ်းဆည်းမှုအတွက် လျော်ကြေးပေးရန်ရှိပါက ဘတ်ဂျက်ရေးဆွဲရာတွင် ကြိုတင်တွက်ချက်လျာထားနိုင်ရန်အတွက် ရည်ရွယ်မေးမြန်းခြင်း ဖြစ်ပါကြောင်း၊
သီလဝါအထူးစီးပွားရေးဇုန်ကို ၂၁-၄-၂၀၁၂ မှ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးအစီအစဉ်ကို အခြေခံပြီး ၂၁-၁၂-၂၀၁၂ ရက်နေ့ ရန်ကုန်မြို့တွင် မြန်မာ-ဂျပန်ပူးပေါင်း ဆောင်ရွက်ရေးလက်မှတ်ရေးထိုးခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၁၀၉/၂၀၁၃)နှင့် ကျောက်တန်းမြို့နယ်မှ မြေဧရိယာ ၃၄၉၇.၅၃ ဧကနှင့် သန်လျင်မြို့နယ်မှ မြေဧရိယာ ၁၅၂၉.၄၉ ဧက စုစုပေါင်း ၅၀၂၇.၀၂ ဧကကို တစ်နှစ်မြေငှားရမ်းခ ကျပ်သန်း ၆၀.၃၂၄ နှင့် မြေငှားဂရန်ထုတ်ပေးခဲ့ကြောင်း သိရပါကြောင်း၊ ရင်းနှီးမတည်မှုအနေဖြင့် စီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီက ၁၀ ရာခိုင်နှုန်း၊ မြန်မာ-ဂျပန်ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်လိမိတက်က ၄၁ ရာခိုင်နှုန်း၊ JICA က ၁၀ ရာခိုင်နှုန်း၊ ဂျပန်ကုမ္ပဏီသုံးခုနှင့်ဖွဲ့ထားသော ကုမ္ပဏီက ၃၉ ရာခိုင်နှုန်း ပါဝင်ရင်းနှီး မြှုပ်နှံထားပြီး ၃၀-၉-၂၀၁၇ ထိ မြန်မာနိုင်ငံသားအပါအဝင် နိုင်ငံ ၁၇ နိုင်ငံ၏ကုမ္ပဏီ ၈၆ ခုက US ဒေါ်လာ ၁.၁၇၁ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံထားကြောင်းသိရပါကြောင်း၊ ထားဝယ်အထူးစီးပွားရေး ဇုန်ကို ၂၁-၁၁-၂၀၁၃ ရက်နေ့ ထားဝယ်မှဘန်ကောက်ထိဆက်သွယ်နိုင်ရန် ထိုင်းအီတာလျံ ကုမ္ပဏီနှင့် MOU ရေးထိုးခဲ့သော်လည်း လုပ်ငန်းမဆောင်ရွက်နိုင်ဘဲ လုပ်ငန်းရပ်စဲရန်သဘောတူ စာချုပ်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါကြောင်း၊ ၅-၈-၂၀၁၅ ရက်နေ့တွင်ထိုင်းအစိုးရနှင့် စင်ကာပူတွင် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် ထားဝယ်အထူးစီးပွားရေးဇုန်ကို ဘန်ကောက်နှင့် ချိတ်ဆက်မည့် လမ်းဆောင်ရွက်ရန် MOU ရေးထိုးခဲ့ကြောင်း သိရပါကြောင်း၊ ပထမအနေဖြင့် NEDA ၏ ချေးငွေနှင့် စက်မှုဝန်ကြီးဌာနပိုင် မြေ ၆၀၃၃.၄၉ ဧကနှင့် မရွေ့ပြောင်းနိုင်သော ပုံသေပိုင်ပစ္စည်းများကို စီးပွားရေးဇုန်စီမံခန့်ခွဲရေးကော်မတီက လက်ခံပြီး‌ JICA က Master Plan Survey ပြုလုပ်ပြီး မြေငှားစာချုပ်ချုပ်ဆိုနိုင်ရန် ဆောင်ရွက်နေကြောင်း သိရပါကြောင်း၊
ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို ကျောက်ဖြူ၊ ရမ်းဗြဲနှင့် မာန်အောင်မြို့နယ်တွင် စက်မှုဧရိယာ ၂၄၄၆.၀၇၊ လူနေအိမ်ရာဧရိယာ ၁၂၃၅.၃၇ ဧက၊ ရေနက်ဆိပ်ကမ်းအမှတ်(၁)ဧရိယာ ၃၇၀.၆၆ပ ဧက နှင့် အမှတ်(၂)ဧရိယာ ၂၃၇.၂၂ ဧက စုစုပေါင်း ၄၂၈၉.၃၂ ဧက ဆောင်ရွက်နိုင်ရန် စီမံကိန်းများ ရှိကြောင်း သိရပါကြောင်း၊ (၁/၂၀၁၂)လမှ (၇/၂၀၁၃)လအထိ ကွင်းဆင်းလေ့လာပြီး တင်ဒါ ခေါ်ယူသည့်အခါ နိုင်ငံ ၁၆ နိုင်ငံမှ ကုမ္ပဏီ ၁၇ ခုက အဆိုပြုလွှာ ၃၁ ခုအပေါ်စိစစ်ပြီး စင်ကာပူ CPG ကုမ္ပဏီကို အကြံပေးအဖြစ် ရွေးချယ်ခဲ့ပြီး CITIC ကုမ္ပဏီကို စက်မှုနှင့် ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ရွေးချယ်ခဲ့ကြောင်းသိရပါကြောင်း၊ အထူးစက်မှုဇုန်သုံးခု၏ အခြေအနေများ နှင့်ပတ်သက်ပြီး မေးမြန်းလိုသည်မှာ လက်ရှိအခြေအနေအထိ ဆောင်ရွက်ပြီး အခြေအနေများ နှင့်ပတ်သက်၍ အထူးစက်မှုဇုန်တစ်ခုချင်းအတွက် အသုံးပြုရန်လျာထားသည့်ခွင့်ပြုမြေဧကများတွင် ဧကမည်မျှထိ အသုံးပြုဆောင်ရွက်ပြီးအခြေအနေ၊ အသုံးပြုခွင့်ပေးထားသော မြေယာများ နှင့်ပတ်သက်၍ လျော်ကြေးပေးရန်ကိစ္စများ၊ စာရင်းရှင်းလင်းရန်ကိစ္စများ စာရင်းရှင်းလင်းပြီးမှု ရှိ/မရှိနှင့် ရှင်းလင်းဆောင်ရွက်ရန် ကျန်ရှိမှုအခြေအနေ၊ လက်ရှိအခြေအနေထိ စက်မှုဇုန် တစ်ခုချင်းတွင် လာရောက်ရင်းနှီးမြှုပ်နှံသောနိုင်ငံနှင့် ကုမ္ပဏီအရေအတွက်၊ ရင်းနှီးမြှုပ်နှံပြီး တန်ဖိုး၊ ရင်းနှီးမြှုပ်နှံရန် အဆိုပြုတင်ပြထားဆဲနိုင်ငံ၊ ကုမ္ပဏီအရေအတွက်နှင့် ရင်းနှီးမြှုပ်နှံရန် အဆိုပြု တန်ဖိုး၊ ရင်းနှီးမြှုပ်နှံမှုမှနှုတ်ထွက်သွားသည့် ကုမ္ပဏီအရေအတွက်နှင့် ရင်းနှီးမြှုပ်နှံတန်ဖိုးများ အခြေအနေကို သိလိုကြောင်း မေးမြန်းပါသည်။


စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး

လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းသွားသည့်အတိုင်း နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးမှုကို အထောက် အကူပြုစေရေး၊ နိုင်ငံသားများ၏ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုများ တိုးတက်လာစေရေးနှင့် နိုင်ငံ၏ ပို့ကုန်ဦးဆောင်ပြီး စီးပွားရေးတိုးတက်စေရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန်သုံးရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းအနက် သီလဝါအထူးစီးပွားရေးဇုန်ကို ပြည်ထောင်စုအစိုးရအဖွဲ့က ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ လ ၂၃ ရက်နေ့ တွင် စုစုပေါင်းဧရိယာ ၅၇၈၇.၇၁၈ ဧကဖြင့် သတ်မှတ်အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ပါကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်(A) ကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ၄၀၅ ဟက်တာ(ဧက ၁၀၀၀)ခန့်ကို စတင်အကောင်အထည်ဖော်ခဲ့ပါကြောင်း၊ ထို့နောက် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ  ၂၄ ရက်နေ့တွင် သီလဝါအထူးစီးပွားရေးဇုန်(B) ပထမအဆင့် ၁၀၁ ဟက်တာ ၂၅၀ ဧကခန့်ကို လည်းကောင်း၊ ဒုတိယအဆင့် ၇၇ ဟက်တာ(၁၉၀ ဧက) ခန့်ကိုလည်းကောင်း၊ တတိယအဆင့် ၄၆ ဟက်တာ(၁၁၄ ဧက) ခန့်ကိုလည်းကောင်း အကောင်အထည်ဖော်ခဲ့ပြီး ယခုအခါ စတုတ္ထအဆင့် ၃၈ ဟက်တာ(၉၄ ဧက)ခန့်ကို အကောင်အထည်ဖော်လျက်ရှိရာ စုစုပေါင်းဧရိယာ၏ ၂၈ ရာခိုင်နှုန်း ခန့်ကို အကောင်အထည်ဖော်ပြီး ဖြစ်ပါကြောင်း၊
သီလဝါအထူးစီးပွားရေးဇုန်၏ သတ်မှတ်ဧရိယာအနက် ၅၀၂၇.၀၂ ဧကသည် စက်မှုမြေငှားဂရန် ရရှိပြီးဖြစ်ပါကြောင်း၊ လျော်ကြေးပေးရန် ကျန်ရှိနေသေးသော ၇၆၀ ဧကအနက် ၅၅၄ ဧကသည် မြေယာလျော်ကြေးပေးပြီးဖြစ်ပါကြောင်း၊ ကျန်ရှိသည့်ဧရိယာများမှ မြေယာလျော်ကြေး၊ သီးနှံ လျော်ကြေးနှင့် လူမှုရေးအရအထောက်ပံ့များကို အဆင့်ဆင့်၊ အဆင့်လိုက် စီစဉ်ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်အတွင်း ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ နိုင်ငံ ပေါင်း ၁၉ နိုင်ငံမှ ကုမ္ပဏီပေါင်း ၁၁၅ ခုအား ခွင့်ပြုမိန့်ထုတ်ပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁.၉၂ ဘီလီယံကျော်ရှိပါကြောင်း၊ ယင်းအနက် ကုမ္ပဏီသုံးခုနှုတ်ထွက်သွားခဲ့ပြီး  လက်ရှိတွင် ကုမ္ပဏီပေါင်း ၁၁၂ ခုမှ အမေရိကန်ဒေါ်လာ ၁.၉ ဘီလီယံကျော် မြှုပ်နှံလျက်ရှိပါကြောင်း၊
ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို မြန်မာစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့က ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ လ ၂၉ ရက်ပါ အမိန့်ကြော်ငြာစာဖြင့် ဧရိယာ ၄၂၈၉.၃၂ ဧကကို သတ်မှတ်ထုတ်ပြန်ခဲ့ပါကြောင်း၊ ယင်းအနက် ရေနက်ဆိပ်ကမ်းအတွက် ၆၀၇.၈၈ ဧက၊ စက်မှုဇုန်စီမံကိန်းအတွက် ၂၄၄၆.၀၇ ဧကနှင့် အဆင့်မြင့်အိမ်ရာစီမံကိန်းအတွက် ၁၂၃၅.၃၇ ဧကတို့ပါဝင်ပါကြောင်း၊ အဆိုပါဧရိယာအနက် မြေသိမ်းဆောင်ရွက်ရမည့် ၁၈၃၂.၁၅ ဧကအတွက် မြေသိမ်းအက်ဥပဒေပုဒ်မ ၄ ပုဒ်မခွဲ(၁)အရ ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက် ရက်စွဲပါအမိန့် ကြော်ငြာစာထုတ်ပြန် ကြေညာခဲ့ပြီး မြေသိမ်းကော်လိတ္တော်အရာရှိအဖြစ် အပ်နှင်းထားသော ခရိုင်အုပ်ချုပ်ရေးမှူးက ယင်းကိစ္စအပေါ်တွင် ကန့်ကွက်ရန်ရှိပါက ကန့်ကွက်နိုင်ကြောင်း အမိန့်ကြော်ငြာစာထုတ်ပြန် ထားပြီးဖြစ်ပါကြောင်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းမူဘောင် သဘောတူညီချက် (Framework Agreement)ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် နေပြည်တော်၌ ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီနှင့် CITIC Consortium တို့ အပြန်အလှန် လက်မှတ်ရေးထိုး ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်ရေနက်ဆိပ်ကမ်း စီမံကိန်းဆိုင်ရာ သဘောတူစာချုပ်နှင့် အစုရှယ်ယာများနှင့် သက်ဆိုင်သော သဘောတူစာချုပ်တို့ကိုလည်း လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး စာချွန်လွှာများကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် လဲလှယ်ခဲ့ကြပါကြောင်း၊ ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် စက်မှုဇုန်စီမံကိန်းတို့ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ CITIC Consortium နှင့် မြန်မာဘက်မှ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ၄၂ ခုပါဝင်သော မြန်မာ-ကျောက်ဖြူအထူးစီးပွားရေးဇုန် ဟိုး(လ်)ဒင်းကုမ္ပဏီအုပ်စုများနှင့်သက်ဆိုင်သော ကုမ္ပဏီတို့ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊
ရေနက်ဆိပ်ကမ်းစီမံကိန်းကို CITIC Consortium မှ ရှယ်ယာ ၇၀ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ မြန်မာဘက်မှ ၃၀ ရာခိုင်နှုန်းဖြင့်လည်းကောင်း အဆင့်လိုက်ရင်းနှီးမြှုပ်နှံဆောင်ရွက်သွားမည်ဖြစ်ပြီး ပထမအဆင့်အနေဖြင့် အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံဖြင့် စတင်အကောင်အထည်ဖော်နိုင်ရေး အတွက် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊  စက်မှုဇုန်စီမံကိန်းကိုလည်း CITIC Consortium   ဘက်မှ ရှယ်ယာအချိုး ၅၁ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ မြန်မာဘက်မှ ၄၉ ရာခိုင်နှုန်း ဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံမှုငွေပမာဏ အမေရိကန်ဒေါ်လာ သန်း ၃၀ ဖြင့် အ‌ကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စီမံကိန်းများဆောင်ရွက်နိုင်ရေးအတွက် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း၊ လူမှုရေးထိခိုက်မှုဆန်းစစ်ခြင်းနှင့် ဘူမိနှင့်မြေမျက်နှာသွင်ပြင် စစ်တမ်းကောက်ယူမှုလုပ်ငန်းများကို တင်ဒါခေါ်ယူဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ထားဝယ်အထူးစီးပွားရေးဇုန်ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် ဇုန်နယ်နိမိတ်အား စတုရန်းကီလိုမီတာ ၁၉၆ စတုရန်းကီလိုမီတာအဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊ ယင်းအနက် အစိုးရဌာနဆိုင်ရာပိုင်မြေ စုစုပေါင်းမှာ ၁၆၀၄၆.၄၉ ဧကဖြစ်ပြီး၊ ၎င်းမြေအား ပြည်ထဲရေးဝန်ကြီးဌာနမှ မြေလွှဲအမိန့်ထုတ်ပြန်ပြီး ဖြစ်၍ ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီအမည်ဖြင့် စက်မှုမြေငှားဂရန် လျှောက် ထားပြီးဖြစ်ပါကြောင်း၊
ဇုန်နယ်နိမိတ်အတွင်း ပါဝင်လျက်ရှိသော မြေသိမ်းဆည်းရမည့်ဧကများမှာ ရေဖြူမြို့နယ်တွင် ဧက ၃၁၆၂၀.၉၆၁၂ နှင့် လောင်းလုံမြို့နယ်တွင် ၇၆၅ ဧကစုစုပေါင်း ၃၂၃၈၅.၉၆၁၂ ဧကရှိပါကြောင်း၊ ၎င်းနယ်နိမိတ်အတွင်းရှိ မြေဧက ၅၇၇၆.၇၅ ဧကအတွက် စုစုပေါင်း မြေယာလျော်ကြေး ၂၃၄၆၈.၄၃၁၀ ကျပ်သန်းနှင့် ဇုန်နယ်နိမိတ်ပြင်ပရှိ စီမံကိန်းနှင့် ဆက်စပ်ဧရိယာဖြစ်သော ၂၁၆၉.၆၁ ဧကအတွက် လျော်ကြေးငွေ သန်း ၁၀၄၈.၉၈ ကို ပေးလျော်ထားပြီးဖြစ်ပါကြောင်း၊ ထားဝယ်အထူး စီးပွားရေးဇုန်တွင် ကနဦးစီမံကိန်းနှင့် ပင်မစီမံကိန်းဟူ၍ နှစ်ပိုင်းပါဝင်ပါကြောင်း၊ ကနဦးစီမံကိန်း တွင် စုစုပေါင်းဧရိယာ ၆၉၂၈ ရှိပြီး ၆၆၂၄ ဧကကို  မြေယာလျော်ကြေးပေးချေရန် ကျန်ရှိပြီး ပေးလျော်ရမည့် တန်ဖိုးသည် ၆၈၂၆၃ ကျပ်သန်းဖြစ်ပါကြောင်း၊ အဆိုပါ လျော်ကြေးငွေများကို လုပ်ငန်းလုပ်ဆောင်သူမှ ပေးချေရမည်ဖြစ်ပါကြောင်း၊ လျော်ကြေးငွေပေးချေရာတွင် စနစ်တကျရှိ စေရေး၊ ပြန်လည်နေရာချထားနိုင်ရေးကိစ္စရပ်များအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ရန် အတွက် လျော်ကြေးပေးချေရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီကို တနင်္သာရီတိုင်းဒေသကြီး၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ဥက္ကဋ္ဌအဖြစ်ဦးဆောင်၍ သက်ဆိုင်ရာဌာန ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့မိမြို့ဖများ ပါဝင်သည့် အဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊
ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအကောင်အထည်ဖော်မှုအခြေအနေကိုလည်း အများပြည်သူ များသိရှိနိုင်ရန် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ် မြို့နယ် မြို့တော်ခန်းမတွင် ပြည်သူ့ကြားနာပွဲအား ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဒေသခံများ၊ ဒေသခံအဖွဲ့အစည်းများ၊ သတင်းနှင့်မီဒီယာများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြ ပါကြောင်း၊ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအကောင်အထည်ဖော်နိုင်ရေးအတွက် မြန်မာ-ထိုင်းနိုင်ငံအပြင် ဂျပန်နိုင်ငံပါ ပါဝင်လာရေးကိုလည်း ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ထားဝယ် အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်း၏အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သည့် ထိုင်း -မြန်မာနယ်စပ်ထီးခီးအထိ အဆင့်မြှင့်တင်ဖောက်လုပ်မည့် နှစ်လမ်းသွား ကားလမ်းဖောက်လုပ် ရေးအတွက် ထိုင်းနိုင်ငံမှ ချေးငွေရယူရန်စီစဉ်လျက်ရှိပြီး နည်းပညာပိုင်းဆိုင်ရာလေ့လာခြင်း အစီရင်ခံစာကို ပြုစုလျက်ရှိပါကြောင်း၊ ယင်းအစီရင်ခံစာပြီးစီးပါက ထိုင်းနိုင်ငံ၊ အိမ်နီးချင်းနိုင်ငံများ ဖွံ့ဖြိုးရေးအေဂျင်စီ NEDA နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ချေးငွေသဘောတူညီချက် စာချုပ်လက်မှတ်ရေးထိုး၍ သင့်တော်သောကုမ္ပဏီများကို တင်ဒါစနစ်ဖြင့် ရွေးချယ်တည်ဆောက် သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။