Skip to main content


ရန်ကုန်(တောင်ပိုင်း)ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ညောင်ဝိုင်းကျေးရွာအုပ်စု၊ မြိုင်သာယာရပ်ကွက်၊ မန္တလာကျေးရွာရှိ ကွင်းအမှတ်(၆၂၂)၊ ခရုချောင်း အနောက်ကွင်းဖြစ်ပါကြောင်း၊ အဆိုပါမြေကို ၁၉၉၆-၁၉၉၇ ခုနှစ်က မြို့ပြနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဘန့်ဘွေးကုန်းဆည် တည်ဆောက် သည့်နေရာက မလွတ်ကင်းသည့် ကျေးရွာသူကျေးရွာသားများကို ပြန်လည်နေရာချထားရန် ရည်ရွယ်ပြီးသိမ်းဆည်းခဲ့သည့် မြေဖြစ်ပါကြောင်း၊  လိုအပ်သည်ထက် ပြန်လည်နေရာချထားသည့် ဘန့်ဘွေးကုန်းဆည်ကြောင့် ပြောင်းရွှေ့ရသည့်သူများ နေရာချထားသည့်အတွက် ပိုလျှံနေသည့် မြေဖြစ်သည့်အတွက် အဆိုပါမြေကို မူလလက်ငုတ်တောင်သူ ၁၀ ဦးက စိုက်ပျိုးလုပ်ကိုင်နေခြင်း ဖြစ်ပါကြောင်း၊ ပြည်သူ့အစိုးရ(NLD) တက်လာသည့်အချိန်တွင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီကို တောင်သူများကပြန်ပြီး လျှောက်ထားသည့် မြေဖြစ်ပါကြောင်း၊ ကော်မတီအစည်းအဝေးများ၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု များ ပြန်လည်စိစစ်ရေးကော်မတီအစည်းအဝေးများ ကျင်းပသည့်အချိန်တွင်  အဆိုပါမြေများသည် လက်ရှိအကောင်အထည်မဖော်သည့်အတွက် မြေယာမူဝါဒအရ၊ သိမ်းဆည်းမြေ မူဝါဒအရ လက်ရှိ အများပြည်သူအတွက် အသုံးပြုခြင်းမရှိသည့်မြေကို ပြန်လည်လျှောက်ထားခြင်းဖြစ်ပါက မူလ ပိုင်ရှင်ဖြစ်ကြောင်း လျှောက်ထားတင်ပြနိုင်သူကို ပြန်လည်ပေးအပ်ရန်မူဝါဒ (၄)တွင် ရှိပါကြောင်း၊ သို့သော် အဆိုပါမြေများကို ပြန်လည်စွန့်လွှတ်ရန် ဆွေးနွေးရာတွင် မြို့ပြနှင့်အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက တာဝန်ရှိသူများအနေဖြင့် အထက်အမိန့်အရပြန်မပေးနိုင်ကြောင်း ဆွေးနွေးခဲ့ပါ ကြောင်း၊ မြေပြင်ပေါ်တွင် အဆိုပါမြေများကို သီလဝါအထူးစီးပွားရေးဇုန်က ပြောင်းရွှေ့သည့်ဇုန် (B)ကို အကောင်အထည်ဖော်သည့်နေရာ၊ ပြောင်းရွှေ့သည့်သူများအတွက်ဟူ၍ အိမ်ရာများလာ ရောက်တည်ဆောက်ပါကြောင်း၊
သို့သော် မိမိတို့က နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အကျိုးရှိသည့် စီမံကိန်းများ ဖြစ်သည့်အတွက် ယင်းသို့စီမံကိန်းများကို ပြန်လည်ပြီး မြေယာလျော်ကြေးများ၊ ပြန်လည်နေရာ ချထားခြင်းများအပေါ်လည်း ကြိုဆိုပါကြောင်းနှင့် တောင်သူများအနေဖြင့်လည်း သဘောတူကြ ပါကြောင်း၊ သို့သော် အဆိုပါတောင်သူ ၁၀ ယောက်၏ မြေများကို ပြန်ပြီးနေရာချထားရေးဇုန်လာ ဆောက်ပြီး မြေယာလျော်ကြေးမပေးသည့် ကိစ္စဖြစ်ပါကြောင်း၊ ယင်းသို့ လျော်ကြေးမရခြင်းကြောင့် မိမိတို့ ကိုယ်စားလှယ်ရုံးခန်းများကို လာရောက်ဆွေးနွေးသည့်အတွက် ၁၃-၁-၂၀၁၇ ရက်နေ့တွင် မူလတောင်သူများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဇုန်ကော်မတီများနှင့်ညှိနှိုင်းခဲ့ပြီး လျော်ကြေးပေးမည်ဖြစ်ကြောင်းကို ကတိကဝတ်ရခဲ့ပါကြောင်း၊ သို့သော် လျော်ကြေးမပေးသည့် အတွက် ၂-၃-၂၀၁၈ ရက်နေ့တွင် တာဝန်ရှိသူများနှင့် တောင်သူများ ပြန်တွေ့ပြီး သင်္ကြန်မတိုင်ခင် ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း ယနေ့အထိရရှိခြင်း မရှိပါကြောင်း၊ တောင်သူများ အနေဖြင့် ယင်းမြေပေါ်တွေင် လုပ်ကိုင်စားသောက်နေရသည့် သီးနှံများ၊ အလုပ်လုပ်ကိုင်ခွင့်များ ဆုံးရှုံးရသည့်အပြင် ယခုအထိလည်း မြေယာလျော်ကြေးမရခြင်းကြောင့် အခက်အခဲများစွာ ကြုံတွေ့ရပါကြောင်း၊ နိုင်ငံတော်သမ္မတအပါအဝင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်များအနေဖြင့် လည်း တောင်သူများ၏ နစ်နာသည့် မြေယာလျော်ကြေးများကို ပေးအပ်ရန် အကြိမ်ကြိမ် ညွှန်ကြား ထားပြီးဖြစ်ပါကြောင်း၊
ပြည်သူ့အစိုးရလက်ထက်တွင် ပိုမိုပွင့်လင်းမြင်သာစွာနှင့်အဆင်ပြေစွာ အကောင်အထည်ဖော် ပေးရမည့်  နိုင်ငံတော်အတွက်အကျိုးရှိသည့် စီမံကိန်းအတွက် မြေယာလျော်ကြေးကိုပင် စနစ်တကျ မပေးဘဲ အကောင်အထည်ဖော်ခြင်းသည် ပြည်သူ့အစိုးရဂုဏ်သိက္ခာကိုလည်း အင်မတန်ထိခိုက်ပါ ကြောင်း၊ သို့ဖြစ်ပါ၍ မြေယာလျော်ကြေးပေးအပ်ရန် ကတိပေးညှိနှိုင်းထားသည့်အတိုင်း တိကျသည့် အချိန်သတ်မှတ်ပေးပါရန်နှင့် ပြန်လည်နေရာချထားရေး လျော်ကြေးနစ်နာကြေးပေးအပ်ရေးကို တိကျခိုင်မာပြီး မျှတသောမူဝါဒဖြင့် ပွင့်လင်းမြင်သာစွာဆောင်ရွက်ပေးမည့် အစီအစဉ်ကို  သိရှိလိုပါ ကြောင်း မေးမြန်းပါသည်။


 



သိမ်းဆည်းခံမြေများကိစ္စနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများက ပါဝင် ဆောင်ရွက်ပေးကြရန်လည်း နိုင်ငံတော်သမ္မတကြီးက လမ်းညွှန်ထားပြီးဖြစ်ပါကြောင်း၊ အဆိုပါ လမ်းညွှန်ချက်နှင့်အညီ လွှတ်တော်ကိုယ်စားလှယ်ကြီးအနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ပြီး မြေပြင်ကွင်းဆင်းစစ်ဆေးကာ ဤလွှတ်တော်ကြီးတွင် ဂဃနဏမီးမောင်းထိုးပြခြင်းကြောင့်  ကျေးဇူးတင်ရှိပါကြောင်း၊ အထူးစီးပွားရေးဇုန်များ၏ တာဝန်ခံ ဝန်ကြီးဌာနဖြစ်သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး အနေဖြင့်လည်း ဤကိစ္စကို အလွန်အလေးအနက်ထားပြီး လွှတ်တော်ပေးထားသည့် ကတိအတိုင်း သက်ဆိုင်သူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးထားပြီးဖြစ်ပါကြောင်း၊ သိမ်းဆည်းခံမြေကိစ္စ အချို့သည် ရိုးရှင်းမှုမရှိဘဲ သိမ်မွေ့နက်နဲသည်ကို သိမ်းဆည်းမြေဆိုင်ရာလုပ်ငန်းစစ်ဆေးရေးအဖွဲ့တွင် ပါဝင် ဆောင်ရွက်ခွင့်ရရှိခဲ့သည့် မိမိအနေဖြင့်လည်း သိရှိခဲ့ရပါကြောင်း၊ လယ်မြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအနေဖြင့်လည်း ယင်းကိစ္စကို စိစစ်နေဆဲ ဖြစ်သည့် အတွက် အချိန်ယူရမည်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်ကြီး ပြောကြားထားသည့်အတိုင်း တိကျ သည့် အချိန်သတ်မှတ်ပေးရန် ခက်ခဲမည်ဆိုသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊
မေးခွန်းနှင့် ပတ်သက်၍ တင်ပြရမည်ဆိုပါက ၁၉၉၄-၁၉၉၅ ခုနှစ် ရန်ကုန်(တောင်ပိုင်း)ခရိုင်၊ ကျောက်တန်းမြို့နယ်ရှိ ဘန့်ဘွေးကုန်းသစ်တောကြိုးဝိုင်းကို ဖွဲ့စည်းရာတွင်ပါဝင်သွားသော လယ်ယာမြေ ၅၅၅ ဧကနှင့် ကျောက်တန်းမြို့၊ ညောင်ဝိုင်းကျေးရွာအုပ်စု၊ ကွင်းအမှတ်(၆၂၂)၊ အလပ်ရွာကွင်းအတွင်း မြိုင်သာယာကွက်သစ်ဖော်ထုတ်ရာတွင် ပါဝင်သွားသည့် အိမ်ထောင်စုများ၏ လယ်ယာမြေ ၂၈၇.၆၈ ဧကခန့်တို့အတွက် ထိုစဉ်က မြို့ပြနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် လယ်မြေနှစ်ဧကလျှင် ၄၀ ပေ x ၆၀ ပေအကျယ် မြေကွက်တစ်ကွက်နှုန်းဖြင့်လည်းကောင်း၊ လူနေအိမ်နှင့် အဆောက်အအုံတစ်လုံးနှင့် ၄၀ ပေ x ၆၀ ပေအကျယ်ရှိ မြေကွက်တစ်ကွက်နှုန်းဖြင့် လည်းကောင်း အစားထိုးလျော်ကြေးပေး၍ ပြန်လည်နေရာချထားပေးခဲ့ပြီး မြေကွက်တစ်ကွက်လျှင် ငွေကျပ် ၃၀၀၀ နှုန်းဖြင့် မြေကွက်ဖော်ထုတ်ခကို ပြန်လည်ပေးသွင်းစေခဲ့ပါကြောင်း၊ အိမ်ရာမြေ ဖော်ထုတ်ရာတွင် သက်ဆိုင်ရာများသို့ ပြန်လည်ခွဲဝေခဲ့ပြီးနောက် ပိုမြေ ၂၅.၂၀ ဧကကျန်ရှိခဲ့ ပါကြောင်း၊ ယင်းမြေကို မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက သီလဝါအထူးစီးပွားရေးဇုန်နှင့် မလွတ်ကင်းသောအိမ်ထောင်စုများ ပြန်လည်နေရာချထားပေးရန်ရည်ရွယ်၍ သီလဝါအထူး စီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီကို လွှဲပြောင်းပေးခဲ့ရာ ယင်းလွှဲပြောင်းပေးသည့်မြေနှင့် သုံးဧက ခန့်ကို သီလဝါအထူးစီးပွားရေးဇုန်(A)မှ ပြောင်းရွှေ့ခဲ့ရသောအိမ်ထောင်စုများအတွက် အိမ် ၆၈ လုံးကို စီမံခန့်ခွဲရေးကော်မတီက ပြန်လည်နေရာချထားပေးခဲ့ပြီး ၁၂.၅ ဧကကို ဇုန်(B)အတွင်းမှ ပြောင်းရွှေ့ခဲ့ရသူများအတွက် အိမ်ကွက် ၉၄ ကွက်ကို ပြောင်းရွှေ့သူများ၏ သဘောဆန္ဒနှင့်အညီ ၂၀၁၇ ခုနှစ် ဇွန်လမှစ၍ ပြောင်းရွှေ့နေရာချထားပေးခဲ့ပါကြောင်း၊
၁၉၉၄-၁၉၉၅ ခုနှစ်၊ မြို့ပြနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက လျော်ကြေးပေးသည့် စာရင်းအရ ကွင်းအမှတ်(၆၂၂)၊ ဦးပိုင်အမှတ်(၁၅/၃)၊ လယ်မြေ ၁၀.၅၄ ဧက မူလတောင်သူ ဦးအေးမောင်+ ဒေါ်မြရီတို့သည် ပေ(၄၀x၆၀) မြေကွက်ခြောက်ကွက်ကိုလည်းကောင်း၊ ကွင်းအမှတ်(၆၂၂)၊ ဦးပိုင် အမှတ်(၁၆/၁)၊ လယ်မြေ ၈.၆၆ ဧက မူလတောင်သူ ဦးအုန်းမြင့်+ဒေါ်မြကြီးတို့သည် ပေ(၄၀x၆၀) မြေကွက်ခြောက်ကွက်ကိုလည်းကောင်း လျော်ကြေးအဖြစ် ပြန်လည်ရရှိခဲ့ပြီး ဖြစ်ပါကြောင်း၊ မူလ ဦးအေးမောင်+ဒေါ်မြရီနှင့် ဦးအုန်းမြင့်+ဒေါ်မြကြီးတို့ ပိုင်ဆိုင်သည့်မြေကို မြို့ပြနှင့်အိုးအိမ် ဦးစီးဌာနက အစားထိုးခွဲဝေပြီးနောက် ပိုနေသည့် ၂၅.၂၀ ဧကတွင် ပါဝင်ခဲ့ပါကြောင်း၊ သက်ဆိုင် သူများအနေဖြင့် မြို့မြေကွက်များအစားထိုးရရှိပြီးဖြစ်သော်လည်း မူလသိမ်းဆည်းခဲ့သည့် လယ်မြေ များအပေါ်တွင် အခြားနည်းအသုံးပြုခွင့် လန(၃၉)ခွင့်ပြုမိန့်နှင့် လရ(၃၀) (က၊ခ)တို့ကို ပြောင်းလဲ နိုင်ခြင်းမရှိသေးသည်ကို အကြောင်းပြုပြီး မူလသိမ်းဆည်းခံတောင်သူများနှင့် ဆက်ခံခွင့်ရှိသူများက ပြန်လည်စွန့်လွှတ်ပေးရန် တင်ပြတောင်းခံနေခြင်းဖြစ်ပါကြောင်း၊ အဆိုပါကိစ္စကို လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီအဆင့်ဆင့်သို့ ကျေးရွာနှင့် မြို့နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီများက ပြင်ဆင် ချမှတ်ထားသည့် မူဝါဒ၊ လမ်းစဉ်နှင့် ဆောင်ရွက်ချက်များနှင့်အညီ စိစစ်တင်ပြဆောင်ရွက်နေဆဲ ဖြစ်ပါကြောင်း၊
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး ဒေါ်အေးမြမြမျိုး ရည်ညွှန်းပြောဆိုခဲ့သည့် မြေသည် မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက ၁၉၉၄-၁၉၉၅ ခုနှစ်တွင် အစားထိုးလျော်ကြေးပေးသိမ်းယူခဲ့သည့် မြေများ ဖြစ်ပါကြောင်း၊ သို့သော်လည်း ယခုအခါ မူလသိမ်းဆည်းခံတောင်သူများနှင့် ဆက်ခံခွင့် ရှိသူများက လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုမှုများ ပြန်လည်စိစစ်ရေးကော်မတီ အဆင့်ဆင့်ကို ပြန်လည်တောင်းခံနေသဖြင့် စိစစ်နေရသည့်အမှုများ ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ သီလဝါအထူးစီးပွားရေးဇုန်စီမံကိန်းကို အကောင်အထည်ဖော်နေသည့် စီမံခန့်ခွဲရေးကော်မတီ အနေဖြင့် ၂၀၁၄ ခုနှစ်၊ အထူးစီးပွားရေးဇုန်ဥပဒေနှင့်အညီ စီမံကိန်းအောင်မြင်အောင် ဆက်လက် ဆောင်ရွက်အကောင်အထည်ဖော်ဆောင်ရွက်သွားရန်ရှိပြီး စီမံကိန်းဧရိယာအတွင်းမှ မလွတ်ကင်း သည့် အိမ်ထောင်စုများကို မြေယာလျော်ကြေး၊ သီးနှံလျော်ကြေးနှင့် လူမှုရေးအရ ထောက်ပံ့မှုများကို အဆင့်အလိုက် ပွင့်လင်းမြင်သာစွာစီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊  
သို့ဖြစ်ပါ၍ မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက လွှဲပြောင်းပေးထားသည့် မြေအနက် လက်ရှိ အသုံးချပြီး ကျန်ရှိမြေများကို သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီက ထပ်မံပြောင်းရွှေ့ လာမည့် အိမ်ထောင်စုများအတွက် ဆက်လက်နေရာချထားပေးရန် ရည်ရွယ်ပါကြောင်း၊ သို့သော် လည်း ယင်းကိစ္စကို လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီက စိစစ်နေဆဲဖြစ်ခြင်းကြောင့် စိမံခန့်ခွဲမှုကော်မတီအနေဖြင့် လယ်ယာမြေနှင့်အခြား မြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ၏ အဆုံးအဖြတ်အတိုင်း လိုက်နာ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဒေါ်အေးမြမြမျိုး(ကျောက်တန်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
မြိုင်သာယာကွက်သစ်၊ မြေကွက်အမှတ်(၆၂၂)၊ ခရုချောင်းအနောက်ကွင်းရှိ တောင်သူ ၁၀ ဦးကို လယ်ယာမြေနှင့် သိမ်းဆည်းလယ်ယာများ စိစစ်ဆဲဆိုသည့် ကိစ္စမဟုတ်ပါကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရက တာဝန်ရှိသူများအနေဖြင့် တောင်သူ ၁၀ ဦးကို လက်မှတ်ထိုး၊ လက်ဗွေနှိပ်ပြီး လျော်ကြေးပေးပါမည်ဟု ကတိပေးထားသည့် ကိစ္စဖြစ်ပါကြောင်း၊ လျော်ကြေးရပြီး ပြန်လည်ပြီး နေရာချထားသည့်ကိစ္စအပေါ် ကန့်ကွက်နေခြင်းမဟုတ်ဘဲ အိမ်ဆောက်ပြီးသည်အထိ လျော်ကြေး မပေးသည့်ကိစ္စကို ပြောနေခြင်းဖြစ်ပါကြောင်း၊ တောင်သူ ၁၀ ဦးကို သီးနှံလျော်ကြေး ၂၂ သိန်း၊ မြေယာလျော်ကြေး သိန်း ၁၅၀ ပေးရန် သဘောတူလက်မှတ်ထိုးထားခြင်းဖြစ်ပါကြောင်း၊ အဆိုပါ လက်မှတ်ထိုးထားပြီးသား တောင်သူ ၁၀ ယောက်ဦးကို ကတိပေးထားသည့်အတိုင်း မည်သည့် နေ့ရက်တွင်ပေးမည်ကို သိရှိလိုပါသဖြင့် ဆက်စပ်မေးခွန်းအနေဖြင့် မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရက မြေယာလျော်ကြေးများ ဆောင်ရွက်နေသည်ဆိုသော်လည်း ပြည်ထောင်စုအစိုးရ၊ ပြည်ထောင်စုဝန်ကြီးများသည် တာဝန်ခံရမည်ဖြစ်ကြောင်းနှင့် အစိုးရက ညွှန်ကြားထားသည့်မြေယာမူဝါများအတိုင်း မည်သို့ဆက်လက်ဆောင်ရွက်ပေးမည်ကို သိရှိလိုပါ ကြောင်း မေးမြန်းပါသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး  ဦးအောင်ထူး
မြေယာလျော်ကြေးပေးသည့်ကိစ္စနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးများ၏ အစိုးရအဖွဲ့များက စီမံဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနအနေဖြင့် မိမိတို့ကို လွှဲပြောင်းပေးထားသည့် မြေများအပေါ်တွင် မြေယာစီမံခန့်ခွဲခြင်း ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာတောင်သူများအနေဖြင့် မြေယာလျော်ကြေးများ မရရှိခဲ့ပါက သက်ဆိုင်ရာကော်မတီအဆင့်ဆင့်ကို တိုင်ကြားနိုင်ပါကြောင်းနှင့် သက်ဆိုင်ရာကော်မတီအဆင့်ဆင့် အနေဖြင့်လည်း ဖြေရှင်းဆောင်ရွက်ပေးမည်ဟု မိမိအနေဖြင့် ယုံကြည်ပါကြောင်း ပြန်လည်ဖြေကြား ပါသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး