(စ)-ကျိုက္ခမီမြို့ရှိ ဘောလုံးကွင်းသည် ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင်ဖြစ်နေပါ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုအောက်သို့ ပြောင်းလဲပေးနိုင်ခြင်းရှိ/မရှိ သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း | Pyithu Hluttaw Skip to main content

သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့ရှိ ဘောလုံးကွင်းသည် ဆောက်လုပ်ရေးပြည်ထောင်စုဝန်ကြီးဌာန ပိုင်ဖြစ်နေပါ၍ ကျန်းမာရေးနှင့် အားကစားပြည်ထောင်စုဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုအောက်သို့ ပြောင်းလဲသတ်မှတ်ပေးနိုင်ခြင်းရှိ/မရှိကို သိရှိလိုပါကြောင်း၊

အကြောင်းရင်းက လေးချက်ရှိပါကြောင်း၊ (၁) ကျိုက္ခမီမြို့အတွက် တစ်ခုတည်းသော ဘောလုံးကွင်း ဖြစ်ခြင်း၊ (၂) မြန်မာ့လက်ရွေးစင်များဖြစ်ခဲ့ကြသော ဦး‌ဝေဘော်၊ ဂိုးသမား ဦးမျိုးချစ်၊ နောက်တန်း ဦးဝင်းတင်တို့နှင့် အဆင့်မြင့်ကလပ်အသင်း လက်ရွေးစင်၊ ပြည်နယ် လက်ရွေးစင်များစွာ မွေးထုတ် ပေးရန် အစဉ်အလာရှိသည့်ကွင်းဖြစ်ခြင်း၊ (၃) အားကစားဝန်ကြီးဌာန အောက်တွင်ရှိမနေသည့် အတွက်  တိုးတက်ရေးနှင့် ပြင်ဆင်ထိန်းသိမ်းရေးအတွက် ရန်ပုံငွေမရရှိခြင်း၊ (၄) မဲဆန္ဒရှင်အတွက် သာဖြစ်ခြင်းတို့ကြောင့် ဖြစ်ပါကြောင်း၊ ကျိုက္ခမီမြို့သည် ဂဇက်ဝင် တန်ခိုးကြီးရေလယ်ဘုရား ကြောင့် နိုင်ငံတွင်း/ပြင်ပ လူသိများထင်ရှားပါကြောင်း၊ နှစ်စဉ် ဘုရား၏ ဗုဒ္ဓပူဇနိယပူဇော်ပွဲတော်ကို သီတင်းကျွတ်လပြည့်မှစ၍ ငါးရက်တိုင်တိုင် ကျင်းပလေ့ရှိပြီး ဘောလုံးပြိုင်ပွဲများဖြင့်လည်း ပူဇော်လေ့ရှိပါကြောင်း၊ တစ်မြို့လုံးတွင်လည်း ကျင်းပရန်တစ်ကွင်းတည်းရှိပါကြောင်း၊ ၎င်းကွင်း သည် ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် ကွင်းအမှတ်(၂)၊  မင်းတဲရပ် ဦးပိုင်အမှတ်(၇) ဗိုလ်တဲကြီး(P-W-D)ထဲတွင် ရှိပြီး ၇.၃၅၄ ဧက ကျယ်ဝန်းပါကြောင်း၊ ပြိုင်ပွဲကျင်းပမှုကလည်း နှစ် ၈၀ ကျော်ခဲ့ပြီဖြစ်ပါကြောင်း၊ တစ်ချိန်က နိုင်ငံကိုကိုယ်စားပြုခဲ့သော မြန်မာ့လက်ရွေးစင်ဂိုးသမား ဦးမျိုးချစ်၊ နောက်တန်းခံစစ်ကြီး ဦးဝင်းတင်နှင့် ဦးငွေဘော်တို့က ၎င်းကွင်းကြမ်းလေးတွင် အစပြုလေ့ကျင့်ရာက ဖြစ်လာကြသူများ ဖြစ်ပါကြောင်း၊ တိုင်းပြည်တာဝန်ကိုလည်း ကျေပွန်ခဲ့ကြ ပါကြောင်း၊ ထို့အပြင် ကလပ်အသင်းလက်ရွေးစင်များစွာ၊ ပြည်နယ်လက်ရွေးစင်များစွာကိုလည်း အဆိုပါကွင်းလေးထဲတွင် မွေးထုတ်ပေးခဲ့သော သမိုင်းကောင်းလည်းရှိပါကြောင်း၊

ထို့သို့အကျိုးပြုခဲ့သော်လည်း ၎င်းကွင်းလေးသည် ဆောက်လုပ်ရေးဝန်ကြီးဌာန  အောက်တွင်ရှိ နေသည့်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ ရန်ပုံငွေမရပါကြောင်း၊ မြို့လူထုသည် စုပေါင်းအားနှင့် ကိုယ့်အားကိုယ်ကိုးပြီး မုခ်ဝလောက်လုပ်ထားနိုင်ပြီး မပြုပြင်နိုင်ခဲ့သည်မှာ ကြာပြီ ဖြစ်ပါ‌ကြောင်း၊ ၂၀၁၉ ခုနှစ် အစည်းအဝေးနားကာလတွင် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များရုံး ပူးပေါင်းပြီး လူထုတွေ့ဆုံပွဲ၊ ‌ဒေသဖွံ့ဖြိုး‌ရေးအတွက်လုပ်ရာတွင် မြို့လူထုတစ်ဦး  တင်ပြပါကြောင်း၊ ၎င်းတို့ ဘက်စုံအားကစားကွင်းနှင့် ဘက်စုံ အားကစားရုံကို လိုချင်ပါကြောင်း၊ ဝန်ကြီးချုပ်က ပေးလိုသော်လည်း ရန်ပုံငွေသဘောအရ ၎င်း၏ ဌာနအောက်တွင် ရှိမနေသည့်အတွက် မိမိမေးမြန်းရခြင်းဖြစ်ပါကြောင်း၊ ယခုမေးခွန်းသည် ကျိုက္ခမီမြို့ မဲဆန္ဒရှင်များ ၏အာသီသဆန္ဒဖြစ်သည့်အပြင် အစိုးရထံက ဘတ်ဂျက်ရန်ပုံငွေတောင်း ခြင်းလည်းမဟုတ်ပါ ကြောင်း၊ မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များသည် Playmaker များ မဟုတ်ပါကြောင်း၊  မြေရှာ၊ မြေပြောင်း၊ မြေပေး၊  မြေပုံထုတ်ခြင်းများသည် အစိုးရဝန်ကြီးဌာနများ၏ အလုပ်ဖြစ်ပါကြောင်း၊ ရန်ပုံငွေလုပ်ငန်းတောင်းခံမှုအတွက် အဖြေတော်တော်များများမှာ လွှတ်တော် ကိုယ်စားလှယ်ကြီး များ မြေရှာထားပေးနိုင်ပါက ရန်ပုံငွေချပေးမည်ဆိုသည့်အဖြေကို မကြာမကြာ ကြားနေရသည့် အတွက် ယခုကိစ္စကို မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များက Speaker ပီပီ Speaker အလုပ်သာ လုပ်မည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ‌ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိကို မေးမြန်းပါသည်။


 

  

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့ရှိ အောင်ပင်လယ်ရပ်ကွက်၊ အဆိုပါရပ်ကွက်တွင် မင်းတဲရပ်၊ အကွက်အမှတ်(၂)၊ ဦးပိုင်အမှတ်(၇)ရှိ မြေဧရိယာ ၁၂.၃၃၈ ဧကသည် ၁၉၅၂-၁၉၅၃ ခုနှစ်ကတည်းက (P-W-D) မြေအဖြစ်သတ်မှတ်ထားပြီး အဆိုပါမြေပေါ်တွင် မူလတန်းကျောင်းနှင့် မီးသတ်ဦးစီးဌာနမှ တည်ဆောက်ထားသော အဆောက်အဦတို့ရှိပြီး ကျန်မြေ ၇.၃၅၄ ဧကကို ဘောလုံးကွင်းအဖြစ် အသုံးပြုထားပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါမြေကို အားကစားကွင်းအဖြစ် အသုံးပြုနိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ အမြန်ဆုံးလွှဲပြောင်းပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း