Skip to main content

 

မိမိတို့နိုင်ငံတွင်  အဓိကပြဿနာကြီးများသည် အုပ်စုအနေဖြင့် သုံးခုရှိပါကြောင်း၊ ပထမ မိခင်နှင့် ကလေး သေဆုံးမှုမြင့်မားခြင်း၊ ဒုတိယ မကူးစက်သည့် ရောဂါဖြစ်ပွားမှုများ များပြားလာနေခြင်းနှင့် တတိယ ရေှးယခင်ကတည်းက ကူးစက်တတ်ရောဂါများဖြစ်ပွားမှုများခြင်းများဖြစ်ပါကြောင်း၊ ကူးစက် ရောဂါများတွင်  ဘတ်တီးရီးယားကြောင့်ဖြစ်ည့် ကူးစက်ရောဂါ၊ ဗိုင်းရပ်စ်ကြောင့်ဖြစ်သည့် ကူးစက် ရောဂါ၊ ပရိုတိုဇွာကြောင့်ဖြစ်သည့် ကူးစက်ရောဂါနှင့် ဖန်းကပ်ကြောင့်ဖြစ်သည့်ကူးစက်ရောဂါများဟူ၍ အကောင်လေးမျိုးမှ ဖြစ်ပွားစေပါကြောင်း၊ အဆိုပါ ပိုးမွှားများသေစေရန် သက်ဆိုင်ရာပုံစံမတူသည့် ဆေးဝါးများကို သုံးစွဲရခြင်းဖြစ်သော်လည်း မိမိတို့နိုင်ငံတွင်  Bacterial Infection ကြောင့်ဖြစ်သည့် ပိုးကိုသေစေရန်သုံးသည့်  Antibiotics သုံးစွဲမှုသည် အလွန်ကိုများပြားနေပါကြောင်း၊

 ကမ္ဘာ့ကျန်းမာရေးအဖွဲ့က Antivirals Aware Week ဆိုပြီး နှစ်စဉ် နိုဝင်ဘာလတွင် ဆောင်ရွက်နေသကဲ့သို့  ၂၀၁၉ ခုနှစ်အတွင်း ဆားဘီးယားနိုင်ငံတွင် ကျင်းပသည့် International Parliamentary Union ဆုံးဖြတ်ချက်တွင်လည်း Antimicrobial Resistance သည် အရေးကြီးကိစ္စတစ်ခုဖြစ်လာကြောင်းနှင့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်တွင်လည်း Antibiotics Resistance က အရေးကြီးလာပြီဖြစ်ကြောင်း ဆုံးဖြတ်ချက်များကိုချမှတ်ခြင်း ဖြစ်သည့်အတွက်  မိမိတို့နိုင်ငံအနေဖြင့်လည်း လိုက်နာဆောင်ရွက်ရန်ရှိပါကြောင်း၊

မိမိတို့နိုင်ငံအတွင်း လေ့လာကြည့်ရာတွင် ပဋိဇီဝဆေးများကို ဆရာဝန်လက်မှတ်မပါဘဲ ဝယ်ယူ နိုင်ပါကြောင်း၊ စပ်ဆေးထုတ်များ ဝယ်ယူနိုင်ပါကြောင်း၊ ဆေးရုံ၊ ဆေးခန်းများတွင်လည်း စနစ်ကျသည့် အသုံးချမှုများ အားနည်းနေသေးပါကြောင်း၊ လူနာများသောက်သုံးသည့်နေရာများတွင်လည်း ဆေးဝါးများကို မလိုသည့်နေရာများတွင် သုံးစွဲနေပါကြောင်း၊ အားပြည့်အချိန်ပြည့်သောက်ရမည် များတွင်လည်း အားနည်းလျက်ရှိပါကြောင်း၊   တစ်ဖက်တွင်လည်း မွေးမြူရေးဆိုင်ရာကိစ္စများ အလွဲသုံး ဖြစ်နေသည်များရှိသကဲ့သို့  ပြည်တွင်းကိုလည်း မှတ်ပုံတင်မဲ့နှင့် ထိန်းချုပ်မှုမဲ့ ဝင်ရောက်နေသည့် ပဋိဇီဝဆေးများ အများအပြားရှိနေသည်ကိုတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် အဆိုပါကိစ္စများကို ဖြေရှင်းရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတစ်ခုတည်းအနေဖြင့် ဆောင်ရွက်နိုင်ခြင်းမရှိဘဲ  ပြင်ပဆေးရုံ၊ ဆေးခန်းများ၊ ဆေးဆိုင်များ၊ သက်ဆိုင်ရာနှီးနွှယ်ဌာနပေါင်းစုံနှင့် ပြည်သူလူထုအများစုက ဝိုင်းဝန်းကူညီဆောင်ရွက်မှသာလျှင် ပဋိဇီဝဆေးယဉ်ပါးမှုကို တိုက်ဖျက်နိုင်မည်ဖြစ်ပါကြောင်း၊  အဆိုပါ ပြဿနာသည်  မြန်မာနိုင်ငံတစ်ခုတည်း၏ ပြဿနာမဟုတ်ဘဲ ကမ္ဘာလုံးဆိုင်ရာပြဿနာဖြစ်သကဲ့သို့ မိမိတို့နိုင်ငံတွင်လည်း   ပဋိဇီဝဆေးယဉ်ပါးမှုပြဿနာများ များပြားလာသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံအတွင်း ပဋိဇီဝဆေးယဉ်ပါးမှုပြဿနာကို ကိုင်တွယ်ဖြေရှင်းနေပြီး မည်သို့ မည်ပုံကာကွယ်စောင့်ရှောက်နေသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်မြလေးစိန်

What is an Antimicrobial Resistance? Antimicrobial Resistance ဆိုတာဘာလဲဆိုသည့် အဓိပ္ပာယ်ကို သိရှိရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ မြန်မာဘာသာအနေဖြင့် ပဋိဇီဝဆေးယဉ်ပါးမှုဟု အဓိပ္ပာယ်ဖွင့်ဆိုပါကြောင်း၊ ဖြစ်ရသည့်အကြောင်းအရင်းမှာ ရောဂါပိုးမွှားများဖြစ်သည့် ဘတ်တီးရီးယား၊ မှိုရောဂါ၊ ဗိုင်းရပ်စ်ရောဂါ၊ ကပ်ပါးရောဂါများ သေစေရန်အတွက် ပဋိဇီဝဆေးများကို သောက်သုံးရပြီး ယင်းသို့ သောက်သုံးရာတွင်သတ်မှတ်စံနှုန်းများနှင့် သောက်ယူသုံးစွဲခြင်းမရှိသည့်အတွက်  ဆေးမတိုး နိုင်သည့် အခြေအနေဆိုးများကို ပေါ်ပေါက်လာမည်ဖြစ်ပါကြောင်း၊ ကမ္ဘာပေါ်မှာ ပဋိဇီဝ ဆေးယဉ်ပါးမှု ကြောင့် သေဆုံးသူဦးရေပေါင်း ခုနစ်သိန်းခန့်ရှိပြီး နှစ်စဉ် ခုနစ်သိန်းခန့်ရှိပြီး  သေဆုံးမှုနှုန်းသည် တဖြည်းဖြည်းမြင့်တက်လာပြီး ၂၀၂၀ ခုနှစ်နှင့် ၂၀၅၀ ခုနှစ်ခန့်တွင်  ၁၀ မီလီယံထိ တဖြည်းဖြည်း မြင့်တက်လာနိုင်ကြောင်းကို WHO က သတိပေးခဲ့ပါကြောင်း၊ ကမ္ဘာကြီး တစ်ခုလုံးကိုခြိမ်းခြောက် နေသည့် ပဋိဇီဝဆေးယဉ်ပါးမှုသည် ၂၀၅၀ ခုနှစ်တွင် အာရှနိုင်ငံတွင် လေးသန်းနှင့် အာဖရိကနိုင်ငံတွင် လေးသန်းဖြစ်နိုင်ကြောင်းကို ပညာရှင်များက ထောက်ပြခဲ့ပါကြောင်း၊  ပဋိဇီဝဆေးသုံးစွဲခြင်းနှင့် ဆေးယဉ်ပါးခြင်းဖြစ်ရခြင်းအကြောင်းကို သေချာစွာလေ့လာကြည့်မည်ဆိုပါက ရောဂါကို သေချာစွာ သိရှိပြီး မှန်ကန်သောအသုံးပြုမှု၊ လိုအပ်သည်ထက်ပိုမိုအသုံးပြုခြင်း၊ အချိန်ကြာရှည်စွာ အသုံးပြုခြင်း၊ မှားယွင်းစွာဆေးကိုအသုံးပြုခြင်း၊ တာဝန်ယူမှုမရှိ၊ ဆရာဝန်ညွှန်ကြားမှုမရှိဘဲ သုံးစွဲခြင်း စသည့် အချက်များသည် ပဋိဇီဝဆေးယဉ်ပါးခြင်းကိုဖြစ်ရကြောင်းကို လေ့လာတွေ့ရှိရပါကြောင်း၊

WHO မှ အထူးသဖြင့် ပဋိဇီဝဆေးယဉ်ပါးသော ရောဂါအမျိုးအစားကို ဖော်ပြသည့်အခါ အထူးသဖြင့် TB ရောဂါ၊ Malaria ရောဂါနှင့် HIV ရောဂါသည် အဖြစ်များနေသည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၁၅ ခုနှစ် မေလတွင် ပြုလုပ်ခဲ့သည် 68 World Health Assemblyမှ Global aciton plan on AMR Antimicrobial Resistance အတွက် မိမိတို့အနေဖြင့် Global action အဖြစ် ချမှတ်ပြီး ယဉ်ပါးမှုကို ကာကွယ်နိုင်ရေး သဘောတူညီဆုံးဖြတ်ခဲ့ကြကြောင်း၊ ၂၀၁၇ ခုနှစ် နှစ်စမှ နိုဝင်ဘာလအထိ  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက National Action Plan ကို စတင် Endorsed လုပ်ပြီး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ပဋိဇီဝဆေးယဉ်ပါးမှုကြောင့် ဆေးကုသရန် ခက်ခဲခြင်း၊ စီးပွားရေးနှင့် လူမှုရေးနယ်ပယ်များတွင် ထိခိုက်ဆုံးရှုံးမှုများဖြစ်ပေါ်ခြင်းနှင့် နောက်ဆုံးတွင် အသက်သေဆုံးမှုများ ဖြစ်ပေါ်နိုင်ခြင်းစသည်တို့ကိုလည်း တွေ့ရှိနေရပါကြောင်း၊ ပဋိဇီဝဆေး ယဉ်ပါးမှုပြဿနာသည် မြန်မာနိုင်ငံတွင်သာမက တစ်ကမ္ဘာလုံးတွင်အရေးကြီးသော ကျန်းမာရေး ဆိုင်ရာပြဿနာဖြစ်သောကြောင့် ၂၂-၁-၂၀၁၈ ရက်နေ့တွင် အမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးဆိုင်ရာကော်မတီ National Multi-sectoral Steering Commettee ကို ပြည်ထောင် စုဝန်ကြီး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဥက္ကဋ္ဌအဖြစ်ဦးဆောင်၍ နှီးနွှယ်ဝန်ကြီးဌာန၊ ဦးစီး ဌာနများနှင့် အသင်းအဖွဲ့အသီးသီးတို့မှ အဖွဲ့ဝင် ၁၉ တို့ဖြင့် ဖွဲ့စည်းထားပါကြောင်း၊

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အသိအမှတ်ပြု National Coordinating Centre(NCC)ကိုဖွဲ့စည်းပြီး NCC ၏ အောက်တွင် Technical Working Group ငါးခု ကိုတည်ဆောက်ထားရာ နံပါတ်(က)အသိပေး နှိုးဆော်ရေးအဖွဲ့၊ (ခ) ပဋိဇီဝ ဆေးယဉ်ပါးမှုစောင့်ကြပ်ကြည့်ရှုရေးအဖွဲ့၊ (ဂ) ရောဂါပိုးကူစက်ကာကွယ် ထိန်းချုပ်ရေးအဖွဲ့၊ (ဃ) ပဋိဇီဝဆေးသုံးစွဲမှုကြီးကြပ်ရေးအဖွဲ့၊ (င) သုတေသနနှင့် တီထွင်ဆန်းသစ်မှု လုပ်ငန်းအဖွဲ့ဟူ၍  ၁-၈-၂၀၁၈ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါကြောင်း၊

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ထားမှုများအနေဖြင့် International Collaborations အရ Japan၊ WHO၊ ADB စသည့်အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိနေပါကြောင်း၊ ၂၀၁၈ ခုနှစ်မှစ၍ ဆက်လက်ဆောင်ရွက်နေသော လုပ်ငန်းစဉ်များကို တင်ပြရမည်ဆိုပါက  ပထမဆုံးအနေဖြင့်  WHO နှင့် Meeting စပြီး ၂၀၁၈ ခုနှစ် ဧပြီလတွင် ဆောင်ရွက်ခဲ့ကာ Joint Statement ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် ထုတ်ပြန်ခဲ့ပါကြောင်း၊   ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ၂၀၁၉ ခုနှစ်တွင် ဆောင်ရွက်သော လုပ်ငန်းစဉ်များ ထဲတွင်  Regional Workshop on Surveillance on Research on AMR ကို စတင်ပြီး ၂၀၁၉ ခုနှစ် မေလတွင် ဆောင်ရွက်ခဲ့ပါကြောင်း၊  Last Data Uploaded to NCC ဆိုပြီး WHO ရှိ Data များထဲတွင်လည်း မိမိတို့အနေဖြင့် ပါဝင်ထည့်သွင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ Training များကို စတင်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ Refresher Training များ၊ Awareness Campaign များကိုလည်း ဆက်လက်ပြီးဆောင်ရွက်နေပါကြောင်း၊

၂၀၁၉ ခုနှစ် အောက်တိုဘာလမှ  AMR Surveillance Guideline များကို Developed လုပ်ထားပြီး Research Prioritization Workshop ကိုလည်း ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ပဋိဇီဝဆေးယဉ်ပါးမှုနှင့်ပတ်သက်၍ WHO နှင့် သုတေသနဦးစီး ဌာနတို့ပူးပေါင်း၍ Workshop တစ်ခုပြုလုပ်ခဲ့ပါကြောင်းနှင့် ဦးစားပေးရမည့်အဆင့်ဆင့်ကို National Action Plan တွင် ထည့်သွင်းထားသည့် မဟာဗျူဟာချမှတ်ထားသည့် လမ်းစဉ်များဖြစ်ပါကြောင်း၊ ၂၀၀၉ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ စုစုပေါင်း Research Paper ပေါင်း ၂၁၆ Paper ကို ပဋိဇီဝဆေး ယဉ်ပါးသည့်ပိုးများအတွက် သုတေသနပြုလုပ်ထားခြင်းကို တင်ပြထားခြင်းဖြစ်ပါကြောင်း၊ ၎င်းအဖွဲ့ များ၏ လုပ်ဆောင်သည့်လုပ်ငန်းများက ပြည်သူလူထုနှင့် ဆေးဝါးကုသမှု ဝန်ဆောင်မှုပေးသော ဆေးရုံ၊ ဆေးခန်း၊ စီမံခန့်ခွဲသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာဝန်များ၊ သွားဆရာဝန်များ၊ သူနာပြုများ၊ သားဖွားဆရာမများ၊ ဆေးဝါးကျွမ်းကျင်သူများနှင့် ဆေးဝါးရောင်းချသူများအပြင် မူဝါဒချမှတ်သူများပါ လိုက်နာဆောင်ရွက်ရမည့်အချက်များကို ထဲထဲဝင်ဝင်ကျယ်ကျယ်ပြန့်ပြန့် ပညာပေးခြင်းလုပ်ငန်းကို ဆောင်ရွက်နေပါကြောင်း၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနမှဦးဆောင်၍ အစိုးရဆေးရုံကြီး များတွင် အမှန်တကယ်ဖြစ်ပွားနေသည့် ဆေးယဉ်ပါးမှုအခြေအနေများကို စုစည်းရယူကာ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့သို့ ပုံမှန်အစီရင်ခံခြင်းအပြင် ဆေးရုံကြီးများ၏ အဏုဇီဝဗေဒဓာတ်ခွဲခန်းများမှ ဖော်ထုတ်ရရှိသောရောဂါပိုးများ ဆေးယဉ်ပါးမှုရှိ/မရှိစစ်ဆေးခြင်း၊ အဖြေမှန်ကုန်ရစေ စံချိန်စံညွှန်း ထိန်းညှိပေးခြင်း၊ စံချိန်စံညွှန်းအဖြေများကို တစ်ဖန်ပြန်၍ ဆေးရုံကြီးများကိုပေးပို့ခြင်း၊ အဖြေများ မှန်ကန်မှုရှိစေရန် ကြီးကြပ်ကွပ်ကဲခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊

Hospital များက ပေးပို့သည် Report များကို Published လုပ်ထားပြီး အာဆီယံအနေနှင့် ပူးပေါင်းကာ  Antimicrobial နှင့် ပတ်သက်သည့် Workshop များကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊  National Antimicrobial Resistanceနှင့် Surveillance Guideline များကိုလည်း ထုတ်ပြန်ထားပြီး  WHOနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊  ရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ခြင်းသည် အကောင်း ဆုံးနှင့် အထိရောက်ဆုံးဖြစ်သည့်အတွက် ရောဂါပိုးကူးစက်မှုကာကွယ်ထိန်းချုပ်မှု လုပ်ငန်းစဉ်၊ အဓိကအားဖြင့် သန့်ရှင်းသောလက်၊ သန့်ရှင်းသောအစားအစာ၊ သန့်ရှင်းသောပတ်ဝန်းကျင်များ ဖြစ်ပေါ်လာစေရေးအတွက် အသိပညာပေးခြင်းအပြင် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်မှု လုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကာကွယ်ဆေးထိုးခြင်းများကို လည်း အမျိုးအစားများပေါင်းစုံ ပြည်သူလူထုအားလုံးလွှမ်းခြုံမှုရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်းနှင့်  ရောဂါဖြစ်ပွားမှုလျှော့ချလာသည်နှင့်အမျှ ပဋိဇီဝဆေးသုံးစွဲမှုကို လျှော့ချလာနိုင်မည် ဖြစ်ပါကြောင်း၊

ပဋိဇီဝဆေးသုံးစွဲမှုနှင့် မြန်မာနိုင်ငံအနေဖြင့် တွေ့ကြုံရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို တင်ပြ လိုပါကြောင်း၊ မြန်မာနိုင်ငံတွင် ဆရာဝန်များ၏ဆေးလက်မှတ်ဖြင့်သာ ပဋိဇီဝဆေးရောင်းချရန် ညွှန်ကြားချက်ထုတ်ပြန်ပြီးသားဖြစ်သော်လည်း ယခုအခါ ဆေးလက်မှတ်မလိုဘဲ နေရာမရွေးဝယ်ယူ ရရှိသော အခြေအနေဖြစ်ပေါ်နေပါကြောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန(FDA)မှ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်ရရှိထားသော ပဋိဇီဝဆေးများကို ဆရာဝန်များ၏လက်မှတ်ဖြင့်သာ ရောင်းချရန်အတွက် ဥပဒေအဖြစ်သတ်မှတ်ထားပါကြောင်း၊ ဆရာဝန်ညွှန်ကြားချက်မပါဘဲ အလွယ် တကူဝယ်ယူမရရှိရန် အားလုံးတွင် တာဝန်ရှိပါကြောင်းနှင့် အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေးကော်မတီမှလည်း စိစစ်ကြပ်မတ်မှုများ ပြုလုပ်ပေးလျက်ရှိပါကြောင်း၊ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီတွင် ဆေးဆိုင်လိုင်စင်ထုတ်ပေးသည့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ လုပ်ငန်းလိုင်စင်ထုတ်ပေးသည့် စည်ပင်သာယာ၊ အာဏာပိုင်အဖွဲ့အစည်းများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ရဲတို့မှလည်း အဖွဲ့ဝင်များအဖြစ် ပူးပေါင်းဆောင်ရွက် လျက်ရှိနေပါကြောင်း၊ ဆေးဆိုင်ပိုင်ရှင်များမှလည်း ဥပဒေကို လိုက်နာပြီး ဆရာဝန်ညွှန်ကြားချက် မရှိသော ပဋိဇီဝဆေးများကို မရောင်းချရန်နှင့် ပြည်သူများကလည်း ဆရာဝန်ညွှန်ကြားချက်မရှိဘဲ ပဋိဇီဝဆေးများကို ဝယ်ယူသုံးစွဲခြင်းမပြုလုပ်ရန် လိုအပ်လျက်ရှိနေပါကြောင်း၊ သို့သော် Law Enforcement လိုနေသေးသည့်အတွက် ပဋိဇီဝဆေးများကို Prescription Only Medicine(POM) အဖြစ် ဆေးညွှန်းဖြင့်သာရောင်းချရန် ရာနှုန်းပြည့် ဆောင်ရွက်နိုင်ခြင်းမရှိသေးပါကြောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် ဆရာဝန် ညွှန်ကြားချက်ဖြင့် ရောင်းချမည့် ပဋိဇီဝဆေးများ ရောင်းချမှုကို ဆေးဆိုင်များမှ လိုက်နာမှုရှိစေရန် ညွှန်ကြားချက်များထုတ်ပြန်၍ ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ FDA အဖွဲ့များမှ လစဉ် Work Plan များရေးဆွဲ၍ ဆေးဆိုင်များကို ခေါ်ယူပြီး Good Pharmacy Practice(GPP)နှင့်အညီ ဆေးဝါးများရောင်းချရန် အသိပညာပေးဟောပြောပွဲများ ပြုလုပ်ခြင်းကို သက်ဆိုင်ရာမြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းအပြင် FDA သည် Post Marketing Survey အနေဖြင့် ဈေးကွက်အတွင်းမှာ ဆေးဝါးနမူနာများကို လစဉ်ကောက်ယူ၍ ဓာတ်ခွဲစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး စံမညီသည့် ဆေးဝါးများကို အများပြည်သူများ သိရှိရန် ဌာန၏ Web Page များ၊ Facebook များပေါ်တွင် အသိပေးကြေညာ ဆောင်ရွက်လျက်ရှိပါကြောင်း၊

Public Awareness Campaign and Exhibition များကို ဆက်လက်တင်ပြလိုပါကြောင်း၊  စပ်ဆေးများတွင် ပါဝင်သောဆေးများသည် စံချိန်မညီသော ဆေးဝါးများ၊ သက်တမ်းလွန်သောဆေးဝါး များဖြစ်နိုင်သကဲ့သို့ မလိုအပ်ဘဲ စုပေါင်းစပ်ပေါင်းဆေးဝါးများ ပါဝင်ပါပြီး  ရောဂါအမှန်သက်သာ လာစေရန် Steroid ဟုခေါ်သော ဆေးဝါးများကိုလည်း ထည့်သွင်းထားတတ်သောကြောင့် လူ၏ခန္ဓာကိုယ်ခုခံအားကို ကျဆင်းစေပြီး ရောဂါပိုးအလွယ်တကူဝင်လာနိုင်ခြင်းအပြင် ပဋိဇီဝဆေး ၏အာနိသင်ကိုလည်း လျော့ကျစေနိုင်ကာ ပဋိဇီဝဆေးယဉ်ပါးမှုကို လျင်မြန်စွာပြန့်ပွားစေနိုင်ပါကြောင်း၊ ထို့ကြောင့် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီမှ ဆေးဆိုင်များကို ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ပြီး ပထမအကြိမ် သုံးလ ဆိုင်ပိတ်ခြင်း၊ ဒုတိယအကြိမ် ခြောက်လဆိုင်ပိတ်ခြင်း၊ တတိယအကြိမ် ဆေးဆိုင်လိုင်စင်ရုပ်သိမ်းပြီး အမျိုးသားဆေးဝါးဥပဒေအရ တရားစွဲခြင်းများကို ပြုလုပ်လျက်ရှိနေပါကြောင်း၊ ဆေးရုံများအလိုက်၊ ဆေးကုသမှုဆိုင်ရာရောဂါ အမျိုးမျိုးအလိုက် မိမိ၏ဆေးရုံ ပဋိဇီဝဆေးယဉ်ပါးမှုတင်ပြချက်အစီရင်ခံစာ(Antibiogram) ပေါ်မူတည် ပြီး ပဋိဇီဝဆေးသုံးစွဲမှုလမ်းညွှန်မှု(Hospital Antibiotic Guideline) ကို Therapeutic Guideline များနှင့်ဆက်စပ်ရေးဆွဲကြရန် သိရှိညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊ ဆေးရုံကြီးများအချို့၌ Hospital Antibiotic Guideline များရေးဆွဲ၍ မှန်ကန်သောပဋိဇီဝဆေးများကို စံချိန်စံညွှန်းနှင့်အညီ ကုသမှု အသုံးချရေးအတွက် ဆောင်ရွက်လျက်ရှိနေပြီ ဖြစ်ပါတကြောင်း၊ လူနာများမှ ပဋိဇီဝဆေးများကို မှန်ကန် တိကျစွာသောက်သုံးရန် အားနည်းနေခြင်းနှင့်ပတ်သက်၍ ဆေးဝါးကျွမ်းကျင်သူများ၊ ဆေးဝါး ရောင်းချသူများအပြင် ဆေးညွှန်းပေးသော ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများမှ တိကျသော လမ်းညွှန်မှာကြားချက်များကို တိုးတက်လုပ်ဆောင်ပေးနေပြီး ပြည်သူလူထုမှလည်း ပဋိဇီဝဆေးများကို မိသားစုအတွင်းနှင့် ပတ်ဝန်းကျင်အတွင်းတွင် အခြားသူများနှင့် မျှဝေသုံးစွဲခြင်း၊ ရောဂါ လက္ခဏာ ဆင်တူရုံနှင့် ကျွမ်းကျင်ပညာရှင်မဟုတ်ဘဲ အချင်းချင်းဆေးညွှန်းပေးခြင်း လွဲမှားသောကျင့်စဉ်များကို ရှောင်ကျဉ်ရန်လိုအပ်လျက်ရှိပါကြောင်း၊

ပဋိဇီဝဆေးယဉ်ပါးမှုလျော့နည်းရန်လုပ်ဆောင်ရာ၌ ပဋိဇီဝဆေးယဉ်ပါးနေသော မျိုးရိုးဗီဇများကို သယ်ဆောင်နေသောလူသား၊ တိရစ္ဆာန်၊ အစားအသောက်၊ ပတ်ဝန်းကျင်၊ ရေမြေ၊ လေထုများ ကိုပါ တစ်ခုတည်းသော ကျန်းမာရေး One Health အနေဖြင့် ခြုံငုံသုံးသပ်ရမည် ဖြစ်ပါကြောင်း၊ ကောင်းမွန် သော ဆေးကုသမှုဆိုင်ရာကျင့်စဉ် (Good Clinical Practice)ကို လိုက်နာရန်လည်း ဆေးရုံအုပ်ကြီး များနှင့် ဆေးကုသမှုပါရဂူများမှ ထိန်းကျောင်းကြည့်ရှုပေးရန်လည်း ကြိုးစားလျက်ရှိသည့်အပြင် ပဋိဇီဝဆေးသောက်သုံးရန်မလိုအပ်သော ဝေဒနာများကို ပဋိဇီဝဆေး သုံးစွဲနေသောအချက်နှင့် ပတ်သက်၍ အထွေထွေရောဂါကုဆေးရုံများနှင့် ဆေးရုံ၊ ဆေးခန်းများတွင် လိုက်နာရမည့်အချက်များကို ထည့်သွင်းတင်ပြခဲ့သည့်အတိုင်း ကျယ်ကျယ်ပြန့်ပြန့်ပညာပေးခြင်း၊ လမ်းညွှန်ချက်များ ထုတ်ပြန်ခြင်း၊ အသိပညာပေးစာစောင်များကို ဟောပြောပွဲများမှတစ်ဆင့် ဖြန့်ဝေခြင်းဖြင့် မလိုအပ်သောသုံးစွဲမှုများမှ ပဋိဇီဝဆေးယဉ်ပါးမှုပြန့်ပွားခြင်းကို ထိန်းချုပ်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် နိုင်ငံများစွာတွင် မွေးမြူရေးလုပ်ငန်းများ၌ အသားတိုးဆေးများနှင့်အတူ ပဋိဇီဝဆေး ရောနှောသုံးစွဲမှု များရှိနေပါကြောင်း၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှလည်း မှန်ကန်သောမွေးမြူရေးကျင့်စဉ်တို့ဖြင့် ထိန်းကျောင်းခြင်း၊ ဈေးဆိုင်များအတွင်းသို့ ဝင်ရောက်စစ်ဆေးအရေးယူခြင်း၊ ပြင်ပမှတင်သွင်းသော အသား၊ ငါးများ၏အရည်အသွေးကို စစ်ဆေးထိန်းကျောင်းပေးခြင်း၊ ရောင်းချသူများအတွင်း အုပ်စုဖွဲ့ ဆွေးနွေးခြင်း၊ စားသုံးသူများအတွင်း အုပ်စုဖွဲ့ဆွေးနွေးခြင်းများ စသည်တို့ကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိသည့်အပြင် Quinolone အုပ်စုဝင် ပဋိဇီဝဆေးများကို တိရစ္ဆာန်များတွင် လုံးဝမသုံးစွဲရန် ညွှန်ကြားထားပြီး လိုက်နာမှုရှိရန်လည်း တိုးတက်ဆောင်ရွက်လျက်ရှိပါကြောင်း၊

နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအနေဖြင့် WHO၊ ASEAN Regulatory Authorities Mekong ဒေသများအတွင်း နီးကပ်စွာပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ၂၆-၈-၂၀၁၉ ရက်နေ့မှ ၃၀-၈-၂၀၁၉ ရက်နေ့အတွင်း ကမ္ဘောဒီးယားနိုင်ငံ၌ကျင်းပပြုလုပ်သော (၁၄)ကြိမ်မြောက် အာဆီယံ ကျန်းမာရေး ဝန်ကြီးများအစည်းအဝေးတွင် ဆေးဝါးအတုတိုက်ဖျက်ရေးနှင့်ပတ်သက်ပြီး ရှေ့ဆက်ပူးပေါင်း ဆောင်ရွက်မည့် အစီအမံသဘောတူညီချက်များကို ရရှိထားပြီးဖြစ်ပါကြောင်း၊ ဆေးဝါးအတု၊ စံမမီသောဆေးဝါးများနှင့်ပတ်သက်၍ ASEAN Alert၊ WHO Alert Letter များသိရှိရပါကလည်း လက်တွေ့ Rapid Response များအနေဖြင့် ၎င်းဆေးဝါးများ မိမိနိုင်ငံဈေးကွက်အတွင်းရှိ/မရှိ စိစစ် ခြင်း၊ ဈေးကွက်မှပြန်လည်ရုပ်သိမ်းခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးကော်မတီများသို့ အကြောင်းကြားခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆေးဝါးတုတိုက်ဖျက်ရေးကိစ္စများနှင့်စပ်လျဉ်း၍ အာဆီယံအစည်းအဝေးတွင် မြန်မာနိုင်ငံအနေဖြင့် အရေးကြီးသောအချက်သုံးချက်ကို တင်ပြဆောင်ရွက်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံအတွင်းသို့ မှတ်ပုံတင်မဲ့ ထိန်းချုပ်မှုမရှိဘဲ ဝင်ရောက်လာသော ပဋိဇီဝဆေးများကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)မှ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်မရှိသော ဆေးဝါးများအား အရည်အသွေး၊ အာနိသင်နှင့် ဘေးအန္တရာယ်ကင်းရှင်းမှုအတွက် အာမခံချက်မရှိသောဆေးအဖြစ် သတ်မှတ်၍ ရောင်းချနေသောလုပ်ငန်းရှင်များနှင့်ဆိုင်များကို ပြည်ထဲရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာနတို့နှင့်ပူးပေါင်းကာ အရေးယူဆောင်ရွက်လျက် ရှိပါကြောင်း၊ သို့ရာတွင် ဆေးရုံ၊ ဆေးခန်းများတွင် ပဋိဇီဝဆေးများကို စနစ်တကျအသုံးချမှုကိစ္စတွင် မြန်မာတစ်နိုင်ငံလုံး အနေဖြင့် လွှမ်းခြုံမှုအားနည်းနေပါသေးကြောင်းနှင့် လူအင်အား၊ ကျန်းမာရေး ဝန်ထမ်းများ ပူးပေါင်းမှုနှင့် ပြည်သူများ၏အသိပညာတိုးတက်မှုအတွက် လိုအပ်ပါကြောင်း ပြန်လည်ဖြေကြား ပါသည်။