Skip to main content

(ဆ)-မိုင်းရယ်မြို့နယ်၊ မန်မုံတိုက်နယ်ဆေးရုံအသစ် တည်ဆောက်ပြီးဖြစ်သဖြင့် လိုအပ်သော ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရိဘောဂများနှင့် ဆေးရုံသုံးပစ္စည်းများအား ဖြည့်ဆည်းပေးကာ မည်သည့်ကာလတွင် စတင်ဖွင့်လှစ်ဆောင်ရွက်သွားမည်ကို သိလိုခြင်းနှင့်စပ်လျဉ်း သည့်မေးခွန်း

မိုင်းရယ်မြို့နယ်အတွင်းရှိ မန်မုံကျေးလက်ကျန်းမာရေးဌာနခွဲအား တိုက်နယ်ဆေးရုံအဖြစ်သို့ တိုးမြှင့်ဖွင့်လှစ်နိုင်ရေးအတွက် ၂၀၁၅ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၈/၂၀၁၅)တွင် သဘောတူညီပြီး ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ ၁၂-၅-၂၀၁၅ ရက်စွဲပါစာအမှတ်၊ ကမပ/က ၁၄၀၇/၁၆၁ ဖြင့် အသစ်တိုးချဲ့ဖွင့်လှစ်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် ပထမပုံမှန်အစည်းအဝေး (၂၁)ရက်မြောက်နေ့တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြည်သူ့လွှတ်တော်တွင် ဖြေကြားခဲ့ပါကြောင်း၊

မိုင်းရယ်မြို့နယ်၊ မိုင်းဟက်၊ မန်ပုံကျေးရွာအုပ်စုအတွင်းရှိ မန်မုံတိုက်နယ်ဆေးရုံ၏ ဝန်ထမ်း အင်အား၊ တည်ဆောက်ရေးလုပ်ငန်းများကို ၁၄-၁၂-၂၀၁၇ ရက်နေ့တွင် စတင်ပြီး နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း ၂၀၀ ဖြင့်လည်းကောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း ၃၀၀ ဖြင့်လည်းကောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း ၅၀ ဖြင့်လည်းကောင်း စုစုပေါင်းကျပ်သန်း ၅၅၀ ဖြင့် တည်ဆောက်ပြီး ၄-၃-၂၀၁၉ ရက်နေ့တွင် တည်ဆောက်ရေးလုပ်ငန်းများ ၁၀၀ ရာခိုင်နှုန်းပြီးစီးပြီး လုပ်ငန်းအပ်နှံ ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်ကိုလည်း သိရှိရပါကြောင်း၊ သို့ဖြစ်၍ မိုင်းရယ်မြို့နယ်အတွင်းရှိ မန်မုံကျေးလက် ကျန်းမာရေးဌာနခွဲအား တိုက်နယ်ဆေးရုံအဖြစ် တိုးမြှင့်ခွင့်ပြုချက် ရရှိပြီးဖြစ်ခြင်း၊ တိုက်နယ်ဆေးရုံ အဆောက်အဦတည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးပြီဖြစ်ခြင်း တို့ကြောင့် တိုက်နယ်ဆေးရုံအသစ်အတွက်လိုအပ်သည့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ပရိဘောဂနှင့် ဆေးရုံသုံးပစ္စည်းများကို ဖြည့်ဆည်းပေးပြီး အစောဆုံးမည်သည့်ကာလတွင် စတင်ဖွင့်လှစ်ဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်မြလေးစိန်   

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ် မန်မုံတိုက်နယ်ဆေးရုံအဆောက်အဦသစ်အား ၂၈-၂-၂၀၁၉ ရက်နေ့တွင် လွှဲပြောင်းလက်ခံခဲ့ပါကြောင်း၊ ဆေးရုံဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ခဲ့ရာတွင် ဆေးရုံသုံးပစ္စည်း ၃၈ မျိုးအား ၂၃-၁၂-၂၀၁၉ ရက်နေ့တွင် မိုင်းရယ်မြို့နယ် ပြည်သူ့ဆေးရုံ၌ ရောက်ရှိလက်ခံပြီး မန်မုံတိုက်နယ် ဆေးရုံသို့ပေးဆောင် ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိအထက်တန်း သူနာပြုနှစ်ဦး၊ သူနာပြုနှစ်ဦး၊ ဆေးစပ်(၄)တစ်ဦး စုစုပေါင်း ငါးဦးခန့်ထားပြီးဖြစ်ပါကြောင်းနှင့် ခန့်ထားသော အဆိုပါသူနာပြု များအနက် အထက်တန်းသူနာပြုတစ်ဦးနှင့် ဆေးစပ်ကျွမ်းကျင် တစ်ဦးတို့သည် ၇-၂-၂၀၂၀ ရက်နေ့မှစ၍ တာဝန်ထမ်းဆောင်ကြမည်ဖြစ်ပြီး မန်မုံတိုက်နယ်ဆေးရုံ၏ ဆေးရုံလုပ်ငန်းများ ကို ၇-၂-၂၀၂၀ ရက်နေ့ညနေပိုင်းမှ စတင်လည်ပတ်နိုင်မည် ဖြစ်ပါကြောင်း၊

 ပြည်နယ်ကုသရေးဦးစီးဌာနအနေဖြင့် တာဝန်ခံဆရာဝန်တစ်ဦးအားလည်း ယာယီချထား ပေးခဲ့ပြီး ဆေးရုံလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ကျန်သူနာပြုများကိုလည်း ဆေးရုံသို့ အမြန်ဆုံးသွားရောက်တာဝန်ထမ်းဆောင်စေရန်အတွက် ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊ အငယ်တန်းဝန်ထမ်းလိုအပ်ချက်အတွက် ကုသရေးဦးစီးဌာန၏ ၃၀-၁-၂၀၂၀ ရက်စွဲပါစာအမှတ်၊ အစရ-၁(က-၁)၂၀၂၀/၀၁၉၃ ဖြင့် မိုင်းရယ်မြို့နယ်၊ မန်မုံတိုက်နယ်ဆေးရုံတွင် နေ့စားဝန်ထမ်း သုံးဦးအား ခန့်ထားခွင့်ပြုခဲ့ပြီးဖြစ်ပါကြောင်း၊ ပြည်နယ်ကုသရေးဦးစီးဌာန၏အစီအစဉ်ဖြင့် ဆောင်ရွက်လျက် ရှိပါကြောင်း၊ အမြဲတမ်းဆရာဝန်ခန့်ထားပေးရေးနှင့်ပတ်သက်၍ ၂၀၂၀ ပြည့်နှစ် မေလတွင် လုပ်သက်ရလက်ထောက်ဆရာဝန်များအား လုပ်ငန်းလိုအပ်ချက်ရှိသော ဆေးရုံများသို့ ပြောင်းရွှေ့ခန့်ထားပေးချိန်တွင် မန်မုံတိုက်နယ်ဆေးရုံသို့ တိုက်နယ်ဆရာဝန် တစ်ဦးခန့်ထားပေးနိုင်ရန် စီစဉ်ထားပြီး ဖြစ်ပါကြောင်း၊ ဆေးရုံ၏ပရိဘောဂလိုအပ်ချက်များအား ဖြည့်ဆည်းရန်အတွက် ကုသရေးဦးစီးဌာန၏ ၆-၂-၂၀၂၀ ရက်စွဲပါစာအမှတ်၊ ၁၃၇/ဘင(စ) ငွေအလုံးအရင်း/၂၀၂၀ ဖြင့် ခွင့်ပြုရန်ပုံငွေ ၁၃၉၇၀၅၀၀ ကျပ်အား ခွင့်ပြုထားပြီးဖြစ်ပါကြောင်း၊ ထပ်မံလိုအပ်သောဆေးရုံသုံးပစ္စည်းများအနက် OT Table၊ OT Lamp အား ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် ဖြည့်ဆည်းပေးရန်စီစဉ်ဆောင်ရွက်ထားပြီး X-ray Machine အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဝယ်ယူရန်လျာထားပေးပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးစိုင်းသီဟကျော်(မိုင်းရယ်မဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

မိမိမေးခွန်းတွင်  စတင်ဖွင့်လှစ်မည့်နေ့ကို သိရှိလိုသည်ဟု ပါရှိပါကြောင်း၊ မေးခွန်းစတင် တင်ပြသည့်အချိန်နှင့် လုပ်ငန်းစတင်သည့် ကာလကိုပြန်တွက်ကြည့်ပါက ၂၀၁၅ ခုနှစ် ကတည်းက အစိုးရ Cabinet ၏ သဘောတူညီချက်ရထားပြီး ယခု ၂၀၁၉ ခုနှစ်အထိ လေးနှစ်၊ ငါးနှစ်ခန့် ကြာပြီဖြစ်ပါကြောင်း၊  ထို့ကြောင့် တည်ဆောက်ရေးလုပ်ငန်းများလည်း ပြီးစီးနေပြီ ဖြစ်သည့်အပြင် ယခုအချိန်ထိ လိုအပ်သည့် ဝန်ထမ်းနှင့် ပရိဘောဂများ အဆင်သင့်မဖြစ်သေး သည်ကို တွေ့ရှိရပါကြောင်း၊ ထို့ပြင် ဒုတိယဝန်ကြီး၏ ဖြေကြားချက်သည် လိုအပ်ချက်များ အားလုံးပြည့်မီခြင်းမရှိသေးပါကြောင်း၊ တိုက်နယ်ဆရာဝန်ခန့်ထားနိုင်ရန်လည်း ယခုအချိန် အထိ ယာယီသာရှိနေသေးပါကြောင်း၊ ထို့ပြင် အခြားသောဝန်ထမ်းခန့်ထားမှုများလည်း ဆောင်ရွက်ဆဲသာရှိနေသည်ဟု  ဖြေဆိုပါကြောင်း၊ ထို့ကြောင့် ဆေးရုံဖွင့်လှစ်မည့်ရက်နှင့်  လုပ်ငန်းအားလုံးစတင်ဆောင်ရွက်နိုင်မည့်ရက်ကို ဖြစ်နိုင်ပါက ပိုမိုတိကျစွာ သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်မြလေးစိန်   

ယနေ့ ပြည်သူ့လွှတ်တော်ကိုမလာခင် မနက် ၉ နာရီအချိန်ခန့်တွင် ဆရာဝန်နှင့် သူနာပြု နှစ်ဦးသည် မိုင်းရယ်မြို့ ပြည်သူ့ဆေးရုံကို ရောက်ရှိနေပြီဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ပါသည်။