Skip to main content

မြန်မာနိုင်ငံတွင် ရွက်ပုန်းသီးအားကစားသမားများ ပေါ်ထွန်းလာရန်အတွက် ရပ်ကွက်/ကျေးရွာ အောက်ခြေအထိဆင်း၍ အဆင့်မြင့်ကစားသမားများ ရွေးချယ်နိုင်ရန်လိုအပ်ပါကြောင်း ယခုလို အောက်ခြေအထိ အားကစားသမားကောင်းများ ရွေးချယ်နိုင်ရန်အတွက်သည် ရပ်ကွက်/ကျေးရွာနှင့် ကိုက်ညီမည့် အားကစားကွင်းများ လိုအပ်ပါကြောင်း၊ ကစားကွင်းများရှိမှ အားကစားသမားကောင်း များ ရွေးချယ်နိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာ့အားကစား ပြန်လည်ဦးမော့လာနိုင်ရန်အတွက် ကျေးရွာ အသီးသီးတွင် ကျေးရွာနှင့်ကိုက်ညီမည့် အားကစားကွင်းများ ဖော်ထုတ်နိုင်မည်ဆိုလျှင် ကျေးရွာ အသီးသီးတွင်ရှိသည့် ရွက်ပုန်းသီးလူငယ်အားကစားသမားများလည်း ပေါ်ထွန်းလာမည် ဖြစ်ပါ ကြောင်း၊ ယခုအခါတွင် ဝန်ကြီးဌာနအနေဖြင့် နီးစပ်ရာအားကစားသမားများကို မြန်မာ့လက်ရွေးစင် တွင် သုံးစွဲနေသည်ကို မြင်တွေ့နေရပါကြောင်း၊ ထိုအချက်ကိုကြည့်ခြင်းအားဖြင့် မြန်မာ့အားကစား သည် တိုးတက်မှုမရှိဘဲ  ဆုတ်ယုတ်လာပါကြောင်း၊ မြို့နယ်အားကစားဦးစီးမှူး အနေဖြင့်လည်း ကျေးရွာအသီးသီးကိုသွားရောက်၍ အားကစားအကြောင်းသိကောင်းစရာများကို ကျေးရွာအလိုက် ကွင်းဆင်းစေပြီး ဝေငှပေးစေချင်ပါကြောင်း၊

အားကစားကွင်းများအတွက် ဘတ်ဂျက်ကို လုံလောက်စွာသုံးစွဲစေချင်ပါကြောင်း၊ မိမိတောင်းဆိုနေ သည့် အားကစားကွင်းဘတ်ဂျက်သည် အဆင့်မြင့်တည်ဆောက်ရန် မဟုတ်ပါကြောင်း၊ ကျေးရွာနှင့် ကိုက်ညီမည့် အားကစားကွင်းများကို ဖော်ထုတ်ပေးရန် တောင်းဆိုခြင်းဖြစ်ကြောင်း၊ ကျေးရွာ အလိုက် အားကစားကွင်းများကို ဖော်ထုတ်ပေးလိုက်မည်ဆိုလျှင် လူငယ်အားကစားသမားများ မြောက်မြားစွာပေါ်ထွန်းလာမည်ဖြစ်ကြောင်း၊ ယခုလိုလူငယ်အားကစားသမားများ မြောက်မြားစွာ ပေါ်ထွန်းလာရန်အတွက် သင့်လျော်သည့်အားကစားကွင်းများကို ဖော်ထုတ်ပေးစေချင်ပါကြောင်း၊ မိမိတို့ရပ်ကွက်/ကျေးရွာအသီးသီးများတွင် ဘောလုံးကွင်း၊ ဘော်လီဘောကွင်း၊ ဖူဆယ်ကွင်းနှင့် ပိုက်ကျော်ခြင်းကွင်းမရှိသည့်အတွက် လမ်းမပေါ်တွင်သော်လည်းကောင်း၊ ရိတ်သိမ်းပြီးသော လယ်ကွက်များတွင်သော်လည်းကောင်း၊ မြေလွတ်၊ မြေလပ်ပါမကျန် ကစားနေရသည့် အဖြစ်မျိုး နှင့်ကြုံတွေ့နေရပါကြောင်း၊ ကျေးရွာအလိုက် အားကစားကွင်းများ ဖော်ထုတ်ပေးလိုက်မည်ဆိုလျှင် ကျေးရွာအဆင့်၊ မြို့နယ်အဆင့်၊ ပြည်နယ်အဆင့်ပါမကျန် မြန်မာ့လက်ရွေးစင် ကစားသမားကောင်း များ မြောက်မြားစွာပေါ်ထွန်းလာမည်ဖြစ်ကြောင်း၊

မိမိတို့အရပ်ဒေသသည် တိုင်းရင်းသားပေါင်းစုံနှင့်  မှီတင်းနေထိုင်ကြသည့် မြို့လေးတစ်မြို့ဖြစ်ပါ ကြောင်း၊  အဓိကနေထိုင်သည်မှာ ကျေးလက်တောရွာတွင်ပိုများပါကြောင်း၊ မိမိတို့ တိုင်းရင်းသား လူငယ်လေးများသည် အားကစားကို အလွန်မြတ်နိုးတန်ဖိုးထားကြပါကြောင်း၊ တချို့တိုင်းရင်းသား ကျေးရွာများတွင်ဆိုလျှင် ကစားကွင်းမရှိသည့်အတွက် စိုက်ပျိုးရိတ်သိမ်းပြီးသည့် လယ်မြေသော် လည်းကောင်း၊ ယာမြေသော်လည်းကောင်း ကွင်းကြမ်းကိုဖော်ထုတ်၍ တစ်ခဏတာ ကစားနေကြ ရသည့် အဖြစ်မျိုးနှင့် ကြုံတွေ့နေရပါကြောင်း၊ ၎င်းကိုကြည့်ခြင်းအားဖြင့် အားကစားသည် မြေပြန့် သာမက တောင်တန်းဒေသဖြစ်သည့် ကျေးလက်တောရွာပါမကျန် လိုလိုလားလားနှင့် ကစားနေကြ သည်ကို တွေ့မြင်နေရခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် တောင်တန်းဒေသကြီးများကို ကျေးရွာများနှင့်ကိုက်ညီမည့် အားကစားကွင်းများဖော်ထုတ် ပေးစေချင်ပါကြောင်း၊ ထိုမှသာ မြန်မာ့လက်ရွေးစင်တွင် တိုင်းရင်းသားကစားသမားမြောက်မြားစွာ ပေါ်ထွန်းလာမည်လည်းဖြစ် ပါကြောင်း၊  ယခုဆိုလျှင် လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် မိမိတို့သည် မိမိမဲဆန္ဒနယ်မြေ တွင် ကျေးရွာများကွင်းဆင်းတိုင်းလူငယ်များသည် အစည်းအဝေးကို လာရောက်တက်ရောက်ကြ ပါကြောင်း၊ ၎င်းလူငယ်များ၏ အဓိကတင်ပြချက်များသည် ဘောလုံးကွင်းများ၊ ဘော်လီ ဘောကွင်းများ၊ ဖူဆယ်ကွင်းနှင့် ပိုက်ကျော်ခြင်းကွင်းများစသည့် အားကစားနှင့် သက်ဆိုင်သည့် အရာများသာတောင်းဆိုကြပါကြောင်း၊  ယခုလိုတောင်းဆိုသည့်အချက်ကို ကြည့်ခြင်းအားဖြင့် ကျေးလက်နေလူငယ်လေးများသည် အားကစားကိုစိတ်အားထက်သန်နေသည်ကို တွေ့မြင်ရ ပါကြောင်း၊

ထို့ကြောင့် ကျေးလက်တောရွာနေလူငယ်လေးများ တောင်းဆိုနေသည့် အားကစားကွင်းများကို ဖော်ထုတ်ပေးစေချင်ပါကြောင်း တောင်းခံအပ်ပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် မြို့ပေါ်တွင် အားကစားကွင်းရှိကြောင်း၊ ကျေးလက်တောရွာတွင် အားကစားကွင်းမရှိသည့်အတွက် ၎င်းတို့ လေ့ကျင့်ကစားရန် အားကစားကွင်းများ အထူးလိုအပ်ပါကြောင်းလည်း တောင်းဆိုချင်ပါကြောင်း၊ အားကစားကွင်းများကို ဖော်ထုတ်ပေးလိုက်မည်ဆိုလျှင် ကျေးလက်နေအားကစားသမားများသည် အားကစားတွင် ပျော်မွေ့လာ၍ တစ်ဖက်တွင်လည်း မူးယစ်ဆေးဝါးသုံးစွဲမှုလည်း လျော့နည်း လာမည်ဖြစ်ကြောင်း၊ သေရည်သေရက် သောက်စားမှုလည်း လျော့နည်းလာမည်ဖြစ်ကြောင်း၊ ကျန်းကျန်းမာမာနှင့် အားကစားကို ကြိုးကြိုးစားစားနှင့် ကစားလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျေးရွာများနှင့်ကိုက်ညီမည့် အားကစားကွင်းကို ဖော်ထုတ်ပေးစေချင်ပါကြောင်း၊ မိမိတို့အားကစား လောကကို တိုးတက်မြင့်မားလာနိုင်အောင် အောက်ခြေကျေးရွာအထိ အားကစားမှူးများကို ကွင်းဆင်းစေခိုင်း၍ အားကစားသမားကောင်းများ ရွေးချယ်ဖော်ထုတ်ရန်အတွက် ကျေးရွာအလိုက် အားကစားကွင်းများကိုလည်း ဖော်ထုတ်ပေးပါရန် တောင်းခံပါကြောင်း၊ လူငယ်များ၏ အနာဂတ်ဘဝလှပရန် အားကစားဖြင့်သာ ဘဝလှပအောင်ထိန်းသိမ်းကြစို့ ဆိုသည့်စကားရပ်နှင့် အညီ လူငယ်များလိုအပ်သည့် အားကစားကွင်းကို ဖော်ထုတ်ပေးရန်တောင်းခံအပ်ပါကြောင်း၊ ထို့ကြောင့် မြန်မာ့အားကစား ယခုထက်မက ဖွံ့ဖြိုးတိုးတက်ရန်အတွက် မြန်မာ့လက်ရွေးစင် ကစားသမားကောင်း ယခုထက်ပေါ်ထွန်းရန်အတွက် ကျေးရွာနှင့် ကိုက်ညီမည့်အားကစားကွင်းကို ဖော်ထုတ်ပေးပါရန်တောင်းဆိုလိုပါကြောင်း မေးမြန်းပါသည်။


 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်မြလေးစိန်

ကယားပြည်နယ်တွင် မယ်စဲ့မြို့အပါအဝင် မြို့နယ်ပေါင်း ခုနစ်မြို့နယ်ရှိ၍ ကျေးရွာအုပ်စု ၇၄ အုပ်စုနှင့် ကျေးရွာပေါင်း ၅၁၇ ရွာရှိပါကြောင်း၊ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်မှစ၍ နှစ်စဉ် မြို့နယ် ဘဏ္ဍာရန်ပုံငွေ ခွဲဝေချထားပေးခဲ့ပါကြောင်း၊ ဘဏ္ဍာငွေခွဲဝေချထားမှုအရ တစ်ဘီလီယံခန့်သာ ရရှိကြသည်ဖြစ်ရာ မြို့နယ်များအလိုက် မြို့နယ်ဘောလုံးကွင်းများ၊ အားကစားရုံများ၊ ဝန်ထမ်း နေအိမ်များကို ဦးစားပေးအလိုက် ဘဏ္ဍာငွေများခွဲဝေဆောင်ရွက် ပေးနေရပါသောကြောင့် မယ်စဲ့မြို့နယ် ကျေးရွာများအားလုံးတွင် ဘောလုံးကွင်း၊ ဖူဆယ်ကွင်း၊ ဘော်လီဘောကွင်းနှင့် ပိုက်ကျော်ခြင်းကွင်းများကို ဆောင်ရွက်ပေးရန်အတွက် ဘဏ္ဍာငွေအနေအထားအရ လောလော ဆယ်တွင် အစီအစဉ်မရှိသေးပါကြောင်း ကယားပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်ကို ရှင်းလင်း တင်ပြလိုပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် လွှတ်တော်ကိုယ်စားလှယ် ကြီး၏ တင်ပြချက်အား လာမည့်ဘဏ္ဍာရေးနှစ်များတွင် ပိုမိုစဉ်းစားဆောင်ရွက်‌ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။