Skip to main content

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ အုတ်ဖိုကျေးရွာသည့် စစ်ကိုင်းတောင်နှင့် ဧရာဝတီ မြစ်အကြား၊ စစ်ကိုင်းတောင် အရှေ့ဘက်ကမ်းပါးတွင် တည်ရှိပြီး စစ်ကိုင်းမြို့မှ ၎င်းရွာသို့ ရောက်အောင်သွားရန် အလွန်ပင်ခက်ခဲပြီး လမ်းများသည် ကောင်းမွန်ခြင်း မရှိသေးပါကြောင်း၊ ရွာသူ ရွာသားများသည် လုပ်စားကိုင်စားအခွင့်အလမ်း ရှားပါးလှပြီး အရှေ့တွင် ဧရာဝတီမြစ်၊ အနောက် တွင် စစ်ကိုင်းတောင်သာရှိပြီး လယ်ယာမြေ မရှိသည့် ဆင်းရဲနွမ်းပါးကြပါကြောင်း၊ အုတ်ဖို အခြေခံပညာ မူလတန်းလွန်ကျောင်းသည် ရွာ၏ အနောက်ဘက် သဲသောင်ကုန်းစောင်း မညီမညွတ် ကျဉ်းမြောင်းလှသည့်နေရာတွင် ပြုပြင်တည်ဆောက်ထားခြင်းဖြစ်ပြီး မတ်စောက်ပြီး မညီမညွတ် သည့် လမ်းသာရှိသည့်အတွက် ကား၊ ဆိုင်ကယ်များလည်း ကျောင်းပေါ်ကို တက်၍ ဝင်၍ မရပါကြောင်း၊ ကျောင်းဆောင် အနောက်ဘက်၊ ကျောဘက်သည် သဲသောင်ကြီးဖြစ်ပြီး မိုးများ သည့် အချိန်တွင် မြေများပြိုကျသည့်အတွက် ရေရှည်တွင် ကျောင်းကို အန္တရာယ်ပြုလာမည် ဖြစ်ပါကြောင်း၊ ၎င်းကိစ္စကို အဆင်ပြေစေရေးအတွက် အုတ်ဖိုကျေးရွာ ဦးမောင်ဆွေ+ဒေါ်ရီ မိသားစုမှ ရွာတောင်ဘက် ရွာဦးဘုန်းတော်ကြီး ကျောင်းဘေးရှိ မြေတစ်ဧကကို ကျောင်းဆောက်ရန် လှူဒါန်းပြီး ဖြစ်သည့်အတွက် ယခုမေးခွန်းကို မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊ မေးခွန်းကတော့ စစ်ကိုင်းမြို့နယ်၊ အုတ်ဖိုကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းသည် သဲသောင်ကုန်း ကမ်းပါးယံ ကျဉ်းမြောင်းသည့် နေရာတွင် တည်ဆောက်ထားခြင်း၊ မိုးများလျှင် ကျောင်း အနောက်ဘက် သဲသောင်မှ မြေများ ပြိုကျပြီး ကလေးများ အန္တရာယ် ရှိနေခြင်း၊ ကျောင်းသို့ တက်သော လမ်းသည် မတ်စောက်ကြမ်းတမ်းပြီး ကား၊ ဆိုင်ကယ် တက်၍ မရခြင်း၊ ပစ္စည်းများကို လူသယ်ယူနေရခြင်း စသည့် အခက်အခဲများ ရှိနေခြင်းကြောင့် အားလုံးအဆင်ပြေ စေရန်အတွက် မြေအလှူရှင်ကလည်း လှူဒါန်းပြီးဖြစ်ခြင်းကြောင့် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ကျောင်းနေရာ ရွှေ့၍ ဆောက်လုပ်ခွင့်ပြုပါရန် အစီအစဉ် ရှိ/မရှိနှင့် မည်သည့်အချိန်တွင် ခွင့်ပြုပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ အုတ်ဖိုကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း၏ ကျောင်းမြေနေရာအသစ်အတွက် လှူဒါန်းလိုသည့် မြေအလှူရှင် ရှိပြီးဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနမှ စိစစ်သိရှိရပါကြောင်း၊ သို့သော် ၎င်းနေရာသည် ပညာရေးဝန်ကြီးဌာနပိုင်၊ နိုင်ငံတော် ပိုင်မြေယာဖြစ်ရန် လိုအပ်ပြီး ဌာနပိုင်မြေအဖြစ်ရရှိရေး ဦးစွာဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ဌာနပိုင်မြေအဖြစ် မြေစာရင်း ပုံစံ(၁၀၅) ရရှိပြီးပါက ကျောင်းမြေနေရာအသစ်သို့   ပြောင်းရွှေ့ နိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘောထားမှတ်ချက်၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်အသီးသီး၏ သဘောထားမှတ်ချက်၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့နှင့် မိဘဆရာအသင်းတို့၏ သဘောထားမှတ်ချက်အစည်းအဝေး ဆုံးဖြတ်ချက်၊ မြေနေရာအသစ် မြေစာရင်း ပုံစံ(၁၀၅)၊ မြေနေရာ နှင့်စပ်လျဉ်းပြီး အငြင်းပွားမှု ဖြစ်လာပါက ဖြေရှင်းဆောင်ရွက်မည့် အစီအမံစသဖြင့် သက်ဆိုင်ရာကျောင်းများအနေဖြင့် အမှုတွဲတည်ဆောက်ပြီး မြို့နယ် ပညာရေးမှူး မှတစ်ဆင့် စစ်ကိုင်းတိုင်းဒေသကြီး ပညာရေးမှူး၏ သဘောထား မှတ်ချက်နှင့်အတူ အခြေခံပညာ ဦးစီးဌာနသို့ တင်ပြရမည် ဖြစ်ကြောင်း၊ အခြေခံပညာဦးစီးဌာနမှ ပညာရေးဝန်ကြီးဌာနသို့ ဆက်လက်တင်ပြပြီး နိုင်ငံတော်ပိုင်မြေနေရာဖြစ်စေရေး ဦးစွာဆောင်ရွက်ရန် လိုအပ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။