Skip to main content

(က)-မယ်စဲ့မြို့နယ်၊ ဟိုဂျစ်ကျေးရွာအုပ်စုရှိ ကျိုက်ထီးရိုးစေတီအနီး၌ သဘာဝအတိုင်းဖြစ်ပေါ်နေသော မြေနန်းတော်(ခေါ်)နတ်တောင်ကို ခရီးသွားလုပ်ငန်း တွင်တွင်ကျယ်ကျယ်ဖွံ့ဖြိုးတိုးတက်လာနိုင်အောင် သက်ဆိုင်ရာဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိသိလိုခြင်းနှင့်စပ်လျဉ်း သည့်မေးခွန်း

မိမိတို့မြို့သည် သန်လျင်မြစ်အရှေ့ဘက်ကမ်း တွင်တည်ရှိသည့် မြို့လေးတစ်မြို့ဖြစ်ပါကြောင်း၊ အိမ်နီးချင်းထိုင်းနိုင်ငံနှင့်လည်း ထိစပ်သောမြို့ဖြစ်ပါကြောင်း၊ ထိုင်းနယ်စပ်မြို့ ဟုခေါ်သော်လည်း စက်ရုံ၊အလုပ်ရုံမရှိပါကြောင်း၊ ထို့ကြောင့် သဘာဝဂေဟ စနစ်ကိုမပျက်စီးစေသည့် မီးခိုးတိတ် စက်ရုံဖြစ်သည့်ခရီးသွားလုပ်ငန်းကို တစ်စိုက်မတ်မတ်လုပ်ကိုင်နိုင်ရန်အတွက် မြေနန်းတော်(ခေါ်) နတ်တောင်ကြီးကို ပြည်တွင်းပြည်ပခရီးသွားမှု စိတ်ဝင်စားလာစေရန်၊ ပြည်တွင်းပြည်ပလာရောက် လည်ပတ်နိုင်ရန်၊ နိုင်ငံတော်အစိုးရအနေဖြင့် ဖော်ထုတ်ဆောင်ရွက်ပေးစေလိုပါကြောင်း၊ နတ်တောင်ကြီးသည် လက်ရှိမြန်မာနိုင်ငံတွင် မည်သည့်မြို့နယ်မှမရှိပါကြောင်း၊ မိမိတို့မယ်စဲ့မြို့နယ်တွင်သာ တည်ရှိပါကြောင်း၊ မြေနန်းတော်(ခေါ်) နတ်တောင်သည် ရှေးယခင်က စစ်ဘေးဒဏ်ကြောင့်၊ လူသိနည်းခဲ့မှုကြောင့် သွားရောက်လည်ပတ်မှုမရှိခဲ့ပါကြောင်း၊ ယခုငြိမ်းချမ်းရေးရောင်ခြည်သမ်း လာပြီဖြစ်၍ သွားရေးလာရေးတွင်လည်း လွတ်လွတ်လပ်လပ်နှင့် ငြိမ်းချမ်းစွာသွားရောက် လည်ပတ်၍ရပါကြောင်း၊ ယခုအခါတွင် မိမိတို့အစိုးရသစ်လက်ထက်တွင် မြေနန်းတော်(ခေါ်) နတ်တောင်သည် လူသိများပြီး တွင်တွင်ကျယ်ကျယ်သိရှိလာပြီး လာရောက်လည်ပတ်သူလည်း ရှိနေကြပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးအားဖြင့်လည်း အထိုက်အလျောက် ကောင်းမွန်ပါကြောင်း၊ နယ်မြေလုံခြုံအေးချမ်းပြီးငြိမ်းလည်းငြိမ်းချမ်းပါကြောင်း၊ ၎င်းကျေးရွာအနီးတစ်ဝိုက်တွင် မှီတင်းနေထိုင်ကြသည့် ရှမ်းတိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် ကရင်တိုင်းရင်းသား၊ တိုင်းရင်းသူအများစုနေထိုင်ကြသည်ကိုလည်း တွေ့မြင်ရပါကြောင်း၊

မြေနန်းတော်(ခေါ်)နတ်တောင်ကြီးကို ပြည်တွင်းပြည်ပစိတ်ဝင်စားလာနိုင်အောင် အစိုးရအနေဖြင့် ဖော်ဆောင်လိုက်မည်ဆိုရလျှင် ကယားပြည်နယ်၏ ခရီးသွားလုပ်ငန်းသည်လည်း တွင်တွင်ကျယ်ကျယ် တိုးတက်လာမည်ဖြစ်ပါကြောင်း၊ ခရီးသွားလည်ပတ်ရန်တစ်နေရာလည်းတိုးလာမည်ဖြစ်ပါကြောင်း၊ ၎င်းအနီးအနားတွင်နေထိုင်သည့် ကျေးလက်တောရွာနေပြည်သူလူထုများ၏ လူနေမှုဘဝဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း၊

မြေနန်းတော်(ခေါ်) နတ်တောင်ကြီးသည်သဘာဝကပေးသောသဘာဝလက်ဆောင်ကြီးဖြစ်ပါကြောင်း၊  သဘာဝမြေနှင့်ဖြစ်ပေါ်နေသည့်နတ်တောင်ကြီး လည်းဖြစ်ပါကြောင်း၊ အင်မတန်လည်း စိတ်ဝင်စားစရာကောင်းပါကြောင်း၊   

၎င်းမြေနန်းတော်(ခေါ်) နတ်တောင်ကြီးသည် မယ်စဲ့မြို့နယ်၊ ဟိုဂျစ်အုပ်စု၊ ဟိုဂျစ်ကျေးရွာအနီးတွင်တည်ရှိပြီး နာမည်အမျိုးမျိုးနှင့်လည်း တင်စားခေါ်ဝေါ်သုံးစွဲကြပါကြောင်း၊ ရှမ်းလိုအခေါ်အဝေါ်သည် လွယ်ဝိုင်းတောင်ဟုခေါ်၍ မြန်မာလိုမှာ တောင်မြို့ဟုလည်းခေါ်ဆိုသုံးစွဲကြပါကြောင်း၊ တချို့က မြေနန်းတော်၊ နတ်တောင်၊ နတ်မြို့တော်ဟုလည်း တင်စားခေါ်ဝေါ်ကြပါကြောင်း၊ ၎င်းနတ်တောင် ကိုသွားမည်ဆိုလျှင် ကားလမ်းမကြီးမှ နတ်ဟု ကျေးရွာလမ်းခွဲအထိသွားရပါကြောင်း၊ ဟိုဂျစ်ကျေးရွာ ရောက်လျှင်လွယ်ဝေးတောင်လမ်းခွဲမှသွားလျှင် ၁၅ မိနစ်လောက်ဆိုလျှင် လွယ်ဝေး တောင်(ခေါ်)နတ်တောင်၏ တောင်ခြေရောက်ပြီး တောင်ခြေထိကားလမ်းလည်း ပေါက်ရောက်ပါကြောင်း၊

မြေနန်းတော်(ခေါ်)နတ်တောင်ကို ပြည်တွင်းပြည်ပတွင်တွင်ကျယ်ကျယ် သိရှိလာနိုင်အောင် နိုင်ငံ တော်အစိုးရအနေဖြင့် အမြန်ဆုံးဆောင်ရွက်ပေးစေလိုပါကြောင်း၊ ပြည်ပခရီးသွားလည်း သိရှိလာမည်ဆိုလျှင် တိုင်းပြည်၏ဘဏ္ဍာငွေသာမက အခွန်အခလည်းရရှိလာမည်ဖြစ်ပါကြောင်း၊ ၎င်းနတ်တောင်ကြီးကို မြန်မာနိုင်ငံသူနိုင်ငံသားအပါအဝင်ပြည်ပခရီးသွားလည်း စိတ်ဝင်တစားရှိလာနိုင်ရန် အစိုးရတစ်ရပ်အနေဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ပေးရန်တောင်းဆိုပါကြောင်း၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာမှသာလျှင် မယ်စဲ့မြို့နယ်သည်လည်း အချိန်နှင့် တစ်ပြေးညီဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ပါကြောင်း၊ ဘုရားဖူးနိုင်ရန် သဘာဝကျိုက်ထီးရိုးစေတီတော်ကြီးလည်း တည်ရှိပါကြောင်း၊ ၎င်းကျိုက်ထီးရိုး စေတီတော်ကြီးသည် သဘာဝက ဖြစ်ပေါ်နေသောစေတီတော်ကြီး တစ်ဆူလည်းဖြစ်ပါကြောင်း၊ ခရီးသွားပြည်သူများသည်လည်း ဘုရားဖူးရင်း မြေနန်းတော် (ခေါ်)နတ်တောင်ကို လာရောက်လည်ပတ်နိုင်ပါကြောင်း၊ သဘာဝကဖြစ်ပေါ်နေသော ကျိုက်ထီးရိုး စေတီတော်နှင့် မြေနန်းတော်(ခေါ်)နတ်တောင်သည် နီးစပ်လျက်ရှိပါကြောင်း၊

ထို့ကြောင့်ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်နှင့် ဟိုဂျစ်ကျေးရွာအုပ်စုရှိ ကျိုက်ထီးရိုးစေတီအနီး၌ သဘာဝ အတိုင်းဖြစ်ပေါ်နေသော မြေနန်းတော်(ခေါ်) နတ်တောင်ကို ခရီးသွားလုပ်ငန်းတွင်တွင် ကျယ်ကျယ်ဖွံ့ဖြိုး တိုးတက်လာနိုင်အောင် သက်ဆိုင်ရာဝန်ကြီးဌာနကစီစဉ်ဆောင်ရွက်ပေးရန်အစီ အစဉ်ရှိ/မရှိမေးမြန်းပါသည်။


 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ ဦးတင်လတ်

၂၀၁၈ ခုနှစ် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေတွင် ဝန်ကြီးဌာနသည် အများပြည်သူ သွားလာ လည်ပတ်နိုင်သော ခရီးစဉ်များ၊ ခရီးစဉ်ဒေသများကို ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီနှင့် ညှိနှိုင်း၍ သတ်မှတ်ရမည်ဟု ဖော်ပြပါရှိပါကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်မှ ဥက္ကဋ္ဌအဖြစ် တာဝန်ယူရသည့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ၏ လုပ်ငန်းတာဝန်များထဲတွင် ခရီးစဉ်ဒေသအသစ်များဖော်ထုတ်ခြင်းသည်လည်း တစ်ခုအပါအဝင် ဖြစ်ပါကြောင်း၊ ကယားပြည်နယ်အစိုးရအဖွဲ့သည် ကယားပြည်နယ်အတွင်း လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရန် ကြိုးပမ်းလုပ်ဆောင်နေရာမှာ ပြည်နယ်အတွင်းခရီးသွားဧည့်သည်ဝင်ရောက်မှုအခြေ အနေပေါ်မူတည်ပြီး ခရီးစဉ်ဒေသအသစ်များ စဉ်ဆက်မပြတ်ဖော်ထုတ်ခြင်းလည်း ပါဝင်ပါ ကြောင်း၊ ပြည်ပခရီးသွား ဧည့်သည်များပါ လာရောက်လည်ပတ်နိုင်မည့် ခရီးစဉ်ဒေသသစ်များဖော် ထုတ်ရာတွင် ကန့်သတ်နယ်မြေများအတွင်း မကျရောက်ရန် လိုအပ်ပါကြောင်း၊

ကယားပြည်နယ်အတွင်း ပြည်တွင်းပြည်ပခရီးသွားများပိုမိုဝင်ရောက်နိုင်ရန် နယ်မြေဒေသအခြေ အနေအပေါ်မူတည်ပြီး ကန့်သတ်နယ်မြေများဖြေလျှော့ပေးနိုင်ရေးကိုလည်း ပြည်ထောင်စုအစိုးရသို့ တင်ပြဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါ နယ်စပ်ဝင်ပေါက်ဖြစ်သည့် PB 13 အား အပြည်ပြည် ဆိုင်ရာဝင်ပေါက်အဖြစ် သို့မဟုတ် ခြောက်ညအိပ်ခုနစ်ရက်ခရီးစဉ်များအဖြစ် ဖော်ဆောင်နိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြထားပြီး ဖြစ်ပါကြောင်း၊ အဆိုပါနယ်စပ် ဝင်ပေါက် ခွင့်ပြုချက်ရရှိပါက တစ်ဖက်နယ်စပ်ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်းခရိုင် နှင့် ပူးပေါင်းပြီး ထိုင်းနိုင်ငံဘက်မှ ခရီးသွားဧည့်သည်များ ကယားပြည်နယ်သို့လာရောက် လည်ပတ်နိုင်သည့် ခရီးစဉ် အသစ်များထဲတွင် မယ်စဲ့မြို့နယ်၊ ဟိုဂျစ်ကျေးရွာအုပ်စု ကျိုက်ထီးရိုးစေတီအနီးရှိသဘာဝ အတိုင်း ဖြစ်ပေါ်နေသည့် မြေနန်းတော်(ခေါ်)နတ်တောင်ကို ခရီးစဉ်ဒေသအသစ်တစ်ခုအဖြစ်ဖော်ဆောင် သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါခရီးစဉ်အား ပြည်ပခရီးသွားဧည့်သည်များ လာရောက်လည်ပတ် နိုင်စေရေးအတွက် နယ်မြေ ဒေသအခြေအနေအပေါ်မူတည်ပြီး ကန့်သတ် နယ်မြေအဖြစ်မှ ပယ်ဖျက် ပေးနိုင်ရန် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်တင်ပြလုပ်ဆောင် သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။