Skip to main content

 

မိမိ၏ မဲဆန္ဒနယ်မြေတွင် ရှိသည့် မေးခွန်းတွင် ဖော်ပြထားသည့် ကျေးရွာများသည် သောက်သုံးရေ အခက်အခဲ ဖြစ်နေပါကြောင်း၊ တချို့ကျေးရွာများသည် ရေရရှိသော်လည်း ရေကောင်း ရေသန့် မရပါကြောင်း၊ အေးချမ်းဖြိုး ကျေးရွာတွင် ထုံးဓာတ် များသည့်အတွက် ကျန်းမာရေးနှင့် မကိုက်ညီကြောင်း၊ ထို့ကြောင့် ‌ရေကောင်းရေသန့် ရနိုင်သည့် ငါးမိုင်ခန့် ကွာဝေးသည့်နေရာမှသွယ်ပေးနိုင်မှ အဆင်ပြေမည် ဖြစ်ပါကြောင်း၊

ထို့အတူ ကူကီးစံပြ ကျေးရွာသည် နွားနောက်စားကျက်ကို ဖြတ်ပြီး သွယ်ထားသည့်အတွက် BPC ပိုက်ဖြစ်သည့် အတွက် ကျွဲ၊ နွားများ နင်းခွဲပြီးသည့်အတွက် ‌ရေပုံမှန် မရနိုင်ပါကြောင်း၊ ရေရသည့်အချိန်တွင် ရေကောင်းရေသန့် မရဖြစ်နေကြောင်း၊ ထို့ကြောင့် သံပိုက်ဖြင့် သွယ်ပေးမှ အဆင်ပြေမည့် အနေအထားဖြစ်သည်ကို တွေ့ရပါကြောင်း၊

အောင်ဇေယျကျေးရွာနှင့် မြေနီကုန်းကျေးရွာတိုသည် ရေလုံလောက်မှု မရှိသည့် အတွက် ကျေးရွာသို့ ရောက်ရှိစေရန် ရေသွယ် ပေးရန် လိုအပ်နေခြင်း ဖြစ်ပါကြောင်း၊ လှန်လိုင်လှ ကျေးရွာသည် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျေးရွာတွင် ရေမရောက်ပါကြောင်း၊ မြေပြင်အခြေအနေကို သေချာ စိစစ်ပြီး တွက်ချက်မှု အားနည်းခြင်းကြောင့်ဟု မိမိအနေဖြင့် မြင်ပါကြောင်း၊ ကြီးကြပ်မှု မရှိသည့်အတွက် ဖြစ်ရသည်ကို မိမိတို့ သိရပါကြောင်း၊ ထို့ကြောင့် လေရှီးမြို့နယ်၊ အောင်ဇေယျကျေးရွာ၊ အေးချမ်းဖြိုးကျေးရွာ၊ ကူကီးစံပြကျေးရွာ၊ မြေနီကုန်း ကျေးရွာနှင့် လှန်လိုင်လှ ကျေးရွာ တို့ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် သောက်သုံးရေ သွယ်တန်း ဖြန့်ဖြူးပေးရန် အစီအစဉ်ရှိ/ မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ လေရှီး‌မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဌေး၏ လေရှီးမြို့နယ်၊ အောင်ဇေယျကျေးရွာ၊ အေးချမ်းဖြိုးကျေးရွာ၊ ကူကီးစံပြကျေးရွာ၊ မြေနီကုန်းကျေးရွာနှင့်လှန်လိုင် လှကျေးရွာတို့ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် သောက်သုံးရေ သွယ်ယူဖြန့်ဖြူးပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းအပေါ်တွင် ပြန်လည် ဖြေကြားသွားမည် ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်၏ မေးမြန်းချက်ရှိ လေရှီးမြို့နယ်အတွင်း ကျေးရွာငါးရွာနှင့် အောင်ဇေယျကျေးရွာ၊ အေးချမ်းဖြိုးကျေးရွာ၊ ကူကီးစံပြကျေးရွာ၊ မြေနီကုန်းကျေးရွာတို့သည် နယ်မြေပိုင်းခြားခွဲဝေ သတ်မှတ်မှုအရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တာဝန်ယူအကောင်အထည်ဖော်ဆောင်ရွက်သည့် နယ်မြေများတွင် ပါရှိပါကြောင်း၊ လှန်လိုင်လှ ကျေးရွာတစ်ရွာသာ နယ်စပ်ရေးရာဝန်ကြီးဌာန ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်သည့် စီမံကိန်းမြေတွင် ပါဝင်ကြောင်းကို စိစစ်တွေ့ရှိရပါကြောင်း၊

ထို့ကြောင့် လေရှီးမြို့နယ်၊ လှန်လိုင်လှကျေးရွာ သောက်သုံးရေရရှိရေးလုပ်ငန်းကို နယ်စပ်ရေးရာဝန်ကြီးဌာန၏ နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေတွင် မိမိတို့ ထည့်သွင်းလျာထားပေးနိုင်ရေးအတွက် သက်ဆိုင်ရာ မြို့နယ်စီမံခန့်ခွဲရေး ကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများနှင့် ကျေးရွာ တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းစိစစ်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေ သတ်မှတ်စီမံကိန်း အဆိုပြုလွှာပုံစံများဖြင့် စိစစ်ထောက်ခံ တင်ပြလာပါက ဘဏ္ဍာငွေ ရရှိမှုအပေါ် မူတည်၍ အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထား ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးကျော်ဌေး (လေရှီး မဲဆန္ဒနယ်) မှဆက်စပ်မေးခွန်းမေးမြန်းပါသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဖြေကြားချက်တွင် လှန်လိုင်လှ ကျေးရွာတစ်ရွာသာ လုပ်ပေးရန် စီမံကိန်းထဲတွင် ပါသည်ဟု သိရပါကြောင်း၊ ကျန်သည့် လေးရွာတွင်လည်း ရေအခက်အခဲဖြစ်နေခြင်းဖြစ်သည့်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး ကျန်ကျေးရွာလေးရွာကို ၂၀၂၀-၂၀၂၁ ခုနှစ်တွင် လုပ်ပေးနိုင်ရန် ပြန်လည်ပြီး ညှိနှိုင်း ဆောင်ရွက်ပေးရန် ရှိ/မရှိ   မေးမြန်းပါသည်။

နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်

လွှတ်တော် ကိုယ်စားလှယ်ကြီးတင်ပြသည့် ရွာ လေးရွာ အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနကို တင်ပြ ပေးကြောင်း၊ မိမိအနေဖြင့် ညှိနှိုင်းဆောင်ရွက်ပေးမည် ဖြစ်ပါ ကြောင်း မိမိအနေဖြင့် ပြန်လည်ရှင်းလင်း ဖြေကြားပါသည်။

 

နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်