Skip to main content

မဘိမ်းမြို့နယ်၏ ကျောင်းသား ကျောင်းသူ ၄၄ ဦးမှ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ငါးနှစ်သင်တန်းသို့ အဆိုပြု လျှောက်ထားမှုများကို လက်မခံ ငြင်းပယ်ခံရခြင်းသည် မည်သည့် မူဝါဒနှင့် ညွှန်ကြားချက်ကြောင့် ဖြစ်ရသည်ကို သိလိုခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း

မဘိမ်းမြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် မြို့နယ် ဖြစ်ပါကြောင်း၊ ရှမ်းလူမျိုးများနှင့် တိုင်းရင်းသား ပေါင်းစုံရောပြီး နေထိုင်သည့် တောင်သူလယ်လုပ်သည့် မြို့နယ်ဖြစ်ပါကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနတွင် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ငါးနှစ်သင်တန်းကို အဆိုပြု လျှောက်ထားသည့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၄၄ ဦး ရှိပါကြောင်း၊ ၎င်းကျောင်းသည် ယခင်က ဖွံ့ဖြိုးရေးသိပ္ပံဟုခေါ်ပြီး လက်ရှိ လွှတ်တော်ကိုယ်စားလှယ်များထဲတွင် ၎င်းကျောင်းတော်ကြီးမှ ထွက်ခဲ့သည့် ကျောင်းသားဟောင်းများ ရှိပါကြောင်း၊ ဖွံ့ဖြိုးရေးသိပ္ပံခေတ်တွင် ကျောင်းသူကျောင်းသားများသည် အပတ်စဉ်(၁) မှစပြီး မဘိမ်းမြို့နယ်သည် တက်ရောက်ခွင့် ရခဲ့ကြပါကြောင်း၊

၎င်းအချိန်တွင် ငြင်းပယ်ခံရခြင်း မရှိခဲ့ပါကြောင်း၊ ယခုနှစ် လျှောက်ထားသည့် ကျောင်းသား ကျောင်းသူ ၄၄ ဦးတွင် ၎င်းတို့၏ လူမျိုးနှင့် ကိုးကွယ်သည့် ဘာသာဆိုသည့် အကွက်တွင် ဗမာ၊ ဗုဒ္ဓဘာသာဟု ဖြည့်သွင်းခြင်းဖြစ်သည့်အတွက် ရှမ်းပြည်နယ်တွင် မိမိမှ မည်သည့်အတွက် ယခုကဲ့သို့ ငြင်းပယ်ခံရသနည်း ဆိုပြီး လျှောက်လွှာများကို စုစည်းပြီး ခရိုင်ပညာရေးမှူးရုံးကို ပို့ပေးရသည့် မြို့နယ်ပညာရေးမှူးရုံးကို မိမိ မေးပါကြောင်း၊ မေးသည့်အချိန်တွင် ဗမာ၊ ဗုဒ္ဓဖြစ်နေသည့်အတွက် လျှောက်လွှာကို ခရိုင်ရုံးက လက်မခံကြောင်း၊ ငြင်းပယ်သည်ဟု ပြောပါကြောင်း၊ ထို့ကြောင့် ယခုမေးခွန်း ဖြစ်လာရခြင်း ဖြစ်ပါကြောင်း၊

ရှမ်းပြည်နယ်တွင် ဗမာ၊ ဗုဒ္ဓဖြစ်သည့်အတွက် ငြင်းပယ်ခံရသည့် ၎င်းကလေးများအတွက် များစွာနစ်နာပါကြောင်း၊ နှစ်စဉ်နှစ်တိုင်း ၎င်းတို့၏ ကံတရားအရ ရွေးချယ်ခံရပါက ၎င်းတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းများ၊ ပညာရေး မျှော်မှန်းချက်များ ရရှိခဲ့ကြသည် ဖြစ်ပါကြောင်း၊ လက်ရှိတွင် မိဘများအနေဖြင့် အင်တာဗျူးများ၊ စာမေးပွဲများ ဖြေဆိုခြင်း မပြုရသည့်အပြင် လျှောက်လွှာကို လက်မခံသည့်အဆင့် ဖြစ်ခဲ့ရသည့်အတွက် ၎င်းတို့အတွက် များစွာမျှော်လင့်ချက်များ ကုန်ဆုံးပြီး နစ်နာမှုများ ဖြစ်ရပါကြောင်း၊ ထို့ကြောင့် နောင်တွင် ယခုကဲ့သို့  အဖြစ်များမဖြစ်ရစေရန်အတွက် ဝန်ကြီးဌာနအနေဖြင့် ရှမ်းပြည်နယ်တွင် ဗမာ တိုင်းရင်းသားများ လျှောက်ခွင့်မရှိဘူးဆိုသည့် ညွှန်ကြားချက်များ ရှိပါသလား၊ မရှိပါက ခရိုင်မှ ပယ်ချသည့်အချက်သည် မည်သည့်အတွက် ဖြစ်သည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။

 

နယ်စပ်ရေးရာဝန်ကြီးဌာနသည် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်အတွက် ကျောင်းသား ကျောင်းသူများကို လက်ခံသင်ကြားပေးလျက် ရှိပါကြောင်း၊ လက်ခံသင်ကြားပေးလျက်ရှိရာတွင် တက္ကသိုလ်တွင် ရှိသည့် ကျောင်းသား အိပ်ဆောင်နှင့် စာသင်ဆောင်များ၏ ဝင်ဆံ့နိုင်မှုအပေါ်တွင် မူတည်ပြီး လက်ခံသင်ကြားပေးလျက် ရှိပါကြောင်း၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်(B.Ed) ငါးနှစ်သင်တန်း ပညာရေးဘွဲ့ (B.Ed) ငါးနှစ်သင်တန်း ပထမနှစ်အတွက် လက်ခံသင်ကြားပေးနိုင်မည့် သင်တန်းသားဦးရေသည် ၃၁၁ ဦး ရှိပါကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီး/ပြည်နယ် သင်တန်းသား ရွေးချယ်ရေးကော်မတီများမှ စုစည်းရွေးချယ်ပေးနိုင်ရန်အတွက် ဗဟိုသင်တန်းသား ရွေးချယ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသအလိုက် အင်အားများကို ခွဲဝေသတ်မှတ်ပေးခဲ့ပါကြောင်း၊ ၎င်းပထမနှစ် သင်တန်းသို့ တိုင်းဒေသကြီး/ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသ အသီးသီးတွင် သင်တန်းဝင်ခွင့် လျှောက်ထားသူ စုစုပေါင်း ၃၉၀၈ ဦး ရှိသည်ကို သိရပါကြောင်း၊

သင်တန်းသား ရွေးချယ်ရေး ဗဟိုကော်မတီသည် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးဘွဲ့ (B.Ed) ပထမနှစ်သင်တန်းအတွက် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ခွဲဝေရရှိမှုသည် သင်တန်းသား ၁၄ ဦး နှင့် အရန်အင်အား သုံးဦးကို ပြည်နယ်သင်တန်းသား ရွေးချယ်ရေး ကော်မတီမှ ရွေးချယ်ပေးပါရန် အင်အားခွဲဝေ သတ်မှတ်ခဲ့ပြီး ဝင်ခွင့်လျှောက်ထားသူ ၉၃ ဦး ရှိကြောင်းကို သိရှိရပါကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးသည် ဖွံ့ဖြိုးရေးတက္ကသိုလ်၏ သင်ကြားရေး၊ အုပ်ချုပ်ရေး ကိစ္စရပ်များကို အဓိကထားပြီး ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဖွံ့ဖြိုးရေး တက္ကသိုလ်သင်တန်းသား ရွေးချယ်ခြင်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ယူ ထောက်ခံရွေးချယ်ပေးခြင်း ဖြစ်ပါသဖြင့် ယခု မေးမြန်းချက်အပေါ် မိမိအနေဖြင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ကိုယ်စား ပြန်လည်ရှင်းလင်းသွားမည် ဖြစ်ပါကြောင်း၊

ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်အတွက် သင်တန်းသားများ ရွေးချယ်ရာတွင် တိုင်းဒေသကြီး/ပြည်နယ် ၁၄ ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ၅ ခုနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းတစ်တိုင်းတွင် မှီတင်းနေထိုင်လျက်ရှိသည့် တိုင်းရင်းသားများကို ရွေးချယ်ပေးရန် တိုင်းဒေသကြီး/ပြည်နယ်အလိုက် အချိုးကျ ခွဲဝေချပေးထားပြီး မည်သည့် တိုင်းရင်းသားလူမျိုး ဖြစ်ရမည်၊ မည်သည့်တိုင်းရင်းသားကို ရွေးချယ်ရမည်ဟု ခွဲခြားသတ်မှတ်ထားခြင်း၊ ညွှန်ကြားထားခြင်း မရှိကြောင်း၊ တိုင်းရင်းသားအားလုံး အခွင့်အရေးတန်းတူ ဖြစ်ပါကြောင်း၊ ပညာရေး (B.Ed) ငါးနှစ်သင်တန်းဝင်ခွင့် အရည်အချင်း သတ်မှတ်ချက်အပိုဒ် ၁ တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွားသည့် နိုင်ငံသား ဖြစ်ရမည်ဟူ၍ လည်းကောင်း၊ အပိုဒ် ၇ တွင် လျှောက်ထားသူနှင့် ၎င်း၏ မိဘနှစ်ပါးစလုံးသည် ဒေသတွင် အမှန်တကယ် နေထိုင်သူ ဖြစ်ရမည်ဟု လည်းကောင်း၊ အပိုဒ် ၂၃ အပိုဒ်ခွဲ(ခ) တွင် ပြည်ထောင်စု တိုင်းရင်းသား ဖြစ်ရမည်ဟုလည်းကောင်း သတ်မှတ်ထားရှိပြီး ဖြစ်ပါကြောင်း၊

လွှတ်တော်ကိုယ်စားလှယ် မေးမြန်းထားသည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေး B.Ed ငါးနှစ်သင်တန်း ဝင်ခွင့်လျှောက်ထားရာတွင် မဘိမ်းမြို့နယ်မှ ၄၄ ဦးက ဝင်ခွင့်လျှောက်လွှာ ပယ်ခံရခြင်း ဖြစ်စဉ်နှင့်ပတ်သက်၍ ပြန်လည် စိစစ်ခဲ့ပါကြောင်း၊ ပြန်လည်စိစစ်သည့်အချိန်န်တွင် ကျောက်မဲခရိုင် ပညာရေးမှူးရုံးသည် တိုင်းရင်းသား စာပေလိုင်းကိုင်သည့် စာရေး-၂ ဒေါ်မိုးမိုးသန်းက ၂၂-၇-၂၀၁၉ ရက်နေ့ ပြည်နယ်ပညာရေးမှူးသို့ ရောက်ရှိခြင်း၊ ၎င်းအား ရှမ်းပြည်နယ် ပညာရေးမှူးရုံးခွဲမှ သင်တန်း လိုင်ကိုင်စာရေး-၂ ဦးအံ့ကျော်မောင်က မှတ်ပုံတင်အမှတ် ၁၃ ကိုင်ဆောင်ထားသော်လည်း ဗမာလူမျိုးဖြစ်ပါက လျှောက်လွှာလက်မခံရန် ပြောကြားခဲ့ကြောင်း ဖြစ်စဉ်အရ သိရှိရပါကြောင်း၊ အဆိုပါပြောကြားချက်အား ဒေါ်မိုးမိုးသန်းက ကျောက်မဲခရိုင်ရုံးတွင် ဖွံ့ဖြိုးရေးတက္ကသိုလ် (B.Ed) လျှောက်လွှာ စိစစ်နေသည့် လက်ထောက်ကွန်ပျူတာ လုပ်ဆောင်ရေးမှူး ဒေါ်ကြည်မာဝင်းနှင့် စာရေး-၁ ဒေါ်ယဉ်မာကြည်တို့ကို ထပ်ဆင့်ပြောကြားသဖြင့် မဘိမ်းမြို့နယ်၏ လျှောက်လွှာများကို လက်မခံခြင်း ဖြစ်ကြောင်း စိစစ်တွေ့ရှိရပါကြောင်း၊ အဓိကအချက်သည် အောက်ခြေတွင် ဝန်ထမ်းများ၏ နားလည်မှု လွဲမှားခြင်းဖြစ်ကြောင်း တွေ့ရှိရပါကြောင်း၊

၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့တွင် ပြည်နယ်ပညာရေးမှူးရုံး၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ်မှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်စဉ်တွင် ကျောက်မဲခရိုင်၊ ပညာရေးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးစိုးဝင်းနှင့် မဘိမ်းမြို့နယ်၊ ပညာရေးမှူး ဒေါ်ခင်နန်းဝေတို့အား ဖွံ့ဖြိုးရေး တက္ကသိုလ်(B.Ed) ဝင်ခွင့်လျှောက်လွှာ ကိစ္စနှင့်ပတ်သက်၍ တစ်စုံတရာ တင်ပြခဲ့ခြင်း မရှိကြောင်းကို တွေ့ရှိရပါကြောင်း၊ အဆိုပါ ဖြစ်စဉ်တွင် ဗမာလူမျိုးများ၏ လျှောက်လွှာအား လက်မခံရန် ပြောကြားခဲ့သည့်အပြင် ပြည်နယ်ပညာရေးမှူးရုံးခွဲတွင် စာရေး-၂ ဦးအံ့ကျော်မောင်က ယခင်ကလည်း သင်တန်းကိစ္စ ဆောင်ရွက်နေသူဖြစ်ပြီး အထက်အဆင့်ဆင့်သို့ အသိပေးတင်ပြခဲ့မှုမရှိသဖြင့် မိမိသဘောဖြင့် အထောက်အထားမဲ့ ပြောကြားခဲ့ခြင်းအတွက် အဓိက တာဝန်ရှိသူ တစ်ဦးဖြစ်ကြောင်း ကျောက်မဲခရိုင်ရုံးမှ လျှောက်လွှာစိစစ်သည့် စာရေးများသည်လည်း မရှင်းသည့်ကိစ္စအပေါ်တွင် အဆုံးအဖြတ်ပေးနိုင်မည့် အထက်တာဝန်ရှိသူ အဆင့်ဆင့်သိရှိစေရန် တင်ပြခြင်းမရှိသည့်အပြင် စာရေးဝန်ထမ်းအချင်းချင်း ပြောစကားဖြင့်သာ ဆောင်ရွက်သဖြင့် ပေါ့လျော့စွာ တာဝန်ထမ်းဆောင်ခဲ့ကြောင်း ကျောက်မဲခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးဝင်းသည် မရှင်းလင်းသည့် ကိစ္စကို ပြည်နယ်မှူးထံ ထိရောက်စွာ မတင်ပြသည့်အပြင် ပေါ့လျော့စွာ ဆောင်ရွက်ခဲ့ကြောင်းကို စစ်ဆေးတွေ့ရှိရပါကြောင်း၊

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြည်နယ်ပညာရေးမှူးရုံးမှ စာရေး-၂ ဦးအံ့ကျော်မောင်အား စာဖြင့် ပြင်းထန်စွာ သတိပေးမည်ဖြစ်ပြီး ကျန်သည့် ကျောက်မဲခရိုင် ပညာရေးမှူး စာရေး-၂ ဒေါ်မိုးမိုးသန်း၊ လက်ထောက်ကွန်ပျူတာ လုပ်ဆောင်ရေးမှူး ဒေါ်ကြည်မာဝင်း၊ စာရေး-၁ ဒေါ်ယဉ်မာကြည်နှင့် လက်ထောက် ညွှန်ကြားရေးမှူး ဦးစိုးဝင်းတို့ကိုလည်း စာဖြင့်သတိပေး အရေးယူသွားမည် ဖြစ်ပါကြောင်းနှင့် နစ်နာခဲ့သည့် ကျောင်းသား ကျောင်းသူများအနေဖြင့် သင်တန်းဝင်ခွင့် အရည်အချင်း သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိပါက လာမည့် ၂၀၂၀-၂၀၂၁ ပညာရေးနှစ်တွင် ထပ်မံလျှောက်ထားနိုင်သည့် အခွင့်အရေးရှိပါကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်အရ ရှင်းလင်းဖြေကြားပါသည်။

နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်