Skip to main content

ကျိုင်းတုံမြို့နယ်၊ ကတ်တောင် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ၁၅ ရွာမှ လယ်မြေဧက ၅၆၀ အတွက် အသုံးပြုလျက်ရှိသည့် ဖိုင်ပါဆန်ဆည် သည် နုန်းမြေများ အနည်ပို့ချပြီး နုန်းများ မြှင့်တက်လာပြီး ဆည်ရေ ခန်းခြောက်လာသည့်အတွက် လယ်ယာလုပ်ကိုင်သူ ရွာသူရွာသားများ အခက်ကြုံနေရကြောင်း တင်ပြလာသဖြင့် သိရှိရပါကြောင်း၊ ထို့ကြောင့် ရေတားဆည်တမံ အသစ်တစ်ခုနှင့် ဆည်ရေသွင်းမြောင်းအား ပြန်လည်ပြုပြင် ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း၊

ကျိုင်းတုံမြို့နယ်၊ ကတ်တောင် ကျေးရွာအတွင်းရှိ ရန်းဆော်ရွာ၊ ဝမ်ကန်းရွာ၊ ဝမ်ငန်းရွာ၊ ဝမ်ညီးရွာ၊ ဝမ်ကွမ်းရွာ၊ ကတ်တောင်ရွာ၊ ပင်းတောက်ရွာ၊ ဝမ်ညည်းရွာ၊ နမ့်လိန်းရွာ၊ နမ့်လိန်မိုင်ရွာ၊ နမ့်လိန်းဝရွာ၊ နမ့်လိန်းကော်ရွာ၊ ဝမ်လောင်ရွာ၊ ဝမ်ကိုသစ်ရွာ၊ ဝမ်ကာရွာများမှ ရွာသူ ရွာသားများသည် ဖိုင်ပါဆန် ဆည်ရေကို အသုံးပြုလျက် လယ်ယာလုပ်ကိုင်ခဲ့ သည်မှာ နှစ်ပေါင်း အတော်ကြာခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခုအခါ ဖိုင်ပါဆန်ဆည်သည် နုန်းမြေများ အနည်ပို့ချပြီး နုန်းမြေများ မြှင့်တက်လာပြီး ဆည်ရေ ခန်းခြောက်လာသည့်အတွက် ရွာသူရွာသားများ လယ်ယာ လုပ်ကိုင်သည့် ရာသီချိန်တွင် လယ်ယာလုပ်ကိုင်၍ မရတော့ကြောင်း၊ လယ်ယာလုပ်ငန်း မလုပ်ကိုင်နိုင်သည့်အတွက် ထမင်း၊ ဆန်ရေစပါး၊ ကောက်ပဲသီးနှံများ အထွက်နှုန်း ကျဆင်းပြီး ဒုက္ခရောက်နေကြောင်း လယ်မြေဧက ၅၆၀ ၏ ပိုင်ရှင် ၁၄၇ ဦးမှ လက်မှတ်ရေးထိုးလျက် တင်ပြလာသဖြင့် သိရှိရပါကြောင်း၊ ရွာသူရွာသားများ၏ အမည်နှင့် ယှဉ်တွဲ လက်မှတ်ရေးထိုး တင်ပြစာကိုလည်း ပူးတွဲတင်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ဖိုင်ပါဆန်ဆည်အား ရေတား ဆည်တမံအသစ်တစ်ခု ပြုလုပ်ပေး၍ ဆည်ရေသွင်းမြောင်း ပြန်လည်ပြုပြင်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ကျိုင်းတုံမြို့နယ်၊ ကတ်တောင် ကျေးရွာအုပ်စု၊ ရန်းဆော်ကျေးရွာသည် နမ့်လိန်းချောင်းပေါ်တွင် ဒေသခံတောင်သူများ၏ အစီအစဉ်ဖြင့် သစ်၊ ဝါးများ အသုံးပြုပြီး ယာယီရေလွှဲဆည်တစ်ခု တည်ဆောက် ထားပါကြောင်း၊ ၎င်းယာယီရေလွှဲဆည်၏ ရေသွယ်မြောင်းမှတစ်ဆင့် မိုးစပါးစိုက်ဧက ၅၆၀ ခန့်ကို စိုက်ပျိုးရေ ရယူလျက် ရှိပါကြောင်း၊ ရေလွှဲဆည်သည် မိုးရာသီတွင် ချောင်းရေတို က်စားစီးဆင်းမှုကြောင့် ကျိုးပေါက် ပျက်စီးတတ်သည့်အတွက် နှစ်စဉ်ပြုပြင် ဆောင်ရွက်လျက် ရှိသည့် အပြင် စိုက်ပျိုးရေ အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်းကို သိရှိရပါကြောင်း၊ ယာယီရေလွှဲဆည်ကို အခိုင်အမာ တည်ဆောက်ပေးရန် ဖြစ်မြောက်နိုင်စွမ်း ရှိ/မရှိ အခြေအနေကို ကွင်းဆင်း စိစစ်ခဲ့ပါကြောင်း၊ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် တည်ဆောက်ရေး ပစ္စည်းများ သယ်ယူပို့ဆောင်ရန်အတွက် လုပ်ငန်းခွင် အဝင်/အထွက် လမ်းကို လယ်မြေများကို ဖြတ်သန်း ဖောက်လုပ်ရမည်ဖြစ်ကြောင်းကို တွေ့ရှိရပါကြောင်း၊  လယ်မြေများ ထိခိုက် ပျက်စီးနိုင်သည့်အပြင် လုပ်ငန်းခွင်အရောက် သယ်ယူစရိတ် များပြားစွာကုန်ကျမည် ဖြစ်သည့် အတွက် အခိုင်အမာ ရေလွှဲဆည် တည်ဆောက်ရန် သင့်လျော်မှု မရှိကြောင်းကို စိစစ်တွေ့ရှိရပါကြောင်း၊

လက်ရှိ စိုက်ပျိုးရေ ရယူနေသည့် နမ့်လိန်းချောင်းရေသည် တောင်သူများ ယခု တည်ဆောက်ထားသည့် ယာယီရေလွှဲဆည်၏ အထက်ဘက် ပေ ၃၀၀ အကွာတွင် ရှိသည့် သဘာဝရေတံခွန်မှ အစပြု စီးဆင်းနေခြင်း ဖြစ်ပါကြောင်း၊ ရေတံခွန်က စီးဆင်းရေကို ရှစ်လက်မ အချင်း သံမဏိပိုက် ရေတံလျောက်ဖြင့် ရေသွယ်မြောင်းအတွင်းသို့ တိုက်ရိုက်ရေသွယ်ပြီး စိုက်ပျိုးရေ ပေးဝေခြင်း နည်းလမ်းက ပိုမိုသင့်လျော်မှုရှိကြောင်းကို စိစစ်တွေ့ရှိရပါကြောင်း၊ အလျားပေ ၂၀၀၊ အချင်း ရှစ်လက်မ ရေတံလျောက် တည်ဆောက်ခြင်းနှင့် ရေသွယ်မြောင်း၏ လိုအပ်သည့် အပိုင်းများတွင် ကျောက်စီ မြေထိန်းနံရံများ ထည့်သွင်းတည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်မည်ဆိုပါက ဒေသနေတောင်သူများ၏ အခက်အခဲကို ကုန်ကျစရိတ်ကို ထိရောက်စွာ သုံးစွဲကျော်လွှားနိုင်မည် ဖြစ်ပါကြောင်း၊ ခန့်မှန်းကုန်ကျငွေ ကျပ်သန်း ၆၀ ခန့်ကုန်ကျမည် ဖြစ်ပါကြောင်း၊

ထို့ကြောင့် အဆိုပါ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်ရန်ပုံငွေကို ပြည်နယ် အစိုးရအဖွဲ့၏ ပြည်နယ်အတွင်း ဦးစားပေးလုပ်ငန်း အစီအစဉ်များအရ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်နယ်အစိုး ရရန်ပုံငွေတွင် ထည့်သွင်းလျာထား တောင်းခံသွားမည် ဖြစ်ပါကြောင်း၊  ရန်ပုံငွေ ခွဲဝေရရှိမှုအပေါ် မူတည်ပြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ လုပ်ငန်းများကို ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း၊ အဆိုပါတင်ပြသည့် နှစ်အတွင်းရန်ပုံငွေ ခွဲဝေရရှိခြင်း မရှိခဲ့ပါက နောင်ဘဏ္ဍာနှစ်များတွင် ဆက်လက်တင်ပြတောင်းခံ စီမံဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့၏  ဖြေကြားချက်နှင့်အတူ ပေါင်းစပ်ဖြေကြားပါသည်။

         

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်