Skip to main content

(ဂ) -ဖာပွန်မြို့ လျှပ်စစ်ဓာတ်အားသွယ်တန်းနိုင်ရေး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း

(၁၃)ကြိမ်မြောက် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင်မိမိအနေဖြင့် ၂၀၁၉ ခုနှစ် အောက်တိုဘာလမတိုင်မီ ကမ္ဘာ့ဘဏ်မှ ပညာရေးနိမ့်ကျသော မြို့နယ်များအား ကူညီ ရန် ဒေါ်လာသန်း ၁၀၀ ချေးငှားသည့်နေရာတွင် အာရှဖွံ့ဖြိုးရေးဘဏ်ကမြို့နယ် ၁၀၀ တွင်ဖာပွန် မြို့နယ် ပါရှိပါကြောင်း၊ ထို့ကြောင့် မိမိကလည်း မြို့ကိုပြန်ရောက်သည့်အခါ ရွာလူကြီးများ၊ မြို့မိမြို့ဖများခေါ်၍ ဖာပွန်အတွက်ပညာရေးလိုအပ်ချက်များကို အစိုးရကလုပ်ဆောင် ပေးနေသည် ကို ရှင်းလင်းပြသခဲ့ပါကြောင်း၊ ပြသသည့်အချိန်တွင် ငြိမ်းချမ်းရေးဒေသမှ ပညာရေး တာဝန်ခံ ကလည်း လာသည့်အတွက် နားထောင်၍ မိမိတို့လည်း ကူညီရန်ပန်ကြားသွားပါကြောင်း၊ အစည်း အဝေး များလုပ်လျှင်လည်း ၎င်းတို့ဘားအံတွင်ဖိတ်ရန် ပြောပါသေးကြောင်း၊

ပညာရေးကိုမည်သို့ပင်ဖြစ်စေ ထွန်းကားအောင် လုပ်ရန်အတွက် လျှပ်စစ်ဓာတ်အားရှိရန် လိုပါ ကြောင်း၊ လျှပ်စစ်ဓာတ်အားရှိမှသာ ကွန်ပျူတာ၊ လျှပ်စစ် ပညာ၊ နည်းပညာများ ရှိသလို လုံခြုံရေး အတွက်လည်း တန်ဖိုးရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နယ်ပယ်သူ/နယ်ပယ်သားများက ပညာရေး တတ်ရန်သည် ပြင်ပမှယခုခေတ်တွင် လကမ္ဘာ ကိုတက်ရန်အတွက် မြန်မာနိုင်ငံကလည်းပဲ ကြိုးစားနေသည့်အချိန်တွင် မိမိတို့ကလျှပ်စစ် ဓာတ်မီးတော့ရောက်ရန်ကောင်းသည် ဟုမိမိ ထင်ပါကြောင်း၊ ရှေ့ခေတ်က အိုင်းစတိုင်း ပညာရှင်ကြီးသည် ပြေးရင်းလွှားရင်းနှင့် သိပ္ပံပညာ ကိုလေ့လာသည့်အတွက်ကြောင့် ကမ္ဘာတွင် နာမည်ကြီးခဲ့ပါကြောင်း၊  ထို့ကြောင့် ဖွံ့ဖြိုးမှု အားလုံး သည် လျှပ်စစ်မီးပေါ်တွင် တည်ရှိသည့်အတွက်ကြောင့် ပညာရေးနောက်ကျနေသည့် ဖာပွန်မြို့နယ် အား မဟာ ဓာတ်အားလိုင်းသွယ်တန်းပေးရန် အစီအစဉ်ရှိ/မရှိနှင့် မေးမြန်းပါသည်။


 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ ဦးခင်မောင်ဝင်း

နိုင်ငံတော်ဓာတ်အားစနစ်မှ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်သို့ ဓာတ်အားဖြန့်ဖြူးပေး နိုင်ရန်အတွက် ၆၆ ကေဗွီ သထုံ-ဝါးပိုးတော-ကမမောင်း-ကတိုင်ထိ-ဖာပွန် ဓာတ်အားလိုင်း ၉၂ မိုင် တည်ဆောက် ခြင်း၊ ဖာပွန်မြို့တွင် ၆၆/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ဓာတ်အားခွဲရုံ တစ်ရုံတည် ဆောက်ခြင်း လုပ်ငန်း တို့ကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဖာပွန်မြို့ လျှပ်စစ်ဓာတ်အားသွယ်တန်း နိုင်ရေးစီမံကိန်းကို ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီး တို့တွင် ၂၀၁၉ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ADB ချေးငွေ စီမံကိန်း (Loan No.3748-MYA(COL) Power Network Development Project (Distribution)) ဖြင့် ဆောင်ရွက်ပေးသွားရန် ထည့်သွင်းလျာထားပြီး ဖြစ်ပါကြောင်း၊

အဆိုပါ ADB ချေးငွေစီမံကိန်းအတွက် International Consultant ရွေးချယ်ရန် တင်ဒါ ခေါ်ယူစိစစ်ခြင်းများ ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ လက်ရှိတွင်လည်း Bidding Document တွေ Draft  ပြုစုဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ ချေးငွေစီမံကိန်းအတွက် ရေးဆွဲထားသော Project Schedule အရ ပစ္စည်းဝယ်ယူရေး နိုင်ငံတကာတင်ဒါခေါ်ယူခြင်းနှင့် စာချုပ်ချုပ်ဆိုခြင်းများကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ စတင်ဆောင်ရွက်သွားမှာဖြစ်ပြီးတော့ ဝယ်ယူမည့် တည်ဆောက်ရေးလုပ်ငန်း သုံးပစ္စည်းများသည် ၂၀၂၀ ခုနှစ် ဇူလိုင်လမှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း ရောက်ရှိလာပြီး တည်ဆောက်ရေးလုပ်ငန်းများကိုတော့ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ အတွင်းအပြီး ဆောင်ရွက်ရန် လျာထားစီစဉ်ထားပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။