Skip to main content

(က)-စည်ပင်သာယာလုပ်ငန်းများဆောင်ရွက်ရာတွင်မလွတ်ကင်းသောထရန်စဖော်မာများ၊လျှပ်စစ်မီးတိုင်များ အချိန်မီ ရွှေ့ပြောင်းနိုင်ရန် အတွက်မည်သူကတာဝန်ယူဆောင်ရွက်မည်၊မည်သည့်ဘတ်ဂျက်ဖြင့်ဆောင်ရွက်မည်ကို မူဝါဒ၊ လုပ်ထုံးလုပ်နည်းတစ်ရပ် တိတိကျကျချမှတ် ဆောင်ရွက် သွားရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက လမ်းခင်းခြင်း၊ လမ်းတိုးချဲ့ခြင်း၊ အုတ်ရေမြောင်း ဖောက်လုပ်ခြင်း၊ အုတ်ရေမြောင်းတိုးချဲ့ခြင်းစသည့် စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် မလွတ်ကင်းသည့်ထရန်စဖော်မာများ၊ လျှပ်စစ်မီးတိုင်များရွှေ့ပြောင်းရန် အလွန်ကြန့်ကြာ လျက်ရှိပါကြောင်း၊ ထို့ကြောင့် ရန်ကုန်မြို့တွင် လမ်းလယ်ကိုရောက်ရှိနေသော ထရန်စဖော်မာများ၊ ဓာတ်တိုင်များ၊ ရေမြောင်းအလယ်ကိုရောက်ရှိနေသော ဓာတ်တိုင်များကို အရုပ်ဆိုးအကျည်းတန် စွာဖြင့် နှစ်ပေါင်းများစွာ မြို့နယ်တိုင်း၊ ရပ်ကွက်တိုင်းတွင် မြင်တွေ့နေရပါကြောင်း၊ စည်ပင်သာယာ လုပ်ငန်းများကိုလည်း အချိန်ကြန့်ကြာပြီး ပြည်သူ့ဘဏ္ဍာငွေလည်းကုန်ကျသလောက် အကျိုးမရှိ ဖြစ်နေရပါကြောင်း၊

ထို့ကြောင့် လမ်းခင်းခြင်း၊ ရေမြောင်းဖောက်လုပ်ခြင်းစသော စည်ပင်သာယာလုပ်ငန်းများ ဆောင်ရွက်ရာတွင် မလွတ်ကင်းသည့် ထရန် စဖော်မာများ၊ လျှပ်စစ်မီးတိုင်များကို  အချိန်မီ ရွှေ့ပြောင်းနိုင်ရန်အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာ‌ရေး ကော်မတီတို့ ဆွေးနွေးညှိနှိုင်းပြီး မည်သူကတာဝန်ယူဆောင်ရွက်မည်၊ မည်သည့်ဘတ်ဂျက်ဖြင့် ဆောင်ရွက်မည်ကို မူဝါဒ သို့မဟုတ် လုပ်ထုံးလုပ်နည်းတစ်ရပ် တိတိကျကျချမှတ်ဆောင်ရွက်သွား ရန် အစီအစဉ် ရှိ/မရှိ သိလိုကြောင်းမေးမြန်းပါသည်။


လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ လုပ်ငန်းများဆောင်ရွက်ရာတွင် ဌာနတစ်ခုနှင့်တစ်ခု ချိတ်ဆက်မိ စွာဆောင်ရွက်နိုင်ရေး၊ နိုင်ငံတော်ဘဏ္ဍာချွေတာနိုင်ရေး၊ လုပ်ငန်းအဆင်ပြေချောမွေ့စေရေးတို့ အတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာနနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီစသည့်ဌာနများမှ လုပ်ငန်းများ မဆောင်ရွက်ခင် မိမိဆောင်ရွက်မည့်လုပ်ငန်းများအတွက် ပါဝင်ပတ်သက်သည့် ဌာနများကို ခေါ်ယူ ၍ ကြိုတင်ချပြဆောင်ရွက်သွားရန်၊ ဌာနတစ်ခုနှင့် တစ်ခုညှိနှိုင်းပြီး လုပ်ငန်းနှင့် ဘတ်ဂျက်လျာထား ၍ ဆောင်ရွက်သွားကြရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က မူဝါဒချပေးထားပြီးဖြစ်ပါကြောင်း၊ ဆောင်ရွက်သောလုပ်ငန်းများအတွက် လိုအပ်သည့်ဘတ်ဂျက်ကို သက်ဆိုင်ရာဌာနအလိုက်ဌာန ဘတ်ဂျက်ဖြင့် တင်ပြဆောင်ရွက်သွားရန်နှင့် မလုံလောက်ပါက တိုင်းဒေသကြီးအစိုးရထံ ကြိုတင် တင်ပြတောင်းခံသွားရန် လမ်းညွှန်ထားကြောင်း သိရှိရပါကြောင်း၊

တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်ကြရာတွင် မူလရှိပြီး လမ်းတံတား၊ လျှပ်စစ် ဓာတ်အားလိုင်း၊ ဆက်သွယ်ရေးတိုင်များအတွက် တိုးချဲ့တည်ဆောက်လိုသည့်ဌာနမှ ပြောင်းရွှေ့ တည်ဆောက်ပေးရမည့် ဌာနအတွက် ကုန်ကျစရိတ်ကို တာဝန်ယူဆောင်ရွက်ပေးသွားရန်ကိုလည်း မူဝါဒချထားပြီးဖြစ်ပါကြောင်း၊ ယခင်ကာလများ၌ ထိုသို့ညှိနှိုင်းမှုအားနည်းခဲ့ခြင်းများကြောင့် ဥပမာ တစ်ရပ်အနေဖြင့် စည်ပင်သာယာမှ လမ်းတိုးချဲ့ရာတွင် မိမိတို့၏လျှပ်စစ်ဓာတ်တိုင်များ လမ်းမပေါ် တွင်ရောက်နေခြင်း ဖြစ်ပါကြောင်း၊ နောက်ပိုင်းကာလများတွင် ဌာန၏ဘတ်ဂျက်တောင်းခံ၍ ရွှေ့ပြောင်းပေးခဲ့ရမှုများ ရှိခဲ့ပါကြောင်းနှင့် နောင်တွင်အလားတူကိစ္စရပ်မျိုး မဖြစ်ပေါ်စေရေးအတွက် ဌာနအချင်းချင်း ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။