Skip to main content

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့သည် မြို့နယ်လေးခုပါဝင်သည့် လင်းခေးခရိုင်ရုံး စိုက်ရာ မြို့ဖြစ်ပြီးခရိုင်အားကစားနှင့် ကာယပညာဦးစီးမှူးရုံးနှင့် မြို့နယ်အဆင့်ရုံးများ  ဖွင့်လှစ်ထားရှိပြီး ဖြစ်ပါကြောင်း၊ သင့်တင့်သည့်ဘောလုံးကွင်းရှိသော်လည်း ဘောလီဘော၊ ဘတ်စကတ်ဘော၊ ကြက်တောင်နှင့် အခြားအားကစားလုပ်ငန်းယှဉ်ပြိုင်ပွဲ၊ လေ့ကျင့်ပွဲများ အချိန်မရွေး၊ ရာသီမရွေး ကစားနိုင်သည့် မိုးလုံလေလုံအားကစားရုံမရှိသေးပါကြောင်း၊ ဘောလီဘောနှင့်  ဘတ်စကတ်ဘော ကို ရုံပြင်တွင်ကစားနိုင်သည်ဆိုသော်လည်း ဥပမာအားဖြင့် ကြက်တောင်ရိုက်ပြိုင်ပွဲတို့သည် ရုံတွင်းတွင်သာ အဆင်ပြေမည်ဖြစ်ပါကြောင်း၊ လက်ရှိလင်းခေးမြို့နယ်တွင် ပြုလုပ်သည့့် ကြက်တောင်ပြိုင်ပွဲများကို မိမိတို့လင်းခေးမြို့နယ်ခန်းမ(နော်ရဝတီခန်းမ)တွင် ကျင်းပကစားနေရ သည့်အတွက် အဆင်မပြေမှုပေါင်းများစွာနှင့် ကြုံတွေ့နေရပါကြောင်း၊ ခရိုင်ရုံးစိုက်ရာ မြို့ဖြစ်သည်နှင့်အညီ ခရိုင်နှင့်မြို့နယ် လက်ရွေးစင်အားကစားသမားများ ရာသီမရွေးလေ့ကျင့်နိုင် သည့် မိုးလုံလေလုံအားကစားရုံမရှိမဖြစ် လိုအပ်လျက်ရှိနေပါကြောင်း၊ အားကစားရုံအတွက် လိုအပ်သည့်မြေနေရာကို လက်ရှိဘောလုံးကွင်းအား တောင်ဘက်ကို အနည်းငယ်သင့်တော်သလို ရွှေ့ပေးမည်ဆိုလျှင်  လမ်းနှင့် နီးကပ်ပြီးလုံခြုံစိတ်ချစွာဖြင့် အလွယ်တကူဝင်/ထွက်နိုင်သည့် အနေအထားရှိပါကြောင်း၊

ထို့အပြင်ဝန်ကြီးဌာနအချင်းချင်းညှိနှိုင်းဆောင်ရွက်နိုင်မည်ဆိုလျှင် ဘောလုံးကွင်း၏မျက်နှာချင်း ဆိုင်လမ်း၏မြောက်ဘက်တွင် ယခင် အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ ဗာဂျီးနီးယားဆေးလုပ်ငန်း ပိုင်သည့် မြေနေရာခုနစ်ဧက ရှိနေပါကြောင်း၊ ဆောက်လုပ်ရန်အထူးသင့်လျော်သည့် မြေနေရာ ဖြစ်နေသည်ကို တွေ့ရပါကြောင်း၊ သို့ဖြစ်ပါ၍ မေးမြန်းလိုသည်မှာ လင်းခေးခရိုင်၊ လင်းခေး မြို့နယ်အတွက် အားကစားအဆင့်မြှင့်တင်ရေးဆောင်ရွက်နိုင်ရန် အထူးလိုအပ်လျက်ရှိသည့် အဆင့်မီမိုးလုံလေလုံအားကစားရုံတစ်ခုကို သင့်လျော်သည့်မြေနေရာတွင် တည်ဆောက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုကြောင်း မေးမြန်းပါသည်။



လင်းခေးမြို့နယ်သည် ကျန်သည့်မြို့နယ်နှင့်စာလျှင် တော်တော်များများအားကစားနှင့် ပတ်သက် ပြီး အထောက်အပံ့များရရှိပါကြောင်း၊ ဥပမာ မိမိတို့ ၂၀၁၆-၂၀၁၇ ခုနှစ် ယခုအစိုးရတက်သည့် ပထမနှစ်တွင် ရှမ်းပြည်နယ်ခွင့်ပြုရန်ပုံငွေစာရင်းတွင် ခရိုင်အားကစားကွင်း Inner fencing ၊ Scroe Board လုပ်ခြင်း အားကစားအုတ်တံတိုင်းကာရံရန်အတွက် ငွေကျပ် ၂၅.၈ သန်းချပြီး ဆောင်ရွက် ခဲ့ပါကြောင်း၊  ၂၀၁၇-၂၀၁၈ တွင်လည်း ရှမ်းပြည်နယ် ခွင့်ပြုရန်ပုံငွေစာရင်းအတွက် ခရိုင်အားကစား ကွင်းအုတ်တံတိုင်းကာရန်ခြင်းကို ငွေကျပ်သန်း ၄၀ ဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင်လည်း ရှမ်းပြည်နယ်ခွင့်ပြုရန်ပုံငွေစာရင်းတွင် ပွဲကြည့်စင်တည်ဆောက်ခြင်း အလျား ၁၅၀x အနံ ပေ ၃၀ လုပ်ငန်းအတွက် ငွေကျပ် ၂၃၀ သန်း(သိန်း ၂၃၀၀) ခွင့်ပြုချက်ရရှိ၍ တင်ဒါခေါ်ယူထားပြီး ယခုလ ၂၈ ရက်နေ့တွင်  တင်ဒါဖွင့်ဖောက်စစ်ဆေးပြီး တင်ဒါအောင်မြင်သည့် ကုမ္ပဏီနှင့် အမြန်ဆုံးဆောက်လုပ်မည် ဖြစ်ပါကြောင်း၊

လွှတ်တော်ကိုယ်စားလှယ်ကြီးတောင်းဆိုသည့် အဆင့်မြင့်မိုးလုံလေလုံအားကစားရုံ တစ်ရုံ တည်ဆောက်ပေးနိုင်ရေးနှင့် ပတ်သက်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုငွေလုံး ငွေရင်းအသုံးစရိတ်တွင် (A)အဆင့်အားကစားရုံ ပေ ၁၂၀ x ၉၀ ပေx ၃၆ ပေအမြင့်ဖြင့် ဆောက်မည်ဖြစ်ကြောင်း၊ ၎င်းကိုဆောက်ပေးမည်ဆိုလျှင် မိမိတို့က ကြက်တောင်၊ ဘောလီဘော၊ ဖူဆယ်၊ ဘတ်စကတ်ဘော၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်တို၊ ကရာတေး၊ ဝူရှူး၊ အလေးမ၊ ဂျူဒို အားကစားနည်း ၁၀ မျိုးကစားနိုင်သည့် တည်ဆောက်ခြင်းလုပ်ငန်းအတွက် သန်းပေါင်း ၂၇၀ (သိန်း ၂၇၀၀) လျာထားတောင်းခံသွားမည်ဖြစ်ပြီး ခွင့်ပြုချက်ရပါက မိမိတို့ ဆောက်လုပ်ပေးမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး