Skip to main content

 

မိုးမိတ်မြို့နယ် ခရိုင်မြို့သစ်ကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလကနေစပြီး နိုင်ငံတော်မှ ကျပ်သန်း ဘီလီယံကျော်ချီပြီး အကုန်ကျခံ တည်ဆောက်ခဲ့ပါကြောင်း၊ သို့သော် ယနေ့အချိန်ထိ ၎င်း အဆောက်အဦများတွင် ရုံးဝန်ထမ်းများသည် လုံခြုံမှုမရှိသည့်အတွက် တာဝန်ထမ်း‌ ၎င်း နေရာသည် ဆေးသမားများ၏ ခိုကိုးရာလည်း ဖြစ်နေကြောင်း၊ ထို့အတူ ပြည်သူလူထုကို လျှောက်လွှာ တစ်စောင် ၁၀၀၀ ဖြင့် လျှောက်ခိုင်းပြီး အိမ်ရာချထားပေးခြင်း မရှိသေး ကြောင်း၊ ယခုဆိုပါက လေးနှစ်၊ ငါးနှစ် တိုင်ခဲ့ပြီဖြစ်ကြောင်း၊ နိုင်ငံတော်က တည်ဆောက် ပေးထားသည့် ၎င်းအဆောက်အဦများ၊ ၎င်းငွေများ အဟောသိကံ မဖြစ်ရစေရန် မိမိတို့ မိုးမိတ်မြို့နယ် မြို့သစ်စီမံကိန်းကို မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။

ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့်

မိုးမိတ်ခရိုင်ကို မိုးမိတ်မြို့နယ်နှင့် မဘိမ်းမြို့နယ် နှစ်မြို့နယ်ဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၏ ၃၀-၁-၂၀၁၄ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်(၇၇/၂၀၁၄)ဖြင့် ဖွဲ့စည်းခဲ့ကြောင်း၊ မိုးမိတ်မြို့သည် ခရိုင်ရုံးစိုက်သည့် မြို့ဖြစ်၍ ခရိုင်ရုံးများ ဖွင့်လှစ်နိုင်ရေးအတွက် လည်း ကောင်း၊ တိုးတက်လာသည့် လူဦးရေအရလည်းကောင်း မြို့မြေတိုးချဲ့ ဖွဲ့စည်းရန် လိုအပ် လာသဖြင့် မိုးမိတ်မြို့နယ်၊ သရက်နီ တောင်ကွင်းပြင် ဧရိယာ ၃၀၀ ဧကကျော်ရှိ မြေနေရာ အား တင်ပြခဲ့ရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့၏  ၅-၂-၂၀၁၅ ရက်တွင် ကျင်းပပြုလုပ်သော လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၁၂/၂၀၁၅) ဆုံးဖြတ်ချက်အပိုဒ် ၅(ဖ)အရ မြို့မြေ တိုးချဲ့ဖွဲ့စည်းရန် အတည်ပြုခဲ့သည်ကို သိရှိရကြောင်း၊

မြို့မြေတိုးချဲ့ရေးအတွက်  လျာထားသည့် မြေနေရာသည် ယာမြေဧရိယာ ၂၀၈ ဧကနှင့် တောရိုင်းမြေ ဧရိယာ ၁၂၅ ဧကဖြစ်ပြီး ယာမြေ ၂၀၈ ဧကကို ၉-၁-၂၀၁၈ ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်အမည်ဖြင့် အခြားနည်း အသုံးပြုခွင့် လျှောက်ထားခဲ့ရာ တည်ဆဲလယ်ယာမြေဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ ရှမ်းပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ စိစစ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တောရိုင်းမြေ ၁၂၅ ဧကကို မြို့နယ်အုပ်ချုပ်ရေးမှူး အမည်ဖြင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ အသုံးပြုခွင့် ရရှိရေး လျှောက်ထားခဲ့ရာတွင် ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး‌ ကော်မတီမှ ၁၉-၃-၂၀၁၉ ရက်တွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီကို တင်ပြထားပြီးဖြစ်သည်ကို သိရှိရကြောင်း၊ မြို့ကွက်သစ်တိုးချဲ့မည့် နေရာ တွင် ခရိုင်ရုံးချုပ် ဦးစီးဌာနရုံး၊ ခရိုင်ရဲတပ်ဖွဲ့ရုံး၊ ခရိုင်တရားရုံး၊ ခရိုင်ဥပဒေရုံး၊ ခရိုင်စီမံကိန်း ရေးဆွဲရေး ဦးစီးဌာနရုံး၊ ခရိုင် လမ်းဦးစီးဌာနရုံး၊ ခရိုင်စိုက်ပျိုးရေးဦးစီး ဌာနရုံးတို့မှ ရုံး အဆောက်အဦများ ဆောက်လုပ်ထားပြီး ဖြစ်ပါကြောင်းနှင့် ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ် အတွင်း မြို့ကွက်သစ် တိုးချဲ့မည့် နေရာအနီးဝန်းကျင်ရှိ ကျေးရွာများတွင် လက်နက်ကိုင် အဖွဲ့များမှ ဆပ်/ကြေး ကောက်ခံခြင်း၊ လူသစ် စုဆောင်းခြင်းများအပြင် ကျေးရွာနေ ပြည်သူ များအား ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းများ (၂၇)ကြိမ် ရှိခဲ့ပြီး မိုးမိတ်မြို့ အနီးတစ်ဝိုက်တွင်  တပ်မတော် စစ်ကြောင်းနှင့် လက်နက်ကိုင်အဖွဲ့များ ထိတွေ့မှု (၁၁)ကြိမ် ဖြစ်ပွားခဲ့သည်ကို သိရှိရကြောင်း၊ မြို့ကွက်သစ် တည်နေရာ၏ ပတ်ဝန်းကျင် အနီးတစ်ဝိုက်တွင် လက်နက်ကိုင် အဖွဲ့များ မကြာခဏ ဝင်/ထွက် သွားလာလေ့ရှိသည့် နေရာဖြစ်သဖြင့် လုံခြုံရေး ကောင်းမွန်မှု မရှိခြင်း၊ လျှပ်စစ်မီး မရှိသေးခြင်း တို့ကြောင့် လုံခြုံရေး ကောင်းမွန်ပြီး လျှပ်စစ်မီး ရရှိသည့် အချိန်မှသာ ယင်းနေရာရှိ ဌာနဆိုင်ရာရုံးများသို့ ဝန်ထမ်းများ သွားရောက် တာဝန် ထမ်းဆောင်နိုင်မည် ဖြစ်ပါကြောင်း သိရှိတင်ပြပါသည်။

မိုးမိတ်မြို့တိုးချဲ့ရာတွင် ယာမြေ ၂၀၈ ဧကနှင့် တောရိုင်းမြေ ၁၂၅ ဧကအား မြေအမျိုးအစား အလိုက် အခြားနည်း အသုံးပြုခွင့် လျှောက်ထား ဆောင်ရွက်ဆဲဖြစ်ရန် ခွင့်ပြုမိန့် မရရှိ‌သေး သဖြင့် အိမ်ရာများ ချထားပေးနိုင်ခြင်း မရှိသေးပါကြောင်းနှင့် မြေအမျိုးအစားအလိုက် အခြားနည်း အသုံးပြုခွင့် ခွင့်ပြုမိန့် ရရှိမှသာ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။