Skip to main content

(ဃ)-တပ်မတော်အစိုးရလက်ထက်ဝန်ကြီးဌာနများနှင့် ကုမ္ပဏီများ၏ လုပ်ငန်းများအတွက် သိမ်းဆည်းခဲ့သည့် မြေယာများအနက် ယခုအချိန်ထိ မူလပိုင်ရှင်များသို့ ပြန်လည်အပ်နှံပြီး သည့် မြေဧကများကို ရှင်းလင်းပြန်ကြားပေးရန်နှင့် ပြန်လည်အပ်နှံသည့်မြေယာများကို မူလပိုင်ရှင်များသို့သာ တိုက်ရိုက်အပ်နှံရန် တာဝန်ရှိသော်လည်း ရန်ကုန်တိုင်းဒေသကြီး အတွင်း သက်ဆိုင်ရာဌာနများက ပြန်လည်အပ်နှံသည့်မြေယာများကို မူလပိုင်ရှင်များသို့ တိုက်ရိုကအပ်နှံခြင်းမပြုဘဲ နိုင်ငံတော်စီမံကိန်း အကျိုးပြုလုပ်ငန်းများ အသုံးပြုရန် တင်ပြ ဆောင်ရွက်ခဲ့ခြင်းကို ရှင်းလင်းဖြေကြားပေးရန်တို့နှင့် စပ်လျဉ်းသည့်မေးခွန်း

ယခုမေးခွန်းကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကမေးမြန်းထားသည်မှာ ယနေ့အထိဆိုပါက ၁၁ လခန့် ကြာနေပြီ ဖြစ်ပါကြောင်း၊  ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၄၆ တွင် မေးခွန်းကို ၁၄ ရက်အတွင်း ဖြေကြားပေးရမည်ဆိုသော်လည်း လုပ်ငန်းသဘာဝ၏ခက်ခဲမှုကို နားလည်မှုပေးပြီး သုံးလ၊ လေးလအချိန်ကြာမြင့်သည်ကို မပြောလို‌သော်လည်း ၁၁ လကြာမြင့်သည်ကိုတော့ များစွာ စိတ်မသက်မသာ ဖြစ်မိပါကြောင်း၊ တပ်မတော်အစိုးရကာလက ဝန်ကြီးဌာနများနှင့် ကုမ္ပဏီများ၏ လုပ်ငန်းများအလို့ငှာ မြေယာများကို သိမ်းဆည်းခဲ့ကြပါကြောင်း၊ ဥပဒေအရ လုပ်ဆောင်ခဲ့သော်လည်း လိုအပ်သည်ထက် ပိုမိုသိမ်းယူခဲ့သော်လည်း လက်တွေ့လုပ်ငန်း မဆောင်ရွက်ခြင်းများ တွေ့ရှိရပါ ကြောင်း၊ ထို့ကြောင့်လည်း ဒီမိုကရေစီ ရှေ့ဦးကာလဖြစ်သော သမ္မတကြီး ဦးသိန်းစိန်အစိုးရလက်ထက်တွင် ပိုလျှံမလိုအပ်သောမြေများကို နိုင်ငံတော် ပြန်အပ်ရန် လွှတ်တော်ကလည်း တောင်းဆိုလာသည့်အတွက် ဝန်ကြီးဌာနများရော ပုဂ္ဂလိကပါ နိုင်ငံတော်ကို ဧကပေါင်း သိန်းချီပြီး ပြန်လည်အပ်နှံခဲ့ပါကြောင်း၊ ၎င်းအစိုးရခေတ်က မြေဆီပိုကို ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ဦးစီးပြီး အပ်နှံသည့်မြေများကို မူရင်းပိုင်ရှင်ထံ ပြန်လည် အပ်နှံရေးကို စနစ်တကျ မြန်ဆန်သွက်လက်စွာ ဆောင်ရွက်ခဲ့ပါကြောင်း၊ တပ်မတော်အစိုးရ လက်ထက်တွင် လုပ်မှား၊ ကိုင်မှား ရှိခဲ့သည်များကို ပြည်/ခိုင်/ဖြိုးအစိုးရလက်ထက်တွင် အချိန်မီ ပြုပြင်အဖတ်ဆယ်နိုင်ခဲ့ပါကြောင်း၊ သို့သော် လုပ်ငန်းစဉ်က ကြီးမားကျယ်ပြန့်သည့်အတွက် ကျန်ရှိခြင်းများရှိနိုင်ပါသေးကြောင်း၊ ယခုအစိုးရလက်ထက်တွင်လည်း ဒုတိယသမ္မတတစ်ဦးက ၎င်းကိစ္စကို တာဝန်ခံဆောင်ရွက်နေသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ တီဗွီတွင်လည်း သတင်းကြေညာပြီး နိုင်ငံတော်သမ္မတရုံး၏ မြေယာနှင့်ပတ်သက်သော မူဝါဒကို မိမိတို့ နားထောင်ခဲ့ကြပြီး ဖြစ်ပါကြောင်း၊ နံပါတ် (၂) အချက်တွင် စွန့်လွှတ်မြေများအား နှောင့်နှေး ကြန့်ကြာမှု မရှိစေဘဲ မူလပိုင်ရှင်များထံကို အမြန်ဆုံးအပ်နှံသွားရန် ဖော်ပြထားပါကြောင်း၊ နံပါတ် (၄) အချက်တွင် သိမ်းဆည်းခံမြေများကို သက်ဆိုင်ရာကော်မတီများကစိစစ်ပြီး ပိုင်ရှင်များထံ ပြန်ပေးသည့်နေရာများတွင် အနှောင့်အယှက်ဖြစ်အောင်လုပ်သူများ၊ ကြန့်ကြာ အောင်လုပ်သူများကို အရေးယူရန် ပြောကြားထားပါကြောင်း၊ သို့သော် ထိုကဲ့သို့လုပ်နေသူများ ကိုယ်တိုင်က တိုင်းဒေသကြီးအစိုးရဖြစ်နေသည့်အတွက် ပြည်သူများမှာ ငိုကြွေးရုံကလွဲပြီး ဘာမှမတတ်နိုင်ပါကြောင်း၊ အတိုဆုံးနှင့်အရှင်းဆုံး ပြောရမည်ဆိုပါက ဝန်ကြီးဌာနက ပုဂ္ဂလိကကို ပြန်ပေးသည့်မြေများကို တိုင်းဒေသကြီးအစိုးရက မူလပိုင်ရှင်များထံ စွန့်လွှတ်မြေ အားလုံးတိုက်ရိုက်ပြန်မပေးဘဲ မူလလယ်မြေများကို အခြားရေးသုံးစွဲခွင့်ပြုပြီး ၂၀ ရာခိုင်နှုန်းကို ပိုင်ရှင်ပေးမည်၊ ၈၀ ရာခိုင်နှုန်းကို တိုင်းဒေသကြီးအစိုးရကယူမည် ဆိုသည့် ကိစ္စဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ၂၀၁၈ ခုနှစ် ဇွန်လက သမ္မတရုံးကို လယ်မြေများသိမ်းယူပြီး အစိုးရက ၈၀ ရာခိုင်နှုန်း၊ မြေစာရင်းက ၂၀ ရာခိုင်နှုန်းခွဲယူရန် သမ္မတရုံးကို တင်ပြထားသည့်စာ မိမိတွင်ရှိပါကြောင်း၊ သမ္မတရုံးက ဩဂုတ်လတွင်မူအားဖြင့် သဘောတူသည်ကို ပြန်ကြားခဲ့ ပါကြောင်း၊ ခွင့်ပြုချက်တွင် Cross တစ်ခု ပါရှိပါကြောင်း၊ မြေယာပိုင်ရှင်များနှင့် သဘော တူညီချက်ရယူပြီးဟု ဖော်ပြထားပြီး ဝိနည်းလွတ်လုပ်သည်ဟု နားလည်ပါကြောင်း၊ လွှတ်တော် တွင် အတည်ပြုပြီးဖြစ်သော မြေသိမ်းဥပဒေတွင် ပြည်ထောင်စုအစိုးရကသာ မြေသိမ်းခြင်းကို ဆောင်ရွက်နိုင်ပြီး ယခုကဲ့သို့ တိုင်းဒေသကြီးအစိုးရကို Link ချိတ်ပေးသည်မှာ ဥပဒေနှင့် မညီဘူးဟု ပြောလိုပါကြောင်း၊ စမ်းကြီးဝင်းနှင့်ထောက်ကြံ့ကွေ့တွင် တပ်မတော်က သိမ်းယူ ထားသော မြေဧက ထောင်ကျော်ကို တပ်မတော်က ပြန်ပေးပါကြောင်း၊ သမ္မတရုံးကို တင်ပြသည့်စာတွင် တောင်သူက ၂၀ ရာခိုင်နှုန်း၊ တိုင်းဒေသကြီးအစိုးရက ၈၀ ရာခိုင်နှုန်း ခွဲဝေယူရန်အတွက် တင်ပြသည့်စာထဲတွင် စမ်းကြီးဝင်းနှင့် ထောက်ကြံ့ကွေ့ မပါပါကြောင်း၊ ၎င်းကိစ္စနှင့်ပတ်သက်ပြီး မင်္ဂလာဒုံလွှတ်တော် ကိုယ်စားလှယ်ကပါ တောင်သူများဘက်က ရပ်တည်ပြီး အားလုံးပြန်ပေးရန်ပြောသည့်အခါ ၂၀ ရာခိုင်နှုန်းသာပေးမည်၊ အဆိုပါနည်းလမ်းကို လက်မခံပါကမရဘူးဆိုပြီး ခြိမ်းခြောက်မှုများဖြင့် လုပ်ဆောင်ခဲ့သည်မှာ  Social Media တွင် အုတ်အော်သောင်းနင်းပါရှိခဲ့ပြီးဖြစ်ပါကြောင်း၊ ၎င်းလွှတ်တော်ကိုယ်စားလှယ်က မကြာသေး ခင်က ရန်ကုန်ခေတ်သစ်မီဒီယာနှင့် တွေ့ဆုံဆွေးနွေး ခြင်းများကိုလည်း လေ့လာပြီးဖြစ် ပါကြောင်း၊ ၎င်းပြောကြားသည်မှာ အဆိုပါကိစ္စကို သမ္မတကြီးနှင့် နိုင်ငံတော်အတိုင်ပင်ခံကို တင်ပြပြီးဖြစ်သည်ဟုလည်း သိရပါကြောင်း၊ ၎င်းကိုယ်စားလှယ်က လွှတ်တော်ကိုမတင်ပြ သည်မှာ မိမိနားမလည်နိုင်ပါကြောင်း၊ ထို့ကြောင့် အစိုးရဆိုသည်မှာ အစသာရိုးပါကြောင်း၊ ပါးစပ်ကဘုရားဘုရား လက်ကကားရားကားရား ဆိုသည့် ပြည်သူများ၏ ဝေဖန်သံများ နားနှင့် မဆံ့အောင်ကြားနေရသည့်အတွက် ၎င်းမေးခွန်းကို  ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့က မိမိမေးမြန်းခဲ့ရခြင်းဖြစ်ပါကြောင်း၊ စမ်းကြီးဝတွင် တပ်မတော်က စွန့်လွှတ်မြေ ၇၀၀ ကျော်နှင့် သမ္မတကြီးဦးသိန်းစိန်အစိုးရလက်ထက်တွင် ပိုင်ရှင် ၁၈ ဦးကို ၉၂ ဧကကျော် ပြန်လည် ပေးအပ်ပြီး ဖြစ်ပါကြောင်း၊ စုစုပေါင်း ကျန်ရှိသည်မှာ ၆၀၀ ကျော် ဖြစ်ပါကြောင်း၊ လက်ရှိအစိုးရ ကာလတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် တပ်မတော်က ပြန်အပ်ထားသည့်မြေ တစ်ဧကမျှ ပိုင်ရှင်ထံ ပြန်မပေးသေးပါကြောင်း၊ စာရင်းဇယားရှုပ်ထွေးမှုကို အကြောင်းပြ၊ ရှင်းနေသည်ကိုရှုပ်အောင် လုပ်ပြီး သမ္မတရုံးက မူအားဖြင့်ခွင့်ပြုထားသည့် မြေပိုင်ရှင် ၂၀၊ တိုင်းဒေသကြီးအစိုးရက ၈၀ ခွဲဝေယူမည် ဆိုသည့်အစီအစဉ်ကိုသွတ်သွင်းပြီး လုပ်ပိုင်ခွင့်ကို အမြတ်ထုတ်အသုံးချ ပြည်သူကို အနိုင်ကျင့်နေသည် ဟု ပြောလိုပါကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရက ပြန်မပေးသေးသော၊ သိမ်းယူခံစဉ်က ပိုင်ရှင်များဖြစ်သော မင်္ဂလာဒုံ မြို့နယ်က မပိုပိုနှင့် မတင်တင်တို့၏ မြေယာပိုင်ဆိုင်မှုမှတ်တမ်း များကိုလည်း ဖော်ပြထား ပါကြောင်း၊ ဗုဒ္ဓဟူးနေ့က မိမိထံ လာရောက်တွေ့ဆုံခဲ့ကြပါကြောင်း၊ ထို့ကြောင့် နံပါတ်(၁) တစ်နိုင်ငံလုံးအတိုင်းအတာအရ ဝန်ကြီးဌာနနှင့် ကုမ္ပဏီများမှသိမ်းယူခဲ့ပြီး ပြန်လည် စွန့်လွှတ် ပေးသည့် မြေဧကကိုလည်းကောင်း၊ ၎င်းတို့အနေဖြင့့် မြေသိမ်းယူစဉ်က ပိုင်ရှင်များထံသို့ လက်ရောက် ပေးရပြီးသည့် မြေဧကကိုလည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီးတွင် ဝန်ကြီးဌာနက စွန့်လွှတ်သည့်မြေ သို့မဟုတ် လယ်သမားပိုင်မြေများကို ပိုင်ရှင်က ၂၀ ရာခိုင်နှုန်းကိုလည်းကောင်း၊ တိုင်းဒေသကြီး အစိုးရက ၈၀ ရာခိုင်နှုန်း ရယူမည်ဆိုသည်ကို ပြည်ထောင်စုအစိုးရအနေဖြင့် မည်သည့်အတွက်ကြောင့် မူအားဖြင့် သဘောတူခဲ့သည်ကို လည်းကောင်း၊ စမ်းကြီးဝနှင့် မင်္ဂလာဒုံတို့တွင် တပ်မတော်ကစွန့်လွှတ်ထား သည့်မြေများကို သိမ်းယူစဉ်က ပိုင်ရှင်များသို့ အမြန်ဆုံးခွဲဝေပေးရန် အစီအစဉ်ရှိ/မရှိတို့ကို လည်းကောင်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။


          

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့်

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ယခင် မြေအသုံးချမှုစီမံခန့်ခွဲရေးဗဟိုကော်မတီ၊ ယခင်အစိုးရ လက်ထက်နှင့် ယခု လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည် စစ်ဆေးရေး ဗဟိုကော်မတီများသို့ ယခုအစိုးရလက်ထက်တွင် မိမိတို့သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာန အဖွဲ့အစည်းများမှ ပြန်လည်စွန့်လွှတ်အပ်နှံလာသည့်မြေများနှင့် ပတ်သက်ပြီး လွှဲပြောင်းရန်စိစစ်ဆဲ မြေဧရိယာများကို လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းထားသောအချက်များအပေါ်မူတည်ပြီး ယခင်အစိုးရလက်ထက်တွင် လယ်ယာ မြေနှင့် အခြားမြေများသိမ်းဆည်းမှုအပေါ် ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌကြီးကို ဒုတိယသမ္မတကြီးဖြင့်ဖွဲ့စည်းပေးခဲ့ပြီး မိမိကတွဲဖက်အတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့ရ ပါကြောင်း၊ ယခင်အစိုးရလက်ထက်တွင် စွန့်လွှတ်မြေဧကပေါင်း ၄၂၅၄၀၇ ဧက ဖြစ်ပါ ကြောင်း၊ စိုက်ပျိုးမြေအဖြစ် လွှဲပြောင်းပေးသည့် ဧကက ၂၃၁၄၁၉ ဧက ဖြစ်ပါကြောင်း၊ စိုက်ပျိုးမြေမဟုတ်သည့်မြေကို သက်ဆိုင်ရာသို့ လွှဲပြောင်းပေးအပ်သည်မှာ ဧကပေါင်း ၁၇၅၃၀၀ ဧကဖြစ်ကြောင်း၊ ယခင်အစိုးရလက်ထက် ယခင်လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းမှုအပေါ် ပြန်လည်စိစစ်ရေးဗဟိုကော်မတီ၏ လွှဲပြောင်းမှုစုစုပေါင်းဧကက ၄၀၆၇၁၉ ဧက ဖြစ်ပါကြောင်း၊ ထိုကဲ့သို့လွှဲပြောင်းပြီးသည့်အခါစိစစ်ဆဲတောင်သူလယ် သမားများကို ပေးရန်အတွက် စိစစ်ရပါကြောင်း၊ ပိုင်ဆိုင်မှုအဆင့်ဆင့်၊ အငြင်းပွားမှုများ စသဖြင့် မူလပိုင်ရှင်စိစစ်သည့်အခါ ကျန်နေခဲ့ သည်မှာ ၁၈၆၈၈ ဧက ကျန်နေခဲ့ပါကြောင်း၊ ယခုအစိုးရသစ်လက်ထက်တွင် ယခင်စိစစ်ရန်ကျန် ၁၈၆၈၈ ဧကကို ဆက်လက်ပြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းမှုအပေါ် ပြန်လည် စိစစ်ရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် မိမိတို့အဖွဲ့ကဆက်လက်ပြီး စိစစ်ဆောင်ရွက်ပါ ကြောင်း၊ စိုက်ပျိုးမြေအဖြစ် လွှဲပြောင်းပေးရသည့်ဧက ၈၁၄၄၊ စိုက်ပျိုးရေး မဟုတ်သည့်မြေ သက်ဆိုင်ရာအလုပ်ကြောင့်ပေးရသည်မှာ ၃၃၃၈ ဧက စုစုပေါင်း ၁၁၄၈၆ ဧက ဖြစ်ပါကြောင်း၊ လွှဲပြောင်းရန်ကျန်သည်မှာ စိစစ်ဆဲမြေ ၇၂၀၆ ဧကဖြစ်ပါကြောင်း၊ ယခု အစိုးရ လက်ထက် စွန့်လွှတ်မြေဧကပေါင်း ၁၀၀၆၈၉ ဧကဖြစ်ပါကြောင်း၊ စိုက်ပျိုးမြေအဖြစ် လွှဲပြောင်းပေးသည်မှာ ၂၂၆၀၉ ဧကဖြစ်ပြီး စိုက်ပျိုးမြေမဟုတ်သော အခြားမြေများ ဖြစ်ပါကြောင်း၊ အခြားမြေများနှင့် ပတ်သက်ပြီး ၆၈၀၄၂ ဧကဖြစ်ပါကြောင်း၊ စုစုပေါင်း လွှဲပြောင်းပြီး ဧကပေါင်း ၉၀၆၅၁ ဧကဖြစ်ပြီး လွှဲပြောင်းရန်စိစစ်ဆဲ ယခင်အစိုးရ လက်ထက်နှင့် ယခုအစိုးရလက်ထက် ပေါင်းပြီး လွှဲပြောင်းစိစစ်ဆဲများ ကျန်ပါကြောင်း၊ စုစုပေါင်း တင်ပြထားသော ၇၂၀၆ ဧကနှင့့် ၁၀၀၃၈ ဧကက ယခုအစိုးရလက်ထက်ဖြစ် ပါကြောင်း၊ ထို့ကြောင့် ယခင်အစိုးရလက်ထက် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းမှုအပေါ် ပြန်လည်စိစစ်ရေးဗဟိုကော်မတီနှင့် ယခုအစိုးရလက်ထက် လယ်ယာ မြေနှင့့်အခြား မြေများ သိမ်းဆည်းခံရမှုပြန်လည်စိစစ်ရေးဗဟိုကော်မတီ ဆောင်ရွက်မှုမှာ စွန့်လွှတ်မြေဧက စုစုပေါင်း ၅၂၆၀၉၆ ဧကဖြစ်ကြောင်း၊ စိုက်ပျိုးမြေအဖြစ် လွှဲပြောင်း ပေးအပ်သည့် ဧကက ၂၆၂၁၇၂ ဧက ဖြစ်ပါကြောင်း၊ စိုက်ပျိုးမြေမဟုတ်သည့်မြေကို သက်ဆိုင်ရာသို့ လွှဲပြောင်းပေးသည်မှာ ၂၄၆၆၈၀ ဧက ဖြစ်ပါကြောင်း၊ စုစုပေါင်း လွှဲပြောင်းပြီးဧကပေါင်း ၅၀၈၈၅၂ ဧကဖြစ်ပြီး လွှဲပြောင်းရန်ကျန် စိစစ်ဆဲမြေ ၁၇၂၄၄ ဧကဖြစ်ကြောင်း၊

ယခုအခါ သိမ်းဆည်းမြေများနှင့်စပ်လျဉ်းပြီး လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီက ပြင်ဆင်ချမှတ်ထားသော မူဝါဒ၊ လုပ်ငန်း စဉ်များအပေါ်တွင် နိုင်ငံတော်ကသိမ်းဆည်းသည့် လယ်ယာမြေနှင့်အခြားမြေများကို မူလ မြေပိုင်ရှင်များက ပြန်လည်လျှောက်ထားသည့်ကိစ္စရပ်နှင့်စပ်လျဉ်းသည့် မူဝါဒ(၁၀)ရပ်၊ တပ်မြေသိမ်းဆည်းမှုများ နှင့်စပ်လျဉ်းသည့် မူဝါဒ(၃)ရပ်၊ သိမ်းဆည်းမြေများကို ပြန်လည်ပေးအပ်ရန် လျှောက်ထားခြင်းများနှင့် စပ်လျဉ်း၍ စိစစ်ရန်အချက်(၄)ချက်၊ စွန့်လွှတ်နိုင်ခြင်းမရှိသည့် သိမ်းဆည်းမြေများနှင့် စပ်လျဉ်း၍ စိစစ်ရန်အချက် (၅)ချက်၊ သိမ်းဆည်းထားသည့်ဌာနမှ စွန့်လွှတ်ဆဲမြေများနှင့် စပ်လျဉ်း၍ စိစစ်ရန်အချက် (၆)ချက်၊ စွန့်လွှတ်သည့်မြေများ သက်ဆိုင်သူလက်ဝယ် အမြန်ရောက်ရှိရေး လုပ်ငန်းစဉ်(၉)ရပ်၊ နေပြည်တော် တိုင်းဒေသကြီး/ ပြည်နယ်ကော်မတီများမှ အလေးထား ဆောင်ရွက်ရန် အချက်(၁၅)ချက် စုစုပေါင်းပြင်ဆင်ချမှတ်ထားသည့်မူဝါဒ (၁၃)ရပ်၊ လုပ်ငန်းစဉ် (၉)ရပ်၊ စိစစ်ရန်အချက် (၁၅) ချက်နှင့် အလေးထားလိုက်နာဆောင်ရွက်ရန်အချက် (၁၅)ချက် စုစု ပေါင်း (၅၂) ချက်တို့နှင့်အညီ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအဆင့်ဆင့်ဖွဲ့စည်းပြီး အလေးထားလိုက်နာ ဆောင်ရွက်လျက် ရှိပါကြောင်း၊

ရန်ကုန်တိုင်းဒေသကြီး၊ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ် ရေး ဗဟိုကော်မတီအား သိမ်းဆည်းမြေအမှုများကို စိစစ်ဆောင်ရွက်ရာတွင် ရပ်ကွက်၊ ကျေးရွာအုပ်စု၊ မြို့နယ်၊ ခရိုင်၊ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီအဆင့်ဆင့်တို့မှ တင်ပြလာသောအမှုတွဲများကို တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြား မြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီမှ ကွင်းဆင်းစစ်ဆေးပြီး အစည်းအဝေးသို့တင်ပြ၍ အစည်းအဝေးဆုံးဖြတ်ချက်များအား လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်း ခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟို ကော်မတီသို့ တင်ပြပြီး လမ်းညွှန်မှုခံယူပါကြောင်း၊ ၁-၈-၂၀၁၆ ရက်နေ့မှစပြီး တိုင်းဒေသ ကြီး လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီ အစည်းအဝေး ကျင်းပမှု ယနေ့အချိန်အထိ(၄၃)ကြိမ် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရှိရ ပါကြောင်း၊ အစည်းအဝေးတွင် မူလတောင်သူများအား မြေပြန်လည်ပေးအပ်ခြင်း၊ လျော်ကြေးငွေပေးအပ်ခြင်းနှင့် ၁၉၈၈ ခုနှစ်ကာလက အရှေ့ပိုင်းဖြစ်၍လည်းကောင်း၊ တင်ပြချက် ခိုင်မာမှုမရှိ၍လည်းကောင်း၊ အမှုပိတ်သိမ်းခြင်းတို့ကို ဆုံးဖြတ်ခဲ့ကြောင်းနှင့် ဆုံးဖြတ်ချက်များ အပေါ် မူလတောင်သူများသို့ မြေပြန်လည်ပေးအပ်မှုနှင့် လျော်ကြေး ပေးအပ်မှုတို့ကိုလည်း သတင်းထုတ်ပြန်သွားရန် အစီအစဉ်ရှိသည်ကို သိရှိရပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ဝန်ကြီး ဌာနနှင့် ကော်မတီများမှ စွန့်လွှတ်အပ်နှံသည့် မြေများအား မူလတောင်သူများသို့ ပြန်လည်အပ်နှံမှုနှင့်ပတ်သက်၍ ယခင်အစိုးရ လက်ထက်၌ မူလပိုင်ရှင်တောင်သူ ၃၅၃ ဦးအား မြေဧရိယာ ၂၆၇၇.၈၉၄ ဧကအား ပေးအပ်နိုင်ခဲ့ကြောင်းနှင့် ယခုအစိုးရလက်ထက်တွင် တောင်သူ ၉၄ ဦးအား မြေဧရိယာ ၄၆၈.၇၃၃ ဧကအား ပေးအပ်နိုင်ပြီဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် အိမ်ရာ စီမံကိန်းများ၊ မြို့သစ်စီမံကိန်းများ၊ စက်မှုဇုန်စီမံကိန်းများ၊ ငါး၊ ပုစွန်မွေးမြူရေးဇုန်များ ဆောင်ရွက်လျက်ရှိရာ ယခင်ကမြေသိမ်းဆည်းခဲ့ခြင်းမဟုတ်ဘဲ ၎င်းမြေနေရာတွင် မြေသိမ်း ကိစ္စများကို ယခုမှ စတင်ဆောင်ရွက်ရန် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရပါကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်ကြီး တင်ပြဆွေးနွေးသွားသည့်အတိုင်း တောင်သူများနှင့်ညှိနှိုင်းပြီး တောင်သူ များ ၂၀ ရာခိုင်နှုန်း၊ နိုင်ငံတော်စီမံကိန်းမြေအဖြစ် ၈၀ ရာခိုင်နှုန်း သဘောတူသော လယ်ယာ မြေများကိုသာ ညှိနှိုင်း ဆောင်ရွက်ပြီး သဘောတူညီချက်မရရှိပါက ဆောင်ရွက်ခြင်းမရှိဘဲ ထားရှိပါကြောင်း သိရှိရပါ ကြောင်း၊

ယခင်သိမ်းဆည်းမြေများအပေါ်စိစစ်ပြီး မူလတောင်သူများ မြေပြန်လည်ပေးအပ်သည့် ကိစ္စများမှာ သိမ်းဆည်းမြေယာများ၏ ၈၀ ရာခိုင်နှုန်းကို နိုင်ငံတော်စီမံကိန်းများ၊ အကျိုးပြု လုပ်ငန်းများအတွက် အသုံးပြုရန် သတ်မှတ်ဆောင်ရွက်ခဲ့ခြင်းမရှိဘူးဟု သိရှိရပါကြောင်း၊ ယခု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် တင်ပြချက်အရ အထက်ပါတင်ပြခဲ့သည့်အတိုင်း ယခင်သိမ်းဆည်းခဲ့သော လယ်ယာမြေများအပေါ် ၂၀ ရာခိုင်နှုန်း၊ ၈၀ ရာခိုင်နှုန်း ဆောင်ရွက် ခဲ့ခြင်းမဟုတ်ဘဲ ယခုမှသာ သိမ်းဆည်းရန်အတွက် လယ်သမားများနှင့် ညှိနှိုင်းပြီး အခြား နည်းသုံးစွဲခွင့်ကို သဘောတူပါက တောင်သူများ ၂၀၊ နိုင်ငံတော်စီမံကိန်း၊ အကျိုးပြုလုပ်ငန်း ၈၀ ဆိုပြီး သတ်မှတ်ခြင်းဖြစ်ကြောင်း ဖြေရှင်းတင်ပြထားပါကြောင်း၊ သို့ရာတွင် ထူးခြားချက် အနေဖြင့့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ တောင်ပိုင်း၊ ဆိပ်ကမ်းမြို့နယ်တွင် ခေတ်မီစက်မှု လယ်ယာစံပြ အထူးစိုက်ပျိုးရေးဇုန် (၁)၊(၂) ရှိ မြေ ဧရိယာ ၉၄၀၅ ဧကကို ယခင်က မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အခြားနည်းသုံးစွဲခွင့်ပြုခဲ့ပြီး ဖြစ်ပါကြောင်း၊ ရန်ကုန် တိုင်းဒေသကြီးအစိုးရအနေဖြင့် နိုင်ငံတော်စီမံကိန်းများအတွက် မြေသိမ်း ကိစ္စများ ဆောင်ရွက်ရာတွင် တောင်သူများ၏လိုလားချက်၊ တောင်းဆိုချက်အရ သိမ်းဆည်းမြေ၏ ၂၀ ရာခိုင်နှုန်းကို မြို့မြေအဖြစ် တောင်သူများအကျိုးခံစားခွင့်ပေးပြီး ကျန် ၈၀ ရာခိုင်နှုန်းကို နိုင်ငံတော်စီမံကိန်းအသုံးပြုရန်မြေအဖြစ် ဆောင်ရွက်ခွင့်ပြုပါရန် ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးသို့ လမ်းညွှန်မှုခံယူတင်ပြခဲ့ရာတွင် ၁၇-၈-၂၀၁၈ ရက်နေ့တွင် ကျင်းပြပြုလုပ်သော လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၂/၂၀၁၈) တွင် ဆောင်ရွက်မည့်စီမံကိန်းကိုသာ မူအားဖြင့် သဘောတူခွင့်ပြုခဲ့ပါ ကြောင်း၊ မြေယာပိုင်ရှင်များ၏ သဘောတူညီချက်ရယူပြီးမှ လယ်ယာမြေအခြားနည်း အသုံးပြုခွင့် ရရှိရေးဆောင်ရွက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဥပဒေ၊ လုပ်ထုံးလုပ် နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားရန် နိုင်ငံတော်သမ္မတရုံးမှလည်း ၅-၈-၂၀၁၉ ရက်နေ့တွင် ဥပဒေနှင့်အညီသာဆောင်ရွက်ရန် ညွှန်ကြားခဲ့ကြောင်း သိရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါသိမ်းဆည်းမြေများ၏ ၂၀ ရာခိုင်နှုန်ကို တောင်သူများသို့လည်းကောင်း၊ ၈၀ ရာခိုင်နှုန်းကို နိုင်ငံတော်စီမံကိန်းများအတွက်လည်းကောင်း ခွင့်ပြုဆောင်ရွက်ခြင်းသည် လက်ရှိအစိုးရလက်ထက်တွင်ဆောင်ရွက်မည့့်် မြို့သစ်စီမံကိန်းများ၊ စက်မှုဇုန်စီမံကိန်းများနှင့် ငါး၊ ပုစွန်မွေးမြူရေးစီမံကိန်းများအတွက် မြေသိမ်းကိစ္စများ ဆောင်ရွက်ရာတွင် သဘော တူညီမှုရှိသော တောင်သူများ၊ သဘောတူညီမှုရရှိသော တောင်သူများ၏ မြေယာ များကိုသာ ညှိနှိုင်းပြီးဆောင်ရွက်ခြင်းဖြစ်သည်ဟု သိရပါကြောင်း၊ ယခင်သိမ်းဆည်းခဲ့သည့် မြေများ အပေါ်တွင် မူလတောင်သူများကို မြေပြန်လည်ပေးအပ်သော၊ လျော်ကြေးပေးအပ်သော ကိစ္စများနှင့် မသက်ဆိုင်ခြင်းမရှိကြောင်းကိုလည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရှင်းလင်း တင်ပြချက်အရ သိရှိရပါကြောင်း၊

ယင်းသို့ ဆောင်ရွက်ခြင်းကိစ္စတွင် ၁၈၉၂ ခုနှစ်၊ မြေသိမ်းဥပဒေ ပုဒ်မ ၃၁ ပုဒ်မခွဲ(၃)ပါ ကော်လိပ်တော်အရာရှိသည် ထိုမြေနှင့်ပတ်သက်၍ လျော်ကြေးငွေပေးမည့် အစားထိုး မြေတွင် အကျိုးခံစားခွင့်ရှိသူ တစ်ဦးနှင့် အလဲအလှယ်ပြုသောအားဖြင့် အခြားသောမြေကို ဂရန် ထုတ်ပေးခြင်း သို့မဟုတ် ထိုသူ၏ အခြားမြေအတွက် စည်းကြပ်ထားသည့် အခွန်တော်ကို လျော်ပစ်ခြင်း သို့မဟုတ် သက်ဆိုင်သော အကျိုးခံစားခွင့်ရှိသူများအား ညီမျှသောအကျိုးဖြစ်စေမည့် အခြားသောနည်းဖြင့် နိုင်ငံတော်အစိုးရ၏ခွင့်ပြုချက်ဖြင့် သဘောတူညီချက်တစ်စုံတရာကို ပြုလုပ်ခြင်းပြုနိုင်သည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ထို့ကြောင့်လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်ကို ဥပဒေနှင့် အညီဆောင်ရွက်ရန်အတွက်ကို နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခင်သိမ်းဆည်းခဲ့သော လယ်ယာမြေများအပေါ်တွင် ဆောင်ရွက်ခြင်းမဟုတ်ဘဲ ယခု ဆောင်ရွက်ရမည့််စီမံကိန်းများအပေါ်တွင်သာလျှင် လယ်သမားများ၏ သဘောတူညီချက် ရယူပြီးမှဆောင်ရွက်ရန်အတွက်ကို နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားထားပါ ကြောင်း၊ မိမိတို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပေါင်းစပ်ပြီး ဖြေကြားရသည့်အခါတင်ပြလိုသည်မှာ စက်မှုဥယျာဉ်မြို့တော်စီမံကိန်းများ သတ်မှတ် ပေးရန်ဆိုပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တင်ပြချက် အပေါ် သမ္မတရုံးအနေဖြင့် ညွှန်ကြားထားရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်း ခရိုင်၊ လှည်းကူးမြို့နယ်ရှိ မြေဧရိယာ စုစုပေါင်း ၁၃၄၃.၅၇ ဧကခန့်နှင့် ထန်းတပင်မြို့နယ်ရှိ လယ်မြေဧရိယာ ၂၂၂၀.၈၂ ဧကခန့်အား မြို့ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန်အတွက် စက်မှုဥယျာဉ်မြို့တော်စီမံကိန်း အကောင် အထည်ဖော်နိုင်ရေး ရေဟာရသမုတ်အပေါ်မှာ ခွင့်ပြုနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ တင်ပြချက်အပေါ် မိမိတို့ ၅-၈-၂၀၁၉ ရက်တွင် သမ္မတရုံးက ညွှန်ကြားမှု ပြုထားပါကြောင်း၊ (၁) မြေသိမ်းကိစ္စများဆောင်ရွက်ရာတွင် မြေပိုင်ရှင်များ၏ သဘောတူညီ ချက် ရယူပြီး ယခုမှ စတင်သိမ်းဆည်းခြင်း ဟုတ်မဟုတ်၊ (၂) ပြန်လည်စိစစ်စွန့်လွှတ်ပေးရ မည့်မြေများကို ပြန်လည်စွန့်လွှတ်ပေးခြင်းမရှိဘဲ ထပ်မံသိမ်းယူခြင်း မျိုးမဖြစ်စေရေး အထူးဂရုစိုက်ရန်၊ (၃) သိမ်းဆည်းခံလယ်ယာမြေများနှင့်စပ်လျဉ်း၍ ပြည်သူများ နစ်နာမှု မရှိစေရန် နိုင်ငံတော်က ချမှတ်ထားသည့် ပြန်လည်စွန့်လွှတ်ရမည့်မူဝါဒများနှင့် ညီညွတ်မှု ရှိစေရန်၊ (၄) စီမံကိန်းများအတွက် မြေသိမ်းကိစ္စများဆောင်ရွက်ရာတွင်လည်း မြေပိုင်ရှင် များ၏ သဘောတူညီချက်ရယူပြီးမှ တည်ဆဲဥပဒေများနှင့်ဆောင်ရွက်ရန်၊ မိမိတို့ လုံခြုံ ရေးနှင့် တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီအနေဖြင့်လည်း တင်ပြရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ဆောင်ရွက်မည့်စီမံကိန်းများကိုသာ မူအားဖြင့် သဘောတူခဲ့ခြင်းဖြစ်ပါကြောင်း၊ သိမ်းဆည်းမြေအပေါ်တွင် ၂၀ ရာခိုင်နှုန်းကို မြေပိုင်ရှင်က လည်းကောင်း၊ ၈၀ ရာခိုင်နှုန်းကို နိုင်ငံတော်ကလည်းကောင်း သတ်မှတ်ဆောင်ရွက်ခွင့် ဆိုသည်မှာ ထိုကဲ့သို့ သဘောတူခဲ့ခြင်းမဟုတ်ဘဲ မြေပိုင်ရှင်များ၏ သဘောတူညီချက် ရရှိမှသာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်အနေဖြင့် ဆောင်ရွက်ရန် ညွှန်ကြား ခဲ့ခြင်းဖြစ်ပါ‌ကြောင်း၊ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အပေါ်တွင် သိရှိလိုက်နာ ဆောင်ရွက်သွားရန်အတွက်ကိုလည်း မိမိတို့ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားပါသည်။

ဦးမောင်မြင့်(မင်းကင်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မိမိ၏မေးခွန်းနံပါတ် (၃)နှင့်စပ်လျဉ်း၍ မေးခွန်းဆက်စပ်မေးလိုပါကြောင်း၊ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့က တင်ပြသည့်စာတွင် တွံတေးတွင် ဧက ၁၈၅၇၈ ဧက၊ အခြား ၁၆၉၅ ဧက၊ တွံတေးကားလမ်းဘေးတွင် ဧက ၃၀၉၄ ဧက၊ လှည်းကူးဘက်တွင် ဧက ၁၀၀၀၊ ရန်ကုန်အရှေ့ပိုင်း ဒဂုံတွင် ဧက ၉၀၀၀ စသည်အားဖြင့် များပြားသောမြေများ သိမ်းရန်အတွက်  ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနကိုတင်ရာတွင် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံကိန်းများ တကယ်ပါဝင်ခြင်းရှိ/မရှိ၊  MIC ကိုသွားရောက်ပြီးခြင်း ရှိ/မရှိ၊ ဘာမှ မလုပ်သေးဘဲ မြေများကိုကြိုသိမ်းပြီး ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုပါက ခွင်ရိုက်သည် ဆိုတာမျိုးကို သမ္မတရုံးကနားလည်ရန်လိုအပ်ပါကြောင်း၊ ၎င်းနှင့်ပတ်သက်ပြီး ၈၀/၂၀ ခွင့်ပြုချက်ဖြင့်ပေးခဲ့သည်မှာ သမ္မတရုံးအနေဖြင့် ပြည်သူလူထုက အထင်အမြင်မှား စရာ ဖြစ်နေသည်ကို သိရှိပါသလား၊ ၈၀/၂၀ ကိုမလိုက်နာပါက တစ်သက်လုံးအခြားနည်းသုံးစွဲခွင့်မရစေရဟုဆိုသော်လည်း အောက်ခြေတွင် ခြိမ်းခြောက်မှုများနှင့်အတူ ၈၀/၂၀ ဆိုသည်ကို သဘောတူအောင် ပြည်သူလူထုကို ကြောက်ရွံ့အောင်၊ ထိတ်လန့်အောင်လုပ်နေသည်ကို သမ္မတရုံးကသိရှိခြင်း ရှိ/မရှိ၊ နံပါတ်(၃)မေးခွန်းနှင့် ပတ်သက်ပြီး ဆက်စပ်မေးခွန်းဖြစ်ပါကြောင်း၊ နံပါတ်(၄) မေးခွန်းအနေဖြင့် စမ်းကြီးဝနှင့် မင်္ဂလာဒုံတွင် ဧက ၁၀၀၀ ခန့်ရှိသည့်အနက် ဧက ၉၀ ပြန်ပေးပြီး ကျန်နေသည်များကို ပြန်မပေးသေးဘဲ ၈၀/၂၀ ထဲတွင် သွတ်သွင်းပြီး လုပ်နေသည်မှာ မည်သည်များရှုပ်နေ၍ပြန်မပေးသေးသည်နှင့် မည်သည့်အချိန်တွင် ပြန်ပေးမည်ကိုလည်းကောင်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။

 

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့်

မေးခွန်းနံပါတ် (၃)နှင့် စပ်လျဉ်း၍ မိမိတို့က စက်မှုဥယျာဉ်မြို့တော်စီမံကိန်း အသုံးပြုရန် အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ တင်ပြချက်များထဲတွင် စီမံကိန်းအဆိုပြုသည့် အခါ မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (MSDP) ၏ သတ်မှတ်ချက်များနှင့်ကိုက်ညီမှု ရှိ/မရှိ၊ ဖွံ့ဖြိုးမှု အကူအညီများညှိနှိုင်းအဖွဲ့၊ ယခ ပေးပို့ပြီး၎င်း၏သဘောထားမှတ်ချက်ဖြင့် ဆောင်ရွက်သွားရန် ဆောင်ရွက်ထားရှိပါကြောင်း၊

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ တင်ပြချက်က အဆိုပါနေရာတွင် စက်မှုဇုန်မြို့တော် စီမံကိန်းများလုပ်မည်၊ ရန်ကုန်တိုင်းဒေသကြီးကို ထပ်မံပြီးတိုးချဲ့ဆောင်ရွက်သည့်အခါ နိုင်ငံတကာနှင့်အညီဖြစ်အောင်ဆောင်ရွက်မည်ဆိုသည့်အပိုင်းကို ၎င်းတို့တင်ပြထားပါ ကြောင်း၊ MIC တင်ပြမှု ရှိ/မရှိ ပြန်လည်မေးမြန်းစိစစ်ပြီး ဖြေကြားသွားမည်ဖြစ်ပါကြောင်း၊ မေးခွန်းနံပါတ် (၄) နှင့် စပ်လျဉ်း၍ သိမ်းဆည်း မြေပေါ်စွန့်လွှတ်မှု ကိုယ်စားလှယ်မေးမြန်းသည်မှာ လှည်းကူးဘက်ဟု ထင်ပါကြောင်း၊ စတုတ္ထမေးခွန်းအပေါ်တွင်လည်း ပြန်လည်ပြီးစိစစ် တင်ပြမည် ဖြစ်ပါကြောင်း၊ ရှင်းလင်းတင်ပြရပါက ၎င်းကိစ္စပေါ်တွင် လယ်ယာမြေနှင့် အခြားမြေများအား သိမ်းဆည်းခြင်းလယ်ယာပြန်/စစ် ကော်မတီတွင် မူဝါဒများကို နိုင်ငံတော်သမ္မတကြီးနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကိုယ်တိုင်ချမှတ်ပြီး ဆောင်ရွက် လျက်ရှိရာတွင် ယခင်လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းမှု လယ်ယာပြန်/စစ် ကော်မရှင်၊ ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းမှု ပြန်လည် စိစစ်ရေးကော်မရှင်က စုစုပေါင်း အမှုတွဲကြီး ၁၈ တွဲဖြင့် စတင်လွှဲပြောင်းခဲ့သည့်အခါတွင် နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်အပါအဝင် ရန်ကုန်တိုင်းဒေသကြီးက အလွန်များပါ ကြောင်း၊ ယခင်အစိုးရလက်ထက် မြေအသုံးချမှုစီမံရေးဗဟိုကော်မတီကို ပြည်ထောင်စု လွှတ်တော် လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းမှု ပြန်လည်စိစစ်ရေးစုံစမ်းရေး ကော်မရှင်က လွှဲခဲ့သည်မှာ စုစု‌ပေါင်း အမှုတွဲပေါင်းက ၁၈ တွဲ အစီရင်ခံစာ အပိုင်း(၁)မှ (၁၈)အထိ ဖြစ်ပြီး အမှုတွဲပေါင်းတောင် ၁၇၇၁၈ ဖြစ်ပါကြောင်း၊ စိစစ်ဖြေရှင်းပြီး အမှုတွဲ အပေါင်းက ယခင်အစိုးရလက်ထက်တွင် ၁၃၅၉၆ များစွာ ပြီးခဲ့ပါကြောင်း၊ စိစစ်ဖြေရှင်းရန် ကျန်သည့် အမှုတွဲ ၄၁၂၂ အလွန်နည်း‌သော်လည်း ခက်ခဲသည်များ ဖြစ်ပါကြောင်း၊ မိမိတို့ မူဝါဒအရ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရ၊ တပ်မတော် အပါအဝင် ဝန်ကြီးဌာန အသီးသီးက သိမ်းဆည်းသည့်မြေပေါ်က အသုံးမပြုပါက အမြန်ဆုံး ပြန်လည်စွန့်လွှတ်ရန်၊ အသုံးပြုခဲ့ပြီး လျော်ကြေး၊ နစ်နာကြေးများမပေးပါကပေးရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီးဆွေးနွေးသော တစ်ခုချင်းအမှုကို ပြန်လည်ပြီး ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်အစိုးရအဖွဲ့ကို ပြန်လည်စိစစ်မေးမြန်းပြီးဖြေကြားသွားမည် ဖြစ်ပါ ကြောင်း ရှင်းလင်းဖြေကြားပါသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့်