Skip to main content

 

ဖောက်လုပ်ပြီး ကျေးရွာချင်းဆက် လမ်းများအား ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းနှင့် တင်ဒါ အောင်ပြီး ကုမ္ပဏီများမှ စာချုပ်ပါအတိုင်း ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်း ရှိ/မရှိ ကို မည်သည့်အဖွဲ့အစည်းက တာဝန်ယူကြီးကြပ်၍ အရေးယူ ဆောင်ရွက်နေသည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

အစိုးရသစ်၏ လက်ထက်တွင် ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ် ကဏ္ဍများနှင့်အတူ လမ်းပန်း ဆက်သွယ်ရေး ကဏ္ဍများကိုလည်း ပိုမိုဖွံ့ဖြိုးအောင် ကြိုးစားဆောင်ရွက် နေသည်ကို တွေ့ရှိရကြောင်း၊ ချင်းပြည်နယ် အပါအဝင် အထူးသဖြင့် တိုင်းရင်းသား ဒေသများတွင် ကျေးရွာချင်းဆက် လမ်းများကို ပိုမိုဖောက်လုပ်ပေးနေသည်ကို တွေ့ရှိရသည့်အတွက် တိုင်းရင်းသား ပြည်သူများ ကိုယ်စား နိုင်ငံတော်အစိုးရကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ သို့သော် တချို့ကုမ္ပဏီများသည် မိမိတို့သတ်မှတ်ထားသည့် စာချုပ်ပါ စည်းကမ်းအတိုင်း  ပြုပြင် ထိန်းသိမ်းမှုများ မလုပ်သည်များကို တွေ့ရှိရသည့်အပြင် ပြင်ဆင်ထိန်းသိမ်းသည့် စာချုပ် နှစ်ကုန်သည့် အချိန်တွင် ပြင်ဆင်စရိတ်တွေ ချပေးခြင်းမရှိသည့်အတွက် လမ်းများသည် စာရွက်ပေါ်တွင် ပေါက်ပြီး တချို့လမ်းများသည် မြေပြင်ပေါ်တွင် လမ်းများ ပိတ်ဆို့နေသည်ကို တွေ့ရှိရကြောင်း၊

ထို့ကြောင့် ၎င်းအချက်ကို မိမိတို့ ချင်းပြည်နယ်ကို ဥပမာပေးပြီး‌ ပြောရမည်ဆိုပါက ချင်းပြည်နယ်သည် တောင်ကုန်း တောင်တန်း ထူထပ်သည့်အတွက် ခရီးသွားလာရေး လွန်စွာမှ ခက်ခဲကြောင်း၊ လမ်းများ ဖောက်လုပ်ပြီးပြီသော်လည်း မိုးတွင်းတွင် ပြန်ပြိုကျသည့် အဖြစ်အပျက်များ နှစ်စဉ်ရှိပါကြောင်း၊ ဖောက်လုပ်ပြီး လမ်းများသည် မြေပြိုပြီး လမ်းပိတ်ဆို့နေ ကြောင်း၊ ဖောက်လုပ်ပြီးလမ်းများသည် ပြင်ဆင်ထိန်းသိမ်းစရိတ်များ မရှိသည့်အတွက် သွားလာ ရေးတွင် နှစ်စဉ်နှစ်တိုင်း သွားလာရေး ခက်ခဲမှုများ ရှိပါကြောင်း၊ ဖောက်လုပ်ပြီးလမ်းများသည် ပြင်/ထိန်း စရိတ်မရှိသည့်အတွက် ကျေးရွာသွားသည့်အချိန်တွင် အခက်အခဲများ တွေ့ရကြောင်း၊ မိမိသည် တစ်ခေါက်သာ သွားခြင်းဖြစ်ကြောင်း၊ ကျေးရွာသူ ရွာသားများသည် မိုးတွင်းတစ်တွင်းလုံး ယနေ့ အချိန်ထိ နေ့စဉ်နှင့်အမျှ သွားလာနေရသည့် ဒုက္ခများ ခံစားနေရကြောင်း၊

မြေပြိုပိတ်ဆို့မှုကြောင့် လမ်းပိတ်ဆို့မှုများကို ရှင်းလင်းနေရကြောင်း၊ ထို့ကြောင့် မိမိတို့‌ဖောက်လုပ်ပြီး လမ်းများကို ပြင်/ထိန်းစရိတ်များ ချပေးရန် လိုအပ်နေပြီ ဖြစ်ကြောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ၂၁ ပေ အကျယ် ဖောက်လုပ်ခဲ့သည့် ကားလမ်းကြီးသည် ဖောက်လုပ်ပြီးချိန်တွင် မြေပြိုသည့်အတွက် ပြည်သူများသည် ဆိုင်ကယ်ဖြင့် သွားရန်အတွက် ကိုယ်ထူကိုယ်ထရှင်းပြီး သွားလာနေရကြောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ဖောက်လုပ်ခဲ့သည့် ၂၁ ပေအကျယ် လမ်းဖြစ်ကြောင်း၊ အဓိကသည် ဖို့မြေများနှင့် အဓိက ဖောက်လုပ်ပြီး ၂၁ ပေ တိုင်းတာကြောင်း၊ မိုးတွင်း ရောက်ပါက ဖို့မြေများသည် အောက်ကို ပြိုကျသွားပြီး လမ်းသားအမှန် အနည်းငယ်သာ ကျန်သည်ကို တွေ့ရကြောင်း၊

၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ဖောက်လုပ်ထားသည့် လမ်းအကျယ် ဖြစ်ကြောင်း၊ ၎င်းကုမ္ပဏီက တစ်ခါမှ မြေပြိုလာရှင်းခြင်း မရှိကြောင်း၊ အခုလည်း ကျေးရွာဒေသပြည်သူများသည် ဆိုင်ကယ်လမ်း အတွက် ကိုယ်ထူကိုယ်ထ ရှင်းလင်းပြီး သွားလာနေရကြောင်း၊ ပေ ၃၀ အကျယ် ဖောက်လုပ်ထားသည့် ကားလမ်းမကြီးတွင် ဖောက်လုပ်ပြီး မိုးကျလာချိန်တွင် တစ်ပြိုင်နက်တည်း ဖို့မြေများနှင့် ပေ ၃၀ ပြည့်ကို တိုင်းထားသည့်အချိန်တွင် ၎င်းဖို့မြေများသည် အောက်ကို ဆွဲချသွားပြီး လမ်းသား အမှန်အနည်းငယ်သာ ကျန်နေကြောင်း၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနတွင် ချုပ်ဆိုထားသည့် ပြင်ဆင်ထိန်းသိမ်းရေး ဆောင်ရွက်ရမည့် စာချုပ်ပါ စည်းကမ်းရှိကြောင်း၊ လုပ်ငန်းလွှဲပြောင်းလက်ခံ ဆောင်ရွက်ပြီးသည်မှစ၍ နောက်နှစ်နှစ်အတွင်း ပျက်စီးယိုယွင်းမှုများ ရှိပါက လုပ်ငန်း လက်ခံသူမှ မိမိစရိတ်ဖြင့် ပြုပြင်ပေးရမည် ဖြစ်ကြောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်ဖြစ်ပါက ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်ဖြင့် ထိန်းသိမ်းရမည် ဖြစ်ကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ဖောက်ခဲ့သည့် ကုမ္ပဏီများသည်  ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ရှင်းလင်းရမည့် တာဝန်များ ရှိကြောင်း၊

ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ကျေးလက်လမ်း ဦးစီးဌာနက ပြင်/ထိန်းရခြင်း ဖြစ်ကြောင်း၊ ဖောက်လုပ်ပြီးနောက် တစ်နှစ်အတွင်း ပျက်စီးခဲ့သည့် အဆိုပါ လမ်းပျက်စီးမှုများကို ကုမ္ပဏီမှ အသုံးစရိတ်ဖြင့် ပြန်လည်ရှင်းလင်းရမည်ဟု ပါကြောင်း၊ ထိုကဲ့သို့ ရှင်းလင်းသည့်အချိန်တွင် မိုးတွင်း ကာလ တောင်ပြို မြေရှင်းလင်းခြင်း၊ လမ်းဘေးရေမြောင်း ပိတ်ဆို့မှု ရှင်းလင်းခြင်းကို ၎င်းနှစ် အောက်တိုဘာလအတွင်း အပြီးဆောင်ရွက်ရမည်ဟု ဖော်ပြထားကြောင်း၊ သို့သော် တချို့ကုမ္ပဏီ များက ရှင်းပြီးသော်လည်း ကုမ္ပဏီအတော်များများသည်  အောက်တိုဘာလကျော်ပြီး ဖြစ်သော် လည်း ၎င်းတို့၏ စက်ယာဉ်ယန္တရားကို မမြင်သည့်အပြင် လာရောက်ပြုပြင်ထိန်းသိမ်းမှုများ မရှိသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့ အစိုးရသစ် လက်ထက်တွင် ပြောင်းလဲခဲ့ကြောင်း၊ ယခင်က လမ်းဖောက်ပြီး လမ်းအပ်ပြီးပါက ပြင်/ထိန်းစရိတ် မရှိကြောင်း၊ ချင်းပြည်နယ် အစိုးရသစ် လက်ထက်တွင် ပြင်/ထိန်းနှစ်ကို နှစ်နှစ်၊ တစ်နှစ် ပေးကြောင်း၊ သို့သော် အရင်က ဖောက်ပြီးသားလမ်းကို ပြန်လှည့် မကြည့်ပါကြောင်း၊ ယခုလည်း လှည့်မကြည့်သည် မဟုတ်ကြောင်း၊ ရှေ့ကိုသာ သွားကြည့်ကြောင်း၊ ရှေ့လာမည့် ဆောက်လုပ်ရေးတင်ဒါပွဲကို ကြည့်ပြီး နောက်ကို မကြည့်သည့်အတွက် ရှေ့ကြည့်နေသည့် ပုံစံများဖြစ်နေသည့်အတွက် ဖောက်လုပ်ပြီး ကျေးရွာချင်းဆက်လမ်းများကို ပြင်ဆင်ထိန်းသိမ်းရေး လုပ်ငန်းများအား မည်ကဲ့သို့‌ဆောင်ရွက် နေသည်ကို သိရှိလိုခြင်းနှင့် တင်ဒါအောင်ပြီး ကုမ္ပဏီများမှ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအား စာချုပ်ပါ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်မှု မရှိသည်များကို မည်သည့် အဖွဲ့အစည်းက တာဝန်ယူကြီးကြပ်ပြီး မည်ကဲ့သို့အရေးယူဆောင်ရွက်ပေးနေသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ချင်းပြည်နယ်အတွင်းရှိ ဖောက်လုပ်ပြီးဖြစ်သည့် ကျေးရွာချင်းဆက်လမ်းများကို ပြင်ဆင် ထိန်းသိမ်းရေး လုပ်ငန်းများနှင့် တင်ဒါအောင်မြင်ပြီး ကုမ္ပဏီများမှ ဆောင်ရွက်ခဲ့သည် လုပ်ငန်းများကို တင်ဒါစာချုပ်ပါ စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာ ဆောင်ရွက်စေရန် သက်ဆိုင်ရာ ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ခရိုင်/မြို့နယ် တာဝန်ခံ အင်ဂျင်နီယာ များက အနီးကပ် ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသည့် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ခံအင်ဂျင်နီယာချုပ်တို့မှ ချမှတ်ထားသည့် မူဝါဒ၊ ညွှန်ကြားချက်များနှင့်အညီ သွားရောက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း၊

တင်ဒါစနစ်ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများအတွက် ချင်းပြည်နယ် အစိုးရအဖွဲ့ လမ်းပန်း ဆက်သွယ်‌ရေး ဝန်ကြီးမှ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် တင်ဒါကော်မတီ၏ တင်ဒါစာချုပ် ချုပ်ဆိုရာ တွင် ကျေးလက်လမ်း/တံတား လုပ်ငန်း ရာနှုန်းပြည့် ပြီးစီး၍ လုပ်ငန်းအပ်နှံပြီးနောက်ပိုင်း ပြုပြင် ဆောင်ရွက်ရန်အတွက် လုပ်ငန်းအမျိုးအစားအလိုက် အာမခံကာလ သတ်မှတ်ထားခြင်းနှင့် ပတ်သက်၍ ကွန်ကရစ်/ကတ္တရာ (လမ်းသားနှင့် လမ်းပုခုံး)အတွက် အာမခံကာလ နှစ်နှစ်၊ ကျောက်ချောလမ်း (အပွန်းခံလွှာ/ Wearing Course) အတွက် အာမခံကာလ နှစ်နှစ်၊ မြေသားလမ်း အတွက် အာမခံကာလ တစ်နှစ်၊ တံတားရေကျော်/ရေပြွန် Culvert အတွက် အာမခံကာလ ငါးနှစ်နှင့် ချဉ်းကမ်းလမ်းအတွက် အာမခံကာလ နှစ်နှစ်စသည်ဖြင့် သတ်မှတ်ထားပါကြောင်း၊

ကျေးလက်လမ်း/တံတား လုပ်ငန်းဆောင်ရွက်ခွင့် ရရှိသည့် ကုမ္ပဏီများမှ စာချုပ်ပါ စည်းမျဉ်း စည်းကမ်းများနှင့်အညီ လုပ်ငန်းဆောင်ရွက်ရန် ပျက်ကွက်ခဲ့ပါက ကုမ္ပဏီမှ ပေးသွင်းထားသည့် လုပ်ငန်း တန်ဖိုး၏ ၅ ရာခိုင်နှုန်း (Performance Guarantee) ကို နိုင်ငံတော် ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းခြင်းဖြင့် အရေးယူဆောင်ရွက်သွားမည် ဖြစ်ပြီး ခိုင်လုံသောအကြောင်းအရင်းမရှိပါက အာမခံကာလအတွင်း ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်လာပါက လုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီ၏ အစီအစဉ်ဖြင့် ပြန်လည်ပြုပြင်ရန် ညွှန်ကြားချက်များ ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ပေါင်းစပ်ဖြေကြားချက်အရ ကျေးလက် ကုန်ထုတ်လမ်းများသည် ၂၀၁၈ ခုနှစ်မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပြီး အထောက်အကူပြု ကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက် ရှိကြောင်းနှင့် စောင့်ကြပ် စစ်ဆေးခြင်းအပြင် ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် အသေးစား၊ အကြီးစား ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို စီမံချက်ရေးဆွဲ၍ ဆောင်ရွက်လျက်ရှိသည်ကို သိရှိရကြောင်း၊ ချင်းပြည်နယ် အတွင်းရှိ ဖောက်လုပ်ပြီးဖြစ်သည့် ကျေးရွာချင်းဆက်လမ်းများအား ပြုပြင်ထိန်းသိမ်းရာတွင် ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့သည့် အာမခံသက်တမ်း ကျော်လွန်ပြီးချိန်တွင် ဖြစ်ပေါ်လာသည့် ပျက်စီးမှုများအတွက် ပြည်ထောင်စုနှင့် ပြည်နယ် ငွေလုံးငွေရင်း ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေများအား လုပ်ငန်းလိုအပ်ချက်အပေါ် မူတည်၍ စိစစ်ခွင့်ပြု ဆောင်ရွက်လျက် ရှိကြောင်း၊

တင်ဒါအောင်မြင်သည့် ကုမ္ပဏီများအနေဖြင့် အာမခံကာလအတွင်း ကုမ္ပဏီ၏ အားနည်းချက် ကြောင့် ဖြစ်ပေါ်လာသည့် လုပ်ငန်းပျက်စီးမှုများအား သဘာဝဘေးဒဏ်ကြောင့် ပျက်စီးမှုများမှအပ သက်ဆိုင်ရာကုမ္ပဏီမှ ပြန်လည်ပြုပြင်စေခြင်းနှင့် စာချုပ်ပါစည်းကမ်းများကို လိုက်နာမှုမရှိပါက စာချုပ်ရပ်စဲခြင်း၊ အမည်ပျက်စာရင်း (Black List) သွင်းခြင်းတို့ကို နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ်(၁/၂၀၁၇)နှင့်အညီ တိုင်းဒေသကြီး/ ပြည်နယ်တို့တွင် ဖွဲ့စည်းထားသည့် တင်ဒါ ကော်မတီများက တာဝန်ယူ ကြီးကြပ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ချင်းပြည်နယ်အစိုးရအဖွဲ့တို့မှ ပေးပို့ လာသည့် အချက်အလက်များနှင့်ပေါင်းစပ်၍ ရှင်းလင်းဖြေကြားပါသည်။

ဦးနေလင်းအောင် (မင်းတပ် မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

သတ်မှတ်သည့် ပြင်/ထိန်းနှစ် ကုန်ပါက ပြင်ဆင်ထိန်းသိမ်းရေး စရိတ်များ၊ ပြည်နယ်၊ ပြည်ထောင်စု ငွေလုံးငွေရင်းမှ ဆောင်ရွက်ပေးမည်ဟု ဒုတိယဝန်ကြီးက ဖြေကြားသည့်အတွက် အထူးပင် ကျေးဇူးတင်ကြောင်း၊ ထို့ကြောင့် ၎င်းပြင်ဆင်ထိန်းသိမ်းရေး စရိတ်များသည် မိုးကျပြီးမှ လမ်းများက ပျက်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိုးကျပြီးမှ ပျက်သည့်အတွက် သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်ကျော်မှ ဖြစ်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိုးကျပြီးမှ ဖြစ်ပျက်သည့် အရာများကို ပြင်ထိန်းစရိတ် တင်ပြ တောင်းခံနိုင်ပါက ချထားပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းလိုပါကြောင်း၊

မိမိတို့ ကုမ္ပဏီများသည် သက်ဆိုင်ရာ ပြင်/ထိန်းများ မလုပ်ပါက ၎င်းကုမ္ပဏီများကို သက်ဆိုင်ရာများက  သက်ဆိုင်ရာတွင်ရှိသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိမိတို့လွှတ်တော် ကိုယ်စားလှယ်များ အများကြီးရှိကြောင်း၊ ထိုကဲ့သို့ ကိုယ်စားလှယ်များနှင့် ပေါင်းစပ်ပြီး စစ်ဆေးရေးအဖွဲ့များနှင့် ပေါင်းစပ်ပြီး ၎င်းကုမ္ပဏီများသည် ဆောင်ရွက်ခြင်း မရှိပါဟု တင်ပြလာမည်ဆိုပါက သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ စစ်ဆေးရေးအဖွဲ့မှ အရေးယူ ဆောင်ရွက်ပေးရန်အတွက် အစီအစဉ် ရှိ/မရှိ သိလိုကြောင်း မေးမြန်းပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း

မေးခွန်းတွင် အပိုင်းနှစ်ပိုင်း ပါကြောင်း၊ ပထမတစ်ပိုင်းတွင် ပြင်ဆင်ထိန်းသိမ်းရေး စရိတ်များသည် မိုးတွင်းကာလကျော်မှ ဖြစ်ပေါ်လာသည့် အချိန်တွင် ဝန်ကြီးဌာနမှ ချထားပေးရန် အစီအစဉ် ရှိ/မရှိဆိုသည့် အပိုင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာကုမ္ပဏီက အလုပ်လုပ်သည့် သတ်မှတ်ထားသည့် စာချုပ်ပါအရ တချို့က တစ်နှစ်၊ တချို့က နှစ်နှစ်၊ တချို့က ငါးနှစ်အထိကို ၎င်း၏ လုပ်ငန်း အမျိုးအစားအလိုက် စာချုပ်ထဲတွင် ပါပြီးဖြစ်ကြောင်း၊ ၎င်းစာချုပ် သက်တမ်းကျော်လွန်မှ ဖြစ်ပေါ်လာသည့် ပျက်စီးမှုများကို မိမိတို့ သက်ဆိုင်ရာဝန်ကြီးဌာနများက မိုးတွင်းကာလကျော်ပြီး၊ ဘဏ္ဍာရေးနှစ်ကျော်ပြီး ပြင်ဆင်ထိန်းသိမ်းရေး စရိတ်များချထားပေးရန် အစီအစဉ် ရှိပါကြောင်းနှင့် လက်ရှိချထားပေးလျက် ရှိပါကြောင်း၊ ပြင်ဆင်လျက် ရှိပါကြောင်း၊

ဒုတိယမေးခွန်းဖြစ်သည့် ကုမ္ပဏီက သက်ဆိုင်ရာ စာချုပ်ပါ စည်းမျဉ်းအတိုင်း မလုပ်ပါက သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များမှ တင်ပြလာပါက မည်ကဲ့သို့ အရေးယူမည်နည်း ဆိုသည့် အချက်ဖြစ်ကြောင်း၊ ရှင်းလင်းတင်ပြရမည်ဆိုပါက အပိုင်းနှစ်ပိုင်း ဖြစ်ကြောင်း၊ တစ်ပိုင်းသည် သက်ဆိုင်ရာ ဝန်ကြီးဌာနများ ရှိကြောင်း၊ ဝန်ကြီးဌာနမှ တိုက်ရိုက်သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များတွင် ဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် တင်ဒါကော်မတီဖွဲ့ပြီး ဆောင်ရွက်နေသည့် လုပ်ငန်းများရှိသည့်အပြင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရ အဖွဲ့များ၏ ဝန်ကြီးများက တင်ဒါဥက္ကဋ္ဌအဖြစ်ဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများ ရှိကြောင်း၊ ၎င်းနေရာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများက တိုက်ရိုက်လုပ်သည့် လုပ်ငန်းများဖြစ်ပါက လွှတ်တော်ကိုယ်စားလှယ်များသည် သက်ဆိုင်ရာ ဝန်ကြီးဌာနများကို တိုက်ရိုက်တင်ပြပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ EC တွင် ၎င်းကုမ္ပဏီကို Black List သွင်းရပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များက တိုက်ရိုက်ကြီးကြပ်သည့် လုပ်ငန်းများ ဖြစ်ပါက တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များကို တင်ပြပါက တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့၏ Cabinet တွင် အဆိုပါ ကုမ္ပဏီကို Black List သွင်းထားကြောင်း မိမိတို့ ဝန်ကြီးဌာနကို ၎င်းတို့က သတင်းပို့ရကြောင်း၊ ပို့သည့် အချိန်တွင် မိမိတို့ဝန်ကြီးဌာန၏ Website တွင် Black List ဖြစ်ကြောင်း ကြေညာသည့်အချိန်တွင် တစ်နိုင်ငံလုံးတွင် ရှိသည့် တင်ဒါလုပ်ငန်းများ အားလုံးတွင် ၎င်းကုမ္ပဏီမှ ဝင်ရောက်ဆောင်ရွက်ခွင့် မရှိတော့ကြောင်း၊ အဆိုပါနည်းလမ်းဖြင့် လက်ရှိဆောင်ရွက်လျက် ရှိပါကြောင်း ဖြေကြားပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း