Skip to main content

 

(ခ)-ထီးချိုင့်မြို့နယ် ဂရိတ်ဝေါလ်-ဝေမာသကြားစက် ကြံသယ်ကားများနှင့် စက်ရုံအကြား၊ ကြံသယ်ယူခ ဈေးနှုန်းအား မည်သို့ညှိနှိုင်းသတ်မှတ်ပေးမည်၊ ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းမလိုက်နာသော ကြံသယ်ကားများအား မည်သို့အရေးယူမည်နှင့် မန္တလေး-ဗန်းမော် ပြည်ထောင်စုကားလမ်းမကြီး မိုင်တိုင်အမှတ်(108.28 Km)နှင့် (117 Km)အကြား လမ်းပိုင်းအား ပြင်ဆင်ထိန်းသိမ်းစရိတ်တို့ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

မန္တလေး-တကောင်း-ဗန်းမော်-မြစ်ကြီးနား ပြည်ထောင်စုကားလမ်းမကြီး၏ ထီးချိုင့်မြို့နယ် အတွင်း လမ်းပိုင်းကို ၂၀၁၅ ခုနှစ်၊ အထွေ‌ထွေရွေးကောက်ပွဲ မတိုင်မီမိုးတွင်းကာလတွင် မူလကျောက်ချော လမ်းမှကတ္တရာလမ်းအဖြစ် တိုးမြှင့်ခဲ့ပါကြောင်း၊ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ကြံရာသီ ဂရိတ်ဝေါလ် သကြားစက်စတင်သည့်အခါ ကြံသယ်ကားများသွားလာမှုကြောင့် အဆိုပါလမ်းပိုင်းတွင် ချိုင့်များ၊ ကျင်းများ၊ အပေါက်များဖြစ်ပြီး ကြံရာသီကုန်သည့် ၂၀၁၇ ခုနှစ် ဧပြီလတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လမ်းအထူးအဖွဲ့(၉)က ပြင်ဆင် ထိန်းသိမ်းခဲ့သည့်အတွက် ဒေသခံပြည်သူများအတွက် ဆက်သွယ်ရေး ကောင်းမွန်စွာ သွားလာကြရပါကြောင်း၊ ၂၀၁၇-၁၈ တွင်လည်း အထက်ပါအတိုင်း လမ်းပိုင်းကပျက်စီး လိုက်၊  ဌာနကပြင်လိုက်ဖြင့် နှစ်စဉ်ပြင်ခဲ့သည်မှာ ပြီးခဲ့သည့်ကြံရာသီတွင် ဒေသကြံအထွက် များပြီး ကြံသယ်ကားများက မတန်တဆတင်ဆောင်သည့်အခါ ၂၀၁၉ ခုနှစ် ဧပြီလတွင် ယခင်နှစ်များကဲ့သို့ ဌာနကပြင်ဆင်ထိန်းသိမ်း၍မရလောက်အောင် မြောက်မှတောင် ဘက်တစ်လျှောက် လမ်း၏တစ်ခြမ်းလုံးနီးပါး ပျက်စီးသွားပါကြောင်း၊ ထိုအခါဌာနက ပုံမှန်ပြင်/ ထိန်းအပြင် အထူးပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေဖြင့် လမ်းပိုင်းအလယ်ဖြတ် ထုတ်ပြီး နေရာခုနစ်နေရာကို အကြီးစားပြင်ဆင်ခဲ့ရပါကြောင်း၊

ကားသမားများ တန်ပိုတင်ဆောင်သည်ကိုလေ့လာကြည့်သည့်အခါ ကြံကားတစ်စီး၏ တင်ဆောင် နိုင်မှုအပေါ်မူတည်ပြီး ကြံတောင်သူများကို တာဝန်ခံထားကြရပါကြောင်း၊ ကြံကားတစ်စီးတင်ရန်အတွက် စက်ရုံကတာဝန်ပေးထားသော ကွင်းကိုယ်စားလှယ်က တစ်ဆင့် စက်ရုံအပို့သယ်ယူ ခွင့်စလစ်ထုတ်ပေးရာတွင် ကြန့်ကြာမှုများအပြင် စက်ရုံရောက်သွားသည့်အခါကြံကားများသည့် အတွက်စောင့်ဆိုင်းရပြီး ကားတစ်စီးသည် တစ်ရက်တစ်ခေါက်နှုန်းမသွားနိုင်ဘဲ နှစ်ရက် တစ်ခေါက်သုံးရောက်တစ်ခေါက်ဖြစ်လာရာက ကားသမားကသွားရသည့်တစ်ခေါက်ကိုနင့်နေ အောင်တင်ရတော့ပါကြောင်း၊ သိရသလောက် ခြောက်ဘီးကားတစ်စီးကို ကားအလေးချိန် အလွတ်တန် ၃၀ နှင့် ၁၀ ဘီး၊ ၁၂ ဘီးက တန် ၄၀ အတွင်းထိ တင်ဆောင်သည်ဟုသိရပါကြောင်း၊ အထူးသဖြင့် မိုးကြိုကြံသည် အလေးချိန် အစီးဆုံးဖြစ်ပါကြောင်း၊ ရာသီကြံကကောက်ကောက် ကွေးကွေးနှင့် အလယ်တွင်အူကြောင်း ပါသည့်အတွက် အလေးချိန်မစီးသော်လည်း မိုးကြိုကြံက အပင်တိုတိုအသားပြည့်ပြည့် ဖြစ်သည့်အတွက် ကားတစ်စီးအလေးချိန်သည် တန်အများဆုံး ဖြစ်လာပါကြောင်း၊ ကားသမားများ နေ့စဉ်တစ်စီးတစ်ခေါက်သယ်ရပါကကိစ္စမရှိသော်လည်း အထက်ကတင်ပြခဲ့ သလို ကြန့်ကြာမှုများရှိခဲ့ပါက အခက်အခဲများရင်ဆိုင်ရပါကြောင်း၊ အထက် ဖော်ပြပါ ပြည်ထောင်စုကားလမ်းမကြီးတွင် ကြံကားများစည်းကမ်းတကျသွားလာနိုင်ရန် တာဝန်ရှိ သူများက ကြပ်မတ်ပေးရန်လိုအပ်ပါကြောင်း၊ ဥပမာ-ကားတစ်စုံတစ်ရာချို့ယွင်းပါက လမ်းနံဘေး ရောက်အောင်ရွှေ့ပေးရန် ကားသမားတွင်တာဝန်ရှိပါကြောင်း၊ ဌာနကလည်း ဘာကြောင့်ရပ်ရပ်လမ်း ဘေးချရပ်ဆိုသည့်ဆိုင်းဘုတ်များ စိုက်ထူပေးထားပါ‌ကြောင်း၊ မလုပ်ရဟုတားမြစ်သည်ကိုကျူးလွန်ပါက နောက်ဆက်တွဲအရေးယူရန် သက်ဆိုင်ရာ ဌာနများတွင် တာဝန်ရှိပါကြောင်း၊ ယခု နိုင်ငံနှင့် အဝန်းလမ်းမကြီးအလယ်တွင် ပျက်သည့် အတိုင်းထားရှိသည့်အတွက် အများပြည်သူမှာ အခက်အခဲများရင်ဆိုင်ကြရပါကြောင်း၊ ပိုဆိုးသည်မှာ ရပ်ထားသောသူတို့ကား၏ လမ်းဘေးက ကျောက်တုံးများ ကာရန်ထားသည့် အတွက် အများပြည်သူအတွက် ပိုလို့ဒုက္ခရောက်စေပါကြောင်း၊

အဆိုပါလမ်းများကို သွားဖူးကြသော နောက်အခက်အခဲတစ်ခုက အချို့သောကြံကားများ သည် ၁၈ ပေအကျယ်ရှိသည့်လမ်းကို နေရာမပေးဘဲ အနိုင်ကျင့်မောင်းနှင်ခြင်းဖြစ်ပါ ကြောင်း၊ ကားဘော်ဒီ ကိုအသားဖြင့်လုပ်ပြီးချဲ့ထားသည့်အပြင် ကား၏လက်ဝဲတွင် ကြံတင် သောလှေကားကိုချိတ်ဆွဲ လာသည့်အခါ ကားအချင်းချင်းရှောင်ရန်အခက် အခဲတွေ့ကြ ပါကြောင်း၊ ဒေသကအာဏာပိုင်များနှင့် စီမံအုပ်ချုပ်သူများပါ ပူးပေါင်းဆောင်ရွက်ရန် လိုပါကြောင်း၊ မနှစ်က လွှတ်တော်ကိုယ်စားလှယ်များ ဦးဆောင်ပြီး ကြံသယ်ကားပိုင်နှင့် ယာဉ်မောင်းများကိုစုပြီး မြို့နယ်စီမံခန့်ခွဲရေးကော်မတီ၊ မဆက အဖွဲ့၊ ခရိုင်ယာဉ်ထိန်းအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ လမ်းအထူးအဖွဲ့(၉)တာဝန်ခံ၊ စက်ရုံတာဝန်ခံများ စုပေါင်းပြီး ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်ပြီး အသိပေးရှင်းလင်းခြင်းများ လုပ်ခဲ့ပါသော်လည်း တကယ့်မြေပြင်တွင် လိုက်နာဆောင်ရွက်မှုအားနည်းပါကြောင်း၊

ထို့ကြောင့် ထီးချိုင့်မြို့နယ် ဂရိတ်ဝေါလ်-ဝေမာသကြားစက် ကြံသယ်ကားများနှင့် စက်ရုံ အကြား၊ ကြံသယ်ယူခဈေးနှုန်းအား မည်သို့ညှိနှိုင်းသတ်မှတ်ပေးမည်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာသော ကြံသယ်ကားများအား မည်သို့အရေးယူမည်နှင့် မန္တလေး-ဗန်းမော် ပြည်ထောင်စု ကားလမ်းမကြီး မိုင်တိုင်အမှတ်(108.28 Km)နှင့် (117 Km)အကြား လမ်းပိုင်းအား ပြင်ဆင် ထိန်းသိမ်းစရိတ်တို့ကို သိလိုပါကြောင်း မေးမြန်းပါသည်။


 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်ရှိ မန္တလေး-တကောင်း-ဗန်းမော်-မြစ်ကြီးနား လမ်းတွင် ကြံသယ်ယာဉ်များသည် ကြံပေါ်ချိန်ပွင့်လင်းရာသီဖြစ်သည့် နိုဝင်ဘာလမှမေလအထိ တစ်နေ့လျှင် ပျမ်းမျှအစီးရေ ၁၀၀၀ ကျော်ဖြင့်ဖြတ်သန်းသွားလာ လျက်ရှိပါကြောင်း၊ မိုင်တိုင်အမှတ် (၆၃) ရှိ ဂရိတ်ဝေါလ်သကြားစက်ရုံသို့ မန္တလေး-သပိတ်ကျင်း-တကောင်း-ဗန်းမော်(ဆဝမ်ကတောင်) လမ်း၏ ငါးအိုးဘက်မှ တစ်နေ့လျှင် ယာဉ်စီးရေ ၉၀၀ ကျော်နှင့် မန္တလေးဘက်မှယာဉ်စီးရေ ၁၀၀ ကျော်တို့သည် ခြောက်ဘီး၊ ၁၂ ဘီး တန်ပိုယာဉ်များဖြင့် နေ့စဉ်ဖြတ်သန်းလျက်ရှိပါကြောင်း၊

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ၁-၄-၂၀၁၇ ရက်နေ့မှစတင်၍ ခွဲခြား၍သော် လည်းကောင်း၊ ဖြတ်တောက်၍သော်လည်းကောင်း မရသောပစ္စည်းများ (ဥပမာ- စက်ပစ္စည်းများ၊ Transformer ကြီးများ)မှအပ အခြားကုန်တင်ယာဉ်များအား B.O.T လမ်း/တံတားဂိတ်များနှင့် လေလံလမ်း/ တံတားဂိတ်များတွင် တန်ပိုတင်ဆောင်ဖြတ် သန်းခွင့်မပြုရန် တန်ပိုတားဆီးရေးဂိတ်များမှကြီးကြပ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တန်ပိုများတင်ဆောင်လာပါကယာဉ်မောင်းအား လမ်းမကြီးများ ဥပဒေ အခန်း(၅) ပြစ်မှုနှင့်  ပြစ်ဒဏ် ပုဒ်မ ၈ ပုဒ်မခွဲတို့ဖြင့်  တရားစွဲဆိုတင်ပို့ပြီး အရေးယူခြင်းများ ဆောင်ရွက်လျက် ရှိပါကြောင်း၊

ကုန်တင်ယာဉ်များ တန်ပိုသယ်ဆောင်မှုမရှိစေရေးအတွက် မန္တလေး-တကောင်း-ဗန်းမော်-မြစ်ကြီးနားလမ်း မိုင်တိုင်အမှတ်(၆၆/၄)မှ (၆၆/၆)အတွင်း တန်ပိုထိန်းသိမ်းရေးဂိတ်အား စစ်ကိုင်း တိုင်းဒေသကြီး၊ ကသာခရိုင်လမ်းဦးစီးဌာနမှ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပြီးစီး ခဲ့ပြီးဖြစ်ပါသဖြင့် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်၌ ဝန်ထမ်းများခန့်အပ်၍ တန်ပိုတားဆီးရေးအစီအမံများ ချမှတ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

၎င်းအပြင် ကုန်တင်ယာဉ်များ တန်ပိုတားဆီးရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၁၁-၂-၂၀၁၉ ရက်စွဲပါစာအမှတ်၊ ၈၀၈ လမ်းဦးစီးဖြင့် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ရန် ညွှန်ကြားထားပြီးဖြစ်ပါသဖြင့် ကသာခရိုင်စီမံခန့်ခွဲမှုကော်မတီမှ ဒေသဆိုင်ရာဌာနများပူးပေါင်းပါဝင် ဆောင်ရွက်သော အုပ်ချုပ်ရေးအဖွဲ့နှင့် ညှိနှိုင်းစစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

မန္တလေး-တကောင်း-ဗန်းမော်-မြစ်ကြီးနားလမ်းပိုင်းအား ရေရှည်ထိန်းသိမ်းရန်အတွက် တန်ပိုယာဉ် ကြီးများမဖြတ်သန်းစေရေး တန်ပိုစစ်ဆေးရေးဂိတ်မှ စစ်ဆေးကြပ်မတ ်ဆောင်ရွက်ခြင်းအပြင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဆိုင်းဘုတ်များအား သိရှိလိုက်နာနိုင်စေရန် စိုက်ထူသွားမည် ဖြစ်ပါကြောင်း၊  ကြံသယ်ယာဉ်အများဆုံး ဖြတ်သန်းသည့် မန္တလေး-တကောင်း-ဗန်းမော် (ဆဝမ်ကတောင်) လမ်းပိုင်း မိုင်တိုင်အမှတ် (၆၇) မှ(၇၂)အတွင်း အကျယ် ၁၈ ပေ ကတ္တရာ လမ်းအား ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ပြီး ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း များအား ယနေ့အချိန်အထိ ပြည်ထောင်စုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၈၉၂.၈၄ သန်းဖြင့် ဆောင်ရွက်ခဲ့ပါ‌ကြောင်း၊

မိုင်တိုင်အမှတ်(၆၇/၃)မှ (၆၈)အထိ လမ်းအရှည် ငါးဖာလုံ၊ မိုင်တိုင်အမှတ်(၇၂)မှ(၇၂/၅) အထိ လမ်း အရှည် ငါးဖာလုံ စုစုပေါင်း ၁ မိုင် ၂ ဖာလုံတွင် ပျက်စီးနေသော လမ်းမျက်နှာပြင် ၁၅ ရာခိုင်နှုန်းအား အနိမ့်၊ အမြင့်ဖြေညှိပြီး ကတ္တရာထပ်ပိုးလွှာတင်ခြင်းလုပ်ငန်းကို ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏သာမန်ရန်ပုံငွေ ၃၂၁.၂၈ သန်းဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်ရှိ မန္တလေး-တကောင်း-ဗန်းမော်-မြစ်ကြီးနား လမ်းမိုင်တိုင်အမှတ်(၆၇/၂)မှ (၇၂/၆)အတွင်း ကုန်တင်ယာဉ်ကြီးများ သွားလာ နိုင်ရေးအတွက် ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများအား သင့်လျော်သော လမ်းလွှာ ပုံစံထုတ်ပြီး ဘဏ္ဍာရေးနှစ် အလိုက် ရန်ပုံငွေတင်ပြတောင်းခံ၍ အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။

ဦးမောင်မောင်(ထီးချိုင့်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဝန်ကြီးရှင်းပြခဲ့သလို ကျပ်သန်းပေါင်းများစွာအကုန်အကျခံပြီး ပြင်ဆင်ပေးခဲ့‌သော်လည်း လမ်းကို စနစ်တကျ သုံးစွဲမှုမရှိသည့်အပြင် အစိုးရသစ်လက်ထက်တွင် ပြည်သူအများ သွားလာရေး အဆင်ပြေအောင် တစ်နိုင်ငံလုံးက လမ်းအသုံးပြုခွင့် ၃၀၀ အနက်တွင် ၁၇၀ ကပိတ်သိမ်းခဲ့သည်ဟု သိရပါကြောင်း၊ ၎င်းထဲတွင် ယခုလမ်းပိုင်းလည်း ပါဝင်သော်လည်း ယခုလိုထားရှိသည့် စေတနာ အပေါ်မဟုတ်ဘဲ ကြံတန်ပိုအများကြီးတင်သည့်အတွက် လမ်းပျက်စီးသွားသည်ကို မည်သို့ ဆက်လက်ထိန်းသိမ်းကာကွယ်မည်ကို မေးမြန်းလိုပါ ကြောင်း၊

ဒုတိယအချက်က မိမိမေးခွန်းတွင်ပါသောစက်ရုံနှင့်ကြံသယ်ကားများအကြား ကြံသယ်ယူခ ဈေးနှုန်းကို ညှိနှိုင်းပေးရန် သတ်မှတ်ပေးရန်ဖြစ်ပါကြောင်း၊ ၎င်းတို့က တန်ပိုဖြတ်လိုက် သည့်အခါ တင်ရ သည့်ပမာဏသည် ကြံဈေးနှုန်းနှင့်မကိုက်ပါဘူးဟုပြောကြပါကြောင်း၊ ၎င်းတို့နှင့် အဆင်ပြေအောင် စက်ရုံနှင့်ကြားတွင်ညှိနှိုင်းပြီးမှ သက်ဆိုင်ရာအစိုးရ အဖွဲ့ကညှိနှိုင်းသတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ စက်ရုံဘက်ကကြည့်ပက ပြည်တွင်း သကြားဈေးကွက်ကို Re-export တင်သွင်းသည်နှင့် ဆက်စပ်နေပါကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနဖြစ်သော  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကလည်း Re-export တင်သွင်းခွင့်နှင့်ပတ်သက်၍ ထိန်းညှိပေးရန်လိုသည့်အတွက် ကြံသယ်ခဈေးနှုန်းကို သက်ဆိုင်ရာအစိုးရအဖွဲ့မှ ညှိနှိုင်းပေးရန်အစီအစဉ်ရှိ/မရှိ၊ ကြံတောင်သူနှင့် ကြံသယ်ခများ သတ်မှတ်လိုက်သည့်အခါ ၎င်းတို့ထက်အခြေအနေကို လိုက်လျောညီထွေဖြစ်အောင် တအားကြီးတင်တာမဟုတ်ဘဲ သင့်တင့်သည့်ပမာဏတန်ပိုစောင်းလေး ခွင့်ပြုပေးနိုင်ရန် ရှိ/မရှိ သိလိုကြောင်း မေးမြန်းပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း

ပထမဦးဆုံးအနေဖြင့် တန်ပိုများကိုခွင့်ပြုနိုင်ခြင်းမရှိပါကြောင်း၊ Re-export တင်သွင်းခွင့်နှင့် ပတ်သက်ပြီးစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့်ညှိနှိုင်းပေးရန်ကိစ္စကိုလည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို ညှိနှိုင်းစာပို့ပေးမည် ဖြစ်ပါကြောင်း၊ ကြံသယ် ကားများ၏ ကြံသယ်သည့်နှုန်းကို စက်ရုံနှင့်ညှိနှိုင်းပေးပါဆိုသည့်ကိစ္စက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ဆောင်ရွက်မည်ဖြစ်သည့်အတွက် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ကိုသာ ညှိနှိုင်း အကြောင်းကြားစာ ပေးပို့သွားမည် ဖြစ်ပါကြောင်း၊ အကြံပြုလိုသည်မှာ နိုင်ငံတကာတွင် ကြံစက်ရုံများနှင့် ကြံစိုက်ကွင်းများကြားတွင် ‌ထွေလာကြီးများဖြင့် ရထားတွဲလို ထွေလာကြီးများ နောက်ကတစ်တွဲ၊ နှစ်တွဲဖြင့် သယ်ပါကြောင်း၊ မြန်မာပြည်တွင် ခြောက်ဘီးကားများပေါ်တွင် တန်ချိန် ၂၀၊ ၂၅ တင်သည့် အခါလမ်းက Point လွတ်ဖြစ်ပြီး ပျက်စီးမှုဖြစ်သည့်အတွက် တကယ်လို့များ ကိုယ်စား လှယ်တော်ကြီးများနှင့် သက်ဆိုင်ရာကြံတောင်သူတော်ကြီးနှင့်တွေ့ပါက နောက်က ထွေလာများဖြင့်သယ်မည်ဆိုပါက ပိုပြီးအဆင်ပြေကြောင်းလည်း ညှိနှိုင်းပေးစေလို ပါကြောင်း၊

၂၀၁၇ ခုနှစ်တွင် ဂိတ်ပေါင်း ၃၂၀ တွင် ဂိတ် ၁၆၀ ကို ပြည်သူများအတွက်ဖြေလျှော့ပေးလိုက် ပါကြောင်း၊ သိန်း ၃၀၀ အောက်သာရရှိသည့်ဂိတ်အားလုံး ၁၆၀ ကို ၂၀၁၇ ခုနှစ်တွင် မိမိတို့ ဝန်ကြီးဌာနက မကောက်တော့ဘဲ ပြည်သူများပြေလည်စေရန်အတွက် ဖြေလျှော့ပေးလိုက် သည်မှာ ၎င်းဂိတ်ပါသွားသည့်အတွက် ကြံကားများကစည်းကမ်းမရှိ တန်ပိုများဖြင့်သွား နေသည်ဟု ကိုယ်စားလှယ်တော်ကြီး ထောက်ပြလာသည့်အတွက် မိမိတို့အနေဖြင့် ယခုနှစ်ထဲတွင် မိုင်တိုင် ၆၀ ကျော်တွင် ကတ္တားကပ်ထားသောတန်ပိုစစ်ဆေးရေးဂိတ်ကို တည်ဆောက်ပြီးဖြစ်သည့်အတွက် စစ်ဆေးနေပါသော်လည်း ကိုယ်စားလှယ်တော်ကြီးလည်း သိသည့်အတိုင်း ဒေသတွင် ကတ္တားတပ် ထားသည့်နေရာကိုကွင်းပြီး တောလမ်းလေး ဖောက်ပြီး ၎င်းတို့ဘာသာ၎င်းတို့ဖောက်ပြီး ရှောင်၍ ရသွားပါကြောင်း၊ မိမိတို့က တန်ပိုစစ်ဆေးရေးဆိုသည်မှာ ရဲကားဖြင့်လိုက်ဖမ်းသလို ဖမ်း၍မရဘဲ ကားကကတ္တားအပေါ် ဖြတ်မှစစ်၍ရသည့်အတွက် အခက်အခဲအများကြီးရှိသည့်အတွက် ကြံစိုက် တောင်သူနှင့် ကားသမားများ၏အသိကအရေးကြီးပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ကြံသယ် ကားများအဖွဲ့ ညှိနှိုင်းဆွေးနွေးပွဲတွင် တန်ပိုများသည် မော်တော်ကားလမ်းများကို မည်မျှထိ ဖျက်ဆီးလဲဆိုသည့်အကြောင်း မိမိတို့ဝန်ကြီးဌာနကစေလွှတ်ပြီးရှင်းပြမည် ဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်တော်ကြီးကလည်း ဝိုင်းဝန်းဖျောင်းဖြပြီးတန်ပိုမသယ်ရန် ညှိနှိုင်းသွား မည်ဆိုပါက ၎င်းလမ်းကြောင်း၊အပိုင်းများတွင် ရေရှည်အတွက်ကောင်းသွားမည်ဖြစ်ပါ ကြောင်း ဖြေကြားပါသည်။

 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း