Skip to main content

ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် လစာရဝင်ငွေရှိသူနိုင်ငံသားများနှင့် ပတ်သက်ပြီး တည်ဆဲဝင်ငွေခွန်ဥပဒေအရ သက်ဆိုင်ရာဝင်ငွေနှစ်တစ်နှစ်အတွင်း ဝင်ငွေကျပ် ၄၈ သိန်း အထက် ရရှိသူများအနေဖြင့် ဝင်ငွေဥပဒေပါကင်းလွတ်ခွင့်ပြုအနေဖြင့် အိမ်ထောင်ဖက် အတွက် ကျပ်ဆယ်သိန်း၊ အတူနေနှစ်ဖက်မိဘတစ်ဦးလျှင် ကျပ်ဆယ်သိန်းနှုန်း၊ အသက် ၁၈ နှစ်နှင့်  ၁၈ နှစ်ကျော်သော်လည်း အချိန်ပြည့်ပညာသင်ကြားနေသူ သားသမီးတစ်ဦးလျှင် ကျပ်ငါးသိန်းနှုန်းဖြင့် နှုတ်ပိတ်ခွင့်ခံစားခွင့်ပြုပြီး ကျန်သည့် ငွေကထပ်ပြီး ကျန်သိန်း နှစ်ဆယ်အထိ ကင်းလွတ်ခွင့်ပြုထားပြီး ကျန်ဝင်ငွေများအပေါ်မှာ ဝင်ငွေအလွှာလိုက် ငါး ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်း၊ ၁၅ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်းဖြင့် ၂၅ ရာခိုင်နှုန်း တွက်ချက် ကောက်ခံသည်ဟု သိရပါကြောင်း၊

သတ်မှတ်ဝင်ငွေမပြည့်မီသူများအနေဖြင့် ဝင်ငွေခွန်ပေးဆောင်ရန်မလိုအပ်သည့်အတွက် လစာဝင်ငွေနည်းသည့် ဒါမှမဟုတ် မပြည့်မီသည့် နိုင်ငံသားများကို စုဆောင်းငွေသတ်မှတ် ပေးနိုင်ရန် ရည်ရွယ်ပြီး လစာဝင်ငွေဆိုင်ရာ သက်သေခံအထောက်အထားထုတ်ပေးခြင်း ဖြစ်သည်ဟု ယူဆပါကြောင်း၊ အဆိုပါသက်သေခံအထောက်အထားအတွက် သက်ဆိုင်ရာ အခွန်ဦးစီးဌာနများတွင် လျှောက်လွှာပုံစံ ပတခ(ဝင)၂၉ နှင့် လျှောက်ထားရမည်ဖြစ်ကြောင်း သိရှိပြီး လျှောက်လွှာနှင့် ပူးတွဲပြီး ဇယားကွက် ၁၄ ကွက်ပါသည့် ပတခ(ဝင)၁၆(က)နှင့်အတူ ပူးတွဲတင်ပြရမှာဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ အခွန်ဦးစီးဌာနကစိစစ်ပြီး ပုံစံ ပတခ(ဝင)၃၀ နှင့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပုဒ်မ ၁၉ ပုဒ်မခွဲ(က)အရ ဝင်ငွေကင်းလွတ် ခွင့်ပြုရသည့် လစာဝင်ငွေဆိုင်ရာ သက်သေခံ အထောက်အထားထုတ်ပေးရမည်ဖြစ်ကြောင်း၊ ဝင်ငွေကို ကင်းလွတ်ခွင့်ရသည့် လစာဝင်ငွေဆိုင်ရာ သက်သေခံအထောက်အထားပုံစံ ပတခ(ဝင)၁၆(က)ရရှိလျှောက်ထားခြင်းနှင့် ပတ်သက်ပြီး မေးမြန်းလိုသည်မှာ ပုံစံ ပတခ (ဝင)၁၆(က) ဇယားကွက်တွင်ပါသည့် ရာထူး၊ အလုပ်အကိုင်၊ တစ်နေ့တွက်လစာလုပ်ခ၊ အခမဲ့၊ နေအိမ်အတွက်တန်ဖိုး၊ အခြားထုတ်ပေးငွေ၊ အိုနာစာရန်ပုံငွေ၊ အသက်အာမခံ ပရီမီယံပေးငွေ၊ နည်းဥပဒေအများနှင့် ပြဋ္ဌာန်းထားသည့် စုဆောင်းငွေ၊ အိမ်ထောင်ဖက်၏ ဝင်ငွေနှင့် သားသမီးဦးရေတို့နှင့် ပတ်သက်သည့် အထောက်အထား ပြေစာအချက်အလက် များ ပူးတွဲတင်ပြရန်လိုအပ်ခြင်းရှိ/မရှိ၊ အဆိုပါသက်သေခံအထောက်အထားအတွက် မည် သည့်လစာ ဝင်ငွေရဘဏ္ဍာရေးနှစ်မှ စတင်လျှောက်ထားခွင့်ရှိကြောင်း မည်သည့်လုပ်ငန်း၊ ဌာန၊ အဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်သူများက တောင်းခံရယူပိုင်ခွင့်ရှိကြောင်း သက်သေခံအထောက်အထား လျှောက်ထားရာတွင် မိမိနေထိုင်ရာအရပ်ဒေသရှိ အခွန်ဦးစီး ဌာနတွင်သာမက အခြားနေရာဒေသများရှိ အခွန်ဦးစီးဌာနတွင် လျှောက်ထားတောင်းခံ နိုင်ခြင်း ရှိ/မရှိ၊ ရရှိလာသည့် သက်သေခံ အထောက်အထားအရ လစာဝင်ငွေများမှ တရားဝင် စုဆောင်းရရှိနိုင်မည့်ဝင်ငွေနှင့် ကာလမည်မျှထိ စုဆောင်းနိုင်ခွင့်ရှိကြောင်းနှင့် လစာဝင်ငွေ ရရှိသူများမဟုတ်ဘဲ သာမန်ဝင်ငွေရရှိသူ နိုင်ငံသားများနှင့် ပတ်သက်ပြီး မည်သည့် အထောက် အထားပုံစံများထုတ်ပေးရန် ဆောင်ရွက်ထားမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေ များကို ၂၀၁၄ ခုနှစ် ကစတင်၍ နှစ်စဉ်ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ၂၀၁၇ ခုနှစ်မှ ၂၀၁၈-၂၀၁၉ ခုနှစ်အထိ ပြဋ္ဌာန်းသည့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပုဒ်မ ၁၉ ပုဒ်မခွဲ (က)တွင်  လစာမှနှစ်တစ်နှစ်အတွင်း ဝင်ငွေ ကျပ် ၄၈ သိန်းအထိ ရရှိသူဖြစ်လျှင် မည်သူ့ကိုမျှ ဝင်ငွေခွန်စည်းကြပ်ခြင်းမပြုရ။ ထိုသို့စည်းကြပ်ခြင်း မပြုသဖြင့် ကင်းလွတ်ခွင့်ရသည့် လစာ ဝင်ငွေဆိုင်ရာသက်သေခံအထောက်အထားကို တောင်းခံလာပါက သတ်မှတ် ချက်များနှင့် အညီ ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပေးရမည်ဟု ဖော်ပြပါရှိပါကြောင်း၊ ဝင်ငွေခွန် ဥပဒေ ပုဒ်မ ၅၁ ၏ပုဒ်မခွဲ(ဂ)တွင် ပြည်တွင်းအခွန်များဦးစီးဌာနသည် စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ညွှန်ကြားချက်နှင့်  လုပ်ထုံး လုပ်နည်းများကို ထုတ်ပြန်နိုင်သည်ဟု ဖော်ပြထားပါကြောင်း၊ အဆိုပါပြဋ္ဌာန်းချက်နှင့်အညီ သက်သေခံ အထောက်အထားအဖြစ် ထုတ်ပေးသည့်နေရာတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံး လုပ်နည်းများကို ပြည်တွင်းအခွန်များဦးစီးဌာနက သီးခြားရေးဆွဲပြီး ထုတ်ပြန်ပေးထား ပါကြောင်း၊ ဝင်ငွေခွန်ကင်းလွတ်ခွင့်ရသည့် လစာဝင်ငွေဆိုင်ရာ သက်သေခံအထောက် အထား ထုတ်ပေးနိုင်ဖို့အတွက် လိုအပ်ချက်တစ်ရပ်ကတော့ ပြည်တွင်းအခွန်များ ဦးစီး ဌာနက သတ်မှတ်ထားသည့် လစာဝင်ငွေခွန်းစည်းကြပ်ထိုက်သည့် ဝင်ငွေမရရှိသူများ၏ လစာနှစ်ချုပ်စာရင်းပုံစံ ပတခ(ဝင)- ၁၆(က)ကို ပေးပို့ရမည်ဖြစ်ပါကြောင်း၊

မေးခွန်းတွင် အကြောင်းအရာ စုစုပေါင်း ခြောက်ခုရှိပါကြောင်း၊ ပထမမေးခွန်းဖြစ်သည့် အထောက်အထား၊ ပြေစာ၊ အချက်အလက်များအား ပူးတွဲ တင်ပြရန်လိုအပ်ခြင်းရှိ/မရှိ နှင့် ပတ်သက်ပြီး ပတခ(ဝင)-၁၆(က)ဇယားတွင် ပါရှိသည့် ရာထူး၊ အလုပ်အကိုင်၊ တစ်နှစ် အတွက် လစာ သို့မဟုတ် လုပ်ခ၊ အခြားထုတ်ပေးငွေများ၊ အိုနာစာရန်ပုံငွေသို့ ထည့်ဝင်ငွေ၊ အသက်အာမခံ ပရီမီယံပေးငွေ၊ နည်းဥပဒေများဖြင့်ပြဋ္ဌာန်းထားသည့် စုဆောင်းငွေ၊ အိမ်ထောင်ဖက်တွင် ထိုနှစ်အတွင်း ဝင်ငွေခွန်စည်းကြပ်ထိုက်သည့် ဝင်ငွေရှိ/မရှိ၊ သားသမီး ဦးရေ စသည့် အချက်များကို အလုပ်ရှင် သို့မဟုတ် ငွေထုတ်ပေးရန် တာဝန်ရှိသူက ဖြည့်စွက် ပြီး ပြည်တွင်းအခွန်များဦးစီးဌာနကို ပေးပို့ရခြင်းဖြစ်ပါကြောင်း၊ လစာနှစ်ချုပ် စာရင်းပုံစံ ပတခ(ဝင)-၁၆(က)ကို အလုပ်ရှင် ဒါမှမဟုတ် ငွေထုတ်ပေးရန် တာဝန်ရှိသူက တင်ပြ တောင်းခံရာတွင် အထောက်အထားအချက်အလက်များနှင့်စပ်လျဉ်းပြီး မှန်ကန်မှု အတွက်ကို ဝန်ထမ်းများထံမှ ခံဝန်ချက်အသီးသီး ရရှိပြီးဖြစ်ကြောင်း လက်မှတ်ရေးထိုး တာဝန်ခံပြီး ပေးပို့ရခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ဇယားကွက်တွင်ပါရှိသော အထောက်အထားအချက် အလက်များကို မြို့နယ်အခွန်ဦးစီး ဌာနမှူးရုံးများကိုပူးတွဲပြီး တင်ပြရန်မလိုအပ်ပါကြောင်း၊

ဒုတိယမေးခွန်း ဖြစ်သည့် မည်သည့်လစာဝင်ငွေရ ဘဏ္ဍာရေးနှစ်မှစတင်လျှောက်ထား ခွင့်ရှိကြောင်းနှင့် ပတ်သက်၍ အဆိုပါသက်သေခံ လက်မှတ်ကို ၁-၄-၂၀၁၇ ရက်နေ့မှ စတင် လျှောက်ထားခွင့်ရှိပြီး နှစ်စဉ်ဝင်ငွေနှစ်ကုန်ဆုံးပြီး သုံးလအတွင်း ပုံစံ ပတခ(ဝင)-၁၆(က)ကို အချိန်မီတင်သွင်းတောင်းခံ ရမည်ဖြစ်ပါကြောင်း၊

 တတိယမေးခွန်းဖြစ်သည့် မည်သည့် လုပ်ငန်း၊ ဌာန၊ အဖွဲ့အစည်းများတွင် တာဝန် ထမ်းဆောင်သူများသာ တောင်းခံရယူခွင့်ရှိကြောင်းနှင့် ပတ်သက်ပြီး သက်သေခံ လက်မှတ် ကို မည်သည့်လုပ်ငန်း၊ ဌာန၊ အဖွဲ့အစည်းများမှာမဆို တာဝန်ထမ်းဆောင်ပြီး လုပ်ခလစာ ရရှိသူများအတွက် တောင်းခံနိုင်မှာဖြစ်ပါကြောင်းနှင့် သက်ဆိုင်ရာလုပ်ငန်း၊ ဌာန၊ အဖွဲ့ အစည်းများမှ ပိုင်ရှင် သို့မဟုတ် ငွေထုတ်ပေးရန်တာဝန်ရှိသူတို့ကသာ နှစ်ချုပ် စာရင်း စုစည်း ရေးဆွဲ၍ တောင်းခံရမှာဖြစ်ပြီး ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းဖြစ်ပါက အခွန် စည်းကြပ်မှုခံယူ နေသည့် လုပ်ငန်းဖြစ်ရန် လိုအပ်ပါကြောင်း၊

စတုတ္ထမေးခွန်းဖြစ်သော သက်သေခံအထောက်အထားလျှောက်ထားရာတွင် မိမိနေထိုင်ရာ ဒေသရှိ အခွန်ဦးစီးဌာနတွင်သာမက အခြားနေရာဒေသရှိ အခွန်ဦးစီးဌာနများတွင်လည်း လျှောက်ထားတောင်းခံနိုင်ခြင်းရှိ/မရှိနှင့် ပတ်သက်၍ အစိုးရဌာန၊ တပ်ဖွဲ့၊ အဖွဲ့အစည်း ဖြစ်ပါက ၎င်းဌာန၊ တပ်ဖွဲ့၊ အဖွဲ့အစည်းတည်ရှိရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းဖြစ်ပါက ၎င်းလုပ်ငန်း အခွန်စည်းကြပ်မှုခံယူနေသည့် မြို့နယ်အခွန်ဦးစီး ဌာနမှူးရုံး၊ ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီတည်ရှိရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတို့တွင်သာ တောင်းခံရမှာဖြစ်ပါကြောင်းနှင့် တစ်နှစ်အတွင်း တစ်ကြိမ်သာ တောင်းခံနိုင်ပါကြောင်း၊

 ပဉ္စမမေးခွန်းဖြစ်သည့် ရရှိထားသည့့် သက်သေခံအထောက်အထားအရ လစာဝင်ငွေများမှ တရားဝင်စုဆောင်းရရှိနိုင်မည့် ဝင်ငွေနှင့် ကာလမည်မျှအထိ စုဆောင်းနိုင်ခွင့်ရှိကြောင်းနှင့် ပတ်သက်၍ စုဆောင်းရရှိခဲ့သည့် ဝင်ငွေများကို ကာလကန့်သတ်ချက်မရှိဘဲ စုဆောင်းထား နိုင်ပါကြောင်းနှင့် သက်သေခံအထောက်အထားအရ လစာဝင်ငွေများမှ တရားဝင်စုဆောင်း နိုင်သည့် ဝင်ငွေကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြုပေးလျက်ရှိပါကြောင်း၊

ဆဋ္ဌမမေးခွန်းဖြစ်သည့် လစာဝင်ငွေရရှိသူများ မဟုတ်သည့် သာမန်ဝင်ငွေရရှိသူနိုင်ငံသားနှင့် ပတ်သက်ပြီး မည်သည့်အထောက်အထားပုံစံများပေးရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း နှင့် ပတ်သက်၍ အခွန်စည်းကြပ်ထိုက်သည့် ဝင်ငွေရှိပြီး အခွန်စည်းကြပ်မှု ခံယူနေသည့် နိုင်ငံသားများနှင့် လစာ ဝင်ငွေရရှိသူများအား စည်းကြပ်မှုအလိုက်ကို အထောက်အထား ပုံစံများ ထုတ်ပေးလျက် ရှိပါကြောင်း၊ သို့ပါသော်လည်း လစာဝင်ငွေရရှိသူ များမဟုတ်သည့် သာမန်ဝင်ငွေရနေသည့် နိုင်ငံသားများအနေဖြင့် ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန် သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများနှင့်အညီ ဝင်ငွေကြေညာလွှာ တင်သွင်းလာမည် ဆိုပါက ဥပဒေနှင့်အညီ အခွန်စည်းကြပ်မှုကိုဆောင်ရွက်ပြီး အထောက်အထားပုံစံများကို ထုတ်ပေးနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

 

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း