Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၁)ရက်မြောက်နေ့

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

(၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်)

၁။      ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၁)ရက်မြောက်နေ့ကို ၂၀၁၉  ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် စတင်ကျင်းပပြီး တက်ရောက် ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၄၃၃)ဦး အနက် (၃၉၃)ဦး တက်ရောက်သည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-

          (က)    ကြယ်ပွင့်ပြမေးခွန်း (၇)ခု မေးမြန်းဖြေကြားခြင်း

                    (၁)   ဦးမင်းကြည်၊ သံတွဲ မဲဆန္ဒနယ်က မေးမြန်းသော သံတွဲမြို့နယ်အတွင်း တည်ဆောက် ရေးလုပ်ငန်းများအား စံချိန်စံညွှန်းနှင့် အရည်အသွေးပြည့်မီရန် အတွက် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများအပေါ် မည်ကဲ့သို့ အထူးကြပ်မတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက စာချုပ်ချုပ် ဆိုရာ တွင် ပြည်ထောင်စုရှေ့နေ ချုပ်ရုံးမှ အတည်ပြုထားသော စာချုပ်ပုံစံဖြင့် ချုပ်ဆို ဆောင်ရွက်ပါကြောင်း၊ စာချုပ်ပါအတိုင်းဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာ ကုမ္ပဏီ၏ တာဝန်ခံကြီးကြပ် အင်ဂျင်နီယာများအား အရေးယူခြင်း၊ PG လုပ်ငန်း အာမခံငွေ သိမ်းယူခြင်း၊ Blacklist စာရင်းသွင်းခြင်းများ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ အရည်အသွေး စစ်ဆေးရေးအဖွဲ့ Third Party  များမှ ခန့်မှန်းခြေစာရင်းပါ လုပ်ငန်းနှင့်အတိုင်းအတာ အရေအတွက် မှန်ကန်မှု၊ တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ အဆင့်မီမှု၊ သတ်မှတ်ချိန်အတွင်း ပြီးစီးမှု ရှိ၊ မရှိ စစ်ဆေးခြင်းများကို နေ့စဉ်စစ်ဆေး ဆောင်ရွက်လျက်ရှိပါ ကြောင်းနှင့် တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ အနေဖြင့် ကွင်းဆင်း စစ်ဆေး၍ လုပ်ငန်းအရည်အသွေး ပြည့်မီရန်၊ အချိန်မီပြီးစီး စေရန် ကုမ္ပဏီ တစ်ခုချင်းအလိုက် ညွှန်ကြားခြင်း၊ သတိပေးခြင်း၊ ကတိကဝတ် ရယူခြင်းတို့ကို ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    (၂)    ဦးဝင်းဝင်း၊ မင်းဘူး မဲဆန္ဒနယ်က မေးမြန်းသော မင်းဘူး(စကု)မြို့နယ်တွင် ဖျက်ပုံထားသော တံတားဟောင်းမှ ပစ္စည်းများလေလွင့်ဆုံးရှုံးမှုမရှိစေရေး အတွက် မင်းဘူး (စကု)မြို့နယ်အတွင်း အမှန်တကယ် လိုအပ်နေသော နေရာ များတွင် တံတားငယ်များ တည်ဆောက်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ် လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဘေလီ တံတား၏ ဆက်စပ်ပစ္စည်းများမှာ တံတားတည်ဆောက်ရန် ပြည့်စုံမှုမရှိပါ သဖြင့် အခြားလိုအပ်သည့်နေရာများတွင် လွှဲပြောင်းအသုံးပြုသွားမည်ဖြစ် ကြောင်းနှင့် မင်းဘူး(စကု)မြို့နယ်အတွင်း တံတားများအတွက် လိုအပ်ပါက ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    (‌၃)   ဦးကျော်ဌေး၊ လေရှီး မဲဆန္ဒနယ်က မေးမြန်းသော ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဦးစီး၊ ပြည်ထောင်စု၏ ငွေလုံးငွေရင်းခွင့်ပြုငွေ ခွဲဝေရာတွင် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း အဘယ်ကြောင့် နည်းနေရသနည်းနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှစ၍ တိုးမြှင့်ပေးရန် ရှိ၊ မရှိ သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေနှင့် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေတို့တွင် လျာထားဆောင်ရွက်လျက်ရှိ ပါကြောင်း နှင့် ဘဏ္ဍာနှစ်များ အလိုက် ရန်ပုံငွေတိုးမြှင့်လျာထား ဆောင်ရွက်လျက် ရှိပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

                      (၄)   ဒေါ်နန်းခမ်းအေး၊ နမ္မတူ မဲဆန္ဒနယ်က မေးမြန်းသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုအဖွဲ့ထံမှ (T&C Group Co;Ltd) လုပ်ပိုင်ခွင့်ရ မြေဧရိယာ၊ ခွင့်ပြုမိန့်၊ အမိန့်စာအမှတ်နှင့် ရက်စွဲ လွဲမှားဖြေကြားခြင်းအပေါ် မည်သို့ တာဝန်ယူဆောင်ရွက်မည်နှင့် လုပ်ပိုင်ခွင့်ချမှတ်ထားသော မြေပုံ အချို့ကို မြေပြင်၌ မည်သည့်အချိန်တွင် ကွင်းဆင်းစစ်ဆေးမည်တို့ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ဥပဒေနှင့် အညီ စိုက်ပျိုး လုပ်ကိုင်ဆောင်ရွက်ခြင်း ရှိ၊ မရှိနှင့် မရှိပါက ခွင့်ပြုမိန့် ရုပ်သိမ်းနိုင်ရေးအတွက် ဒေသအလိုက် အထူးအဖွဲ့များ ဖွဲ့စည်း၍ ကွင်းဆင်း ဆောင်ရွက်စေခဲ့သည့်အတွက် မြေပြင်နှင့်ကိုက်ညီသည့်စာရင်းကို တင်ပြခဲ့ပါ သဖြင့် ကွဲလွဲရခြင်းဖြစ်ကြောင်းနှင့် T&C ကုမ္ပဏီ၏ လုပ်ပိုင်ခွင့်ရ မြေဧရိယာများ အတွင်း တောင်သူများ လိုက်လံပြသ နိုင်သောမြေနေရာများကို ကွင်းဆင်းတိုင်း တာပြီး ရရှိသည့်စာရင်းအရ ရှမ်းပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ညှိနှိုင်းစိစစ် ဖြေရှင်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

                    (၅)   ဦးစောဗစ်တာခလိုက်၊ သံတောင်ကြီး မဲဆန္ဒနယ်က မေးမြန်းသော သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် လုံ လောက်သော ဝန်ထမ်း အင်အား ဖြည့်ဆည်းခန့်ထားပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဝန်ထမ်းသစ်ခန့်ထားရန် ခွင့်ပြုချက်ရရှိချိန်တွင် ဝန်ထမ်းအင်အားနည်းပါးသည့်ဒေသများ၌ လုပ်ငန်း လိုအပ်ချက်နှင့် အင်အားလိုအပ်မှုအပေါ် မူတည်၍ သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ဒေသခံများကို ဦးစားပေးခန့်ထားနိုင်ရေး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                   (၆)   ဦးဘရှိန်၊ ကျောက်ဖြူ မဲဆန္ဒနယ်က မေးမြန်းသော ကျောက်ဖြူမြို့နယ်၊ ပင်လယ် နား ကျေးရွာရှိ ကွင်းအမှတ် (၆၆၀) ကြွင်းချိန် အနောက်၊ ဦးပိုင်အမှတ် (၂၇၃) ရှိ ၁.၉၀ ဧက မြေပေါ်တွင် တိရစ္ဆာန် အစားအစာထုတ်လုပ်ရန် စက်ရုံတစ်ခု တည် ဆောက်နေသည်ကို တွေ့ရှိရာ အဆိုပါ စက်ရုံနှင့်စပ်လျဉ်း၍ သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇) ထုတ်ပေးထားသည့် အဆိုပါ လယ်မြေပေါ်တွင် ငါးအမှုန့်ကြိတ်စက်ရုံနှင့် ရေခဲ စက်ရုံ တည်ဆောက်ရန် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၁၃/၂၀၁၈) ကြိမ် မြောက် အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် အခြားနည်းအသုံးပြုမှု ခွင့်ပြုမိန့်ပေး ထားပြီးဖြစ်ပါကြောင်းနှင့် အဆောက်အဦ ဆောက်လုပ်အသုံးပြုထားမှုအပေါ် မြေငှားဂရန်လျှောက်ထားခဲ့၍ ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနက အမှုတွဲဖွင့်လှစ်ပြီး လုပ်ထုံး လုပ်နည်းနှင့်အညီ စိစစ်ဆောင်ရွက်လျက် ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                   (၇)   ဦးသောင်းအေး၊ ပျော်ဘွယ် မဲဆန္ဒနယ်က မေးမြန်းသော ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ၂၂-၅-၂၀၁၇ ရက်နေ့တွင် မေးမြန်းခဲ့သည့် မေးခွန်း၏ဆက်စပ် မေးမြန်းချက်အား ပြန်လည်စိစစ်ပေးပါမည်ဟု ကတိပေးခဲ့ သော်လည်း ယနေ့အထိ တိုးတက်မှုမရှိ၍ မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု ရန်ပုံငွေတွင် ဂျင်းလမ်း (၄)လမ်းနှင့် Box Culvert (၂)စင်းနှင့်မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေတွင် ကတ္တရာလမ်းနှင့် ကျောက်ချောလမ်းတို့ကို ထည့်သွင်းလျာထား အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

          ( ခ )   ဥပဒေကြမ်း (၁)ခု နှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း      

                               အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်မရှိ အတည်ပြု၍ပေးပို့လာသော စကား ရပ် ပြောင်းလဲသတ်မှတ်သည့် ဉပဒေကြမ်းကို ပြင်ဆင်ချက်ဖြင့် သဘောတူ ကြောင်း နှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဉပဒေ ၂၀၀ အရ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

           ( ဂ )   အဆို(၁)ခု ဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

ဦးစိန်ဝင်း၊ မအူပင် မဲဆန္ဒနယ်က တင်သွင်းသည့် လယ်ယာသားငါးထုတ်ကုန်များ သင့်တင့်သော ဈေးနှုန်း၊ စဉ်ဆက်မပြတ် ဈေးကွက်များတည်ရှိစေရန် မြို့နယ်အလိုက် “တောင်သူလယ်သမားဈေးကွက်စနစ်” (Farmer Market System) ထူထောင်၍ ပိုမိုဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် (၄)ဦးက ဆွေးနွေးပြီး အဆိုအား လွှတ်တော်က မှတ်တမ်း တင်ကြောင်း ဆုံးဖြတ်ခဲ့သည်။

၃။      ပြည်သူ့လွှတ်တော် အစည်းအဝေးကို နေ့လယ် ၁၂ နာရီ ၃၀ မိနစ်တွင် ရပ်နားပြီး ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၂)ရက်မြောက်နေ့ ကျင်းပ မည့်ရက်ကို ၁၈-၉-၂၀၁၉ ရက် (ဗုဒ္ဓဟူးနေ့) ‌ နံနက် ၁၀ နာရီတွင် လျာထားပါသည်။